သွေးဓာတ်မတည့်မှု ပြဿနာ ဂရုပြုပါ
hellosayarwon.com
|
2019-12-09


ထိခိုက်ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားလို့ဖြစ်စေ၊ ရောဂါကြောင့်သွေးနီဥပမာဏနည်းနေရင်ဖြစ်စေ လျော့နည်းသွားတဲ့ သွေးပမာဏကို ပြန်ဖြည့်ဆည်းဖို့အတွက် သွေးသွင်းဖို့လိုအပ်နိုင်ပါတယ်။ တကယ်အရေးကြီးတဲ့အချိန်မှာ သွေးသွင်းကုသမှုက လူ့အသက်တစ်ချောင်းကို ကယ်တင်ပေးနိုင်တာလူတိုင်းသိပြီးဖြစ်မှာပါ။ ဒါပေမဲ့ ကုသမှုတိုင်းအားလုံးလိုပဲ သွေးသွင်းကုသမှုမှာလည်း ဘေးထွက်ဆိုးကျိုးတချို့နဲ့ သတိပြုစရာလေးတွေ ရှိနေတာမို့ Hello Sayarwon စာဖတ်ပရိသတ်တွေအတွက် ဗဟုသုတအဖြစ်ဖော်ပြပေးလိုက်ရပါတယ်။ သွေးသွင်းတော့မယ်ဆို အရေးကြီးဆုံးက သွေးသွင်းခံမယ့် လူနာရဲ့သွေးနဲ့ သွင်းမယ့်သွေး အမျိုးအစား ထပ်တူကျရပါမယ်။ သွေးအမျိုးအစား ၂ ခုမတူညီခဲ့ရင် လူနာဟာ သွေးဓာတ်မတည့်တဲ့ ပြဿနာတွေခံစားရနိုင်လို့ပဲ ဖြစ်ပါတယ်။ ဘယ်အချိန်မှာသွေးသွင်းဖို့လိုအပ်မလဲ အပေါ်မှာပြောခဲ့သလိုပဲ လူနာကသွေးအများကြီးဆုံးရှုံးသွားတဲ့အချိန်နဲ့ အောက်ခံရောဂါတစ်ခုခုကြောင့် ခန္ဓာကိုယ်က သွေးနီဥလုံလုံလောက်လောက်မထုတ်နိုင်တဲ့အခြေအနေမျိုးမှာ သွေးသွင်းရနိုင်ပါတယ်။ များသောအားဖြင့် -           ရောဂါတစ်ခုခုဖြစ်တဲ့အခါ -           ခွဲစိတ်ကုသမှုခံယူဖို့ လိုအပ်တဲ့အခါ -           ကင်ဆာရောဂါ ခံစားနေရတဲ့အခါ -           ရောဂါပိုးဝင်သွားတဲ့အခါ -           မီးလောင်ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိသွားတဲ့အခါ -           ထိခိုက်ဒဏ်ရာဆိုးဆိုးဝါးဝါးရရှိပြီး သွေးဆုံးရှုံးမှုများတဲ့အခါတွေမှာ သွေးသွင်းရတတ်ပါတယ်။ သွေးမသွင်းခင်မှာ လူနာရဲ့သွေးနမူနာအနည်းငယ်ထုတ်ပြီး သွေးအမျိုးအစားသိအောင် typing နဲ့ crossmatching လုပ်ပါတယ်။ Typing ဆိုတာက လူနာရဲ့သွေးအုပ်စုအမျိုးအစားကိုစစ်ဆေးတာဖြစ်ပြီး crossmatching ဆိုတာကတော့ သွင်းမယ့်သွေးနဲ့ လူနာရဲ့သွေးအမျိုးအစား ၂ ခု ကိုနှိုင်းယှဉ်ပြီးသွေးသွင်းလို့ရနိုင် မရနိုင်ဆုံးဖြတ်တာပဲဖြစ်ပါတယ်။ သွေးအမျိုးအစား ဘယ်နှမျိုးရှိသလဲ A, B, O, AB ဆိုပြီး သွေးအုပ်စု ၄ မျိုးရှိပြီး တစ်မျိုးချင်းစီမှာ အပေါင်းသွေး၊ အနုတ်သွေးဆိုပြီး ၂ မျိုးစီထပ်ခွဲခြားနိုင်ပါတယ် (ဥပမာ A အပေါင်းသွေး၊ A အနုတ်သွေး) ဒါ့ကြောင့်  စုစုပေါင်း အုပ်စု ၈ စုရှိတယ်လို့ မှတ်ယူနိုင်ပါတယ်။ သွေးသွင်းတဲ့အခါ သွေးအုပ်စုတူညီဖို့ ဘာလို့အရေးကြီးတာလဲ ဘယ်သူမဆို ကိုယ့်သွေးအုပ်စုအမျိုးအစားတော့ သေချာသိထားသင့်ပါတယ်။ ဘာလို့လဲဆိုရင် သွေးနီဥတွေထဲမှာ သွေးအုပ်စုကိုမှတ်သားထားတဲ့ antigens ဒါမှမဟုတ် protein matters တွေပါဝင်နေပါတယ်။ အကယ်၍ ကိုယ့်သွေးအုပ်စုနဲ့မတူတဲ့ တခြားသွေးကိုသွင်းလိုက်မိရင် ကိုယ်တွင်းက ခုခံအားစနစ်က အသစ်ဝင်လာတဲ့သွေးနီဥတွေကို တိုက်ခိုက်ပြီးဖျက်ဆီးပါတော့တယ်။ ဒီအခါ သွေးဓာတ်မတည့်တဲ့ပြဿနာတွေဖြစ်လာပါတယ်။ သွေးဓာတ်မတည့်တဲ့အခါ ဘယ်လိုလက္ခဏာတွေပြမလဲ သွေးသွင်းပြီးပြီးချင်း ဒါမှမဟုတ် သွေးသွင်းနေတဲ့အချိန်မှာတင် သွေးဓာတ်မတည့်တဲ့လက္ခဏာတွေ ပြတတ်ပါတယ်။ ဒါ့ကြောင့်လည်း ဆေးရုံမှာသွေးသွင်းမှုခံယူနေတဲ့လူနာတွေကို ဆရာဝန်၊ သူနာပြုတွေက သေချာစောင့်ကြည့်ပေးရတာဖြစ်ပါတယ်။ သွေးသွင်းမယ့် လူနာရဲ့ သွေးမသွင်းခင်နဲ့ သွေးသွင်းပြီး အခြေအနေကို မှန်မှန်စစ်ဆေးလေ့ရှိပါတယ်။ သွေးဓာတ်မတည့်တဲ့အခါ ပြတတ်တဲ့လက္ခဏာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် -           ချမ်းတုန်လာမယ် -           မူးဝေပြီး ခေါင်းထဲမိုက်ခနဲဖြစ်မယ် -           အဖျားတက်လာမယ် -           နောက်ကျောတွေနာလာမယ် -           ဆီးအရောင်ရင့်ရင့်တွေသွားမယ် -           ဗိုက်ထဲမအီမသာဖြစ်လာမယ် -           အရေပြားတွေနီမြန်းလာမယ် တချို့လူနာတွေကျပြန်တော့လည်း သွေးသွင်းပြီးရက်အနည်းငယ်ကြာမှ အပေါ်ကလက္ခဏာတွေပြတတ်ပါတယ်။ ဒါ့ကြောင့် သွေးသွင်းမှုခံယူပြီးပြီဆို ကိုယ့်ခန္ဓာကိုယ်က ထူးခြားတဲ့လက္ခဏာတွေကို သေချာဂရုစိုက်စောင့်ကြည့်ပါ။ သွေးဓာတ်မတည့်တာဖြစ်ရင်စိုးရိမ်ရလား စိုးရိမ်ရပါတယ်။ ဘာလို့လဲဆိုရင် အပေါ်မှာပြောခဲ့သလိုပဲ ကျွန်တော်တို့ခန္ဓာကိုယ်ထဲကို အပြင်က အရာတစ်ခုခုဝင်လာရင် ခုခံအားစနစ်ကသိပါတယ်။ အလားတူပဲ သွင်းလိုက်တဲ့သွေးနဲ့ လက်ခံတဲ့လူနာရဲ့သွေးအုပ်စုမတူရင်လည်း ဝင်လာတဲ့သွေးနီဥတွေကို ခုခံအားစနစ်က ပြန်တိုက်ထုတ်ပါတယ် (ဒါကို hemolytic reaction လို့ခေါ်ပါတယ်) ထူးထူးခြားခြားဖြစ်တတ်တဲ့ အခြေအနေတွေလည်းရှိပါတယ်။ သွင်းလိုက်တဲ့သွေးထဲမှာ အဆုတ်ကဆဲလ်တွေကိုတိုက်ထုတ်မယ့် ပဋိပစ္စည်းတွေပါနေရင် သွေးလက်ခံသူရဲ့အဆုတ်ထဲမှာအရည်တွေပြည့်လာပြီးအသက်ရှုရခက်ခဲတဲ့ ဝေဒနာခံစားရတတ်ပါတယ်။ ဒါကို TRALI (Transfusion related acute lung injury) လို့ခေါ်ပါတယ်။ လူနာကိုသွင်းရမယ့်သွေးက သွေးလှူဘဏ်မှာ စနစ်တကျသိမ်းဆည်းထားရှိတဲ့သွေးဖြစ်ဖို့လည်းလိုပါသေးတယ်။ သတ်မှတ်ထားတဲ့အပူချိန်၊ ပတ်ဝန်းကျင်မှာ မသိမ်းဆည်းခဲ့ရင် သွေးထဲမှာဘတ်တီးရီးယားတွေပေါက်ပွားလာမှာဖြစ်ပြီး ဒီလိုသွေးကိုလက်ခံသွင်းမိရင် လူနာအတွက်အသက်အန္တရာယ်ရှိပါတယ်။ ဒါ့ကြောင့် နိဂုံးချုပ်ပြန်ပြောရရင် သွေးနဲ့လူအသက်ကယ်တင်နိုင်တာမှန်ပေမဲ့ သွေးသွင်းတဲ့အခါ ခံစားရနိုင်တဲ့ဘေးဥပဒ်တွေကိုလည်း မေ့ထားလို့မရပါဘူး။ သွေးဓာတ်မတည့်မှုကလည်း လူတစ်ယောက်နဲ့တစ်ယောက်အပေါ်မူတည်ပြီး ပြင်းထန်မှုမတူတာကြောင့် သွေးသွင်းရင်ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို စာဖတ်သူတို့အတွက် ဖော်ပြပေးလိုက်ရပါတယ်။ ရေးသားသူ - Dr.Htoo Tint

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။




Some text some message..