ကိုယ်ဝန်ဆောင်စဉ် ကလေးပျက်ကျစေမယ့်အစားအသောက်များ
မိခင်ဘဝဆိုတဲ့ တန်ဖိုးကြီးမားတဲ့ ခရီးတစ်ခုကိုအမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်ခြင်းနဲ့ပဲ စတင်ရပါတယ်။ ဒီလိုကိုယ်ဝန်ဆောင်ထားစဉ်မှာ ဗိုက်ထဲက ကလေးရော မိခင်ကိုယ်တိုင်ပါ ကျန်းမာဖို့အစားအသောက်တွေကိုအဟာရမျှပြီး ကျန်းမာရေးနဲ့ ညီညွတ်စွာ စားတတ်ဖို့လိုပါတယ်။
“အသွားမတော်တလှမ်း၊အစားမတော်တလုပ် ” ဆိုတာ ကိုယ်ဝန်ဆောင် မိခင်တွေအတွက်များ ရည်ညွှန်းခဲ့တာများလားလို့ ဆိုရအောင် တစ်ကယ်မှန်ပါတယ်။
ကိုယ်ဝန်ဆောင်စဉ်မှာအသွားအလာအနေအထိုင် မဆင်ခြင်လို့ ကလေးပျက်ကျရတာဖြစ်တတ်သလို၊ မသိလိုက်ပဲနဲ့ စိတ်ဆန္ဒအရ စားသောက်လိုက်တဲ့အစားတလုပ်ကလည်း ကိုယ်ဝန်ပျက်ကျရတဲ့ထိ ဖြစ်တတ်ပါတယ်။
အထူးသဖြင့် ကိုယ်ဝန်ရှိကာစ ပထမ ၃ လကအလွန်အရေးကြီးပြီးအစားမှားတာနဲ့တင်ပဲ ကိုယ်ဝန်ပျက်ကျတတ်ပါတယ်။ ကိုယ်ဝန်ပျက်ကျသူအများစုဟာအဲဒီအပိုင်းအခြားမှာအဖြစ်များပါတယ်။ ဒါကြောင့်မို့ ကိုယ်ဝန်ဆောင် မိခင်တွေအနေနဲ့ ရှောင်ကျဉ်ရမယ့်အစားအစာတွေနဲ့ သတိထားရမယ့်အချက်တွေကို ဖော်ပြပေးလိုက်ရပါတယ်။
၁။ နာနတ်သီး
နာနတ်သီးမှာပါဝင်တဲ့ ဘရိုမီးလီယန်းအင်ဇိုင်းရဲ့အာနိသင်ဟာ ကျုံ့ဖို့အစပျိုးလုပ်ဆောင်နေတဲ့ သားအိမ်ခေါင်းကို ပျော့ပြောင်းသွားစေနိုင်ပါတယ်။ ဒီအချက်ကြောင့် သားအိမ်ခေါင်း တောင့်မထားနိုင်ပဲ ကိုယ်ဝန်ပျက်ကျတတ်ပါတယ်။ ဒါကြောင့်မို့ ကိုယ်ဝန်ဆောင်ကာစအစပိုင်းအချိန်တွေမှာ နာနတ်သီးစားတာ၊ နာနတ်ဖျော်ရည် သောက်တာတွေကို ရှောင်ကျဉ်ပါ။
၂။ ကဏန်း(ဂဏန်း)
ကဏန်းဟာ ကယ်လ်စီယံတွေများစွာပါဝင်တဲ့အပြင် ကိုလက်စထရော ပါဝင်မှုလည်း မြင့်မားပါတယ်။ ဒါတွေကြောင့် သားအိမ်ကျုံ့မှုကို ဖြစ်စေပြီး ညှစ်မိသလိုဖြစ်ကာအတွင်းကနေ သွေးယိုတာမျိုး ဖြစ်ရာကနေတစ်ဆင့် ကိုယ်ဝန်ပျက်ကျတတ်ပါတယ်။ ဒါကြောင့်မို့အရမ်းကိုအရသာရှိတဲ့ ကဏန်းဟင်း၊ ကဏန်းသား စားတာတွေကို ကိုယ်ဝန်ဆောင်စဉ် တစ်လျှောက်လုံးမှာ ရှောင်ကျဉ်ပါ။
၃။ နှမ်းစေ့
လဖက်သုတ်ကြိုက်တတ်တဲ့ မြန်မာအမျိုးသမီး ကိုယ်ဝန်ဆောင်တွေအတွက်အထူးအရေးကြီးပါတယ်။ ကိုယ်ဝန်ဆောင်စဉ်အစပိုင်းကာလတွေ (ကိုယ်ဝန်နုစဉ်)မှာ နှမ်းစေ့ကို လုံးဝ ရှောင်ကျဉ်ပါ။ နှမ်းစေ့ကို ပျားရည်နဲ့ ရောသောက်ရင်တောင် ပြသနာရှိပါတယ်။
သို့ပေမယ့်လည်း ကိုယ်ဝန်ရင့်မာလာချိန်မှာတော့ နှမ်းနက်ကို နည်းနည်းစီ စားရင် ကလေးမီးဖွားရတာ လွယ်စေတဲ့အကျိုးထူးကို ရရှိစေမှာပါ။ (နဲနဲပဲနော်)
၄။ သတ္တဝါများရဲ့အသည်း
ကြေးအိုးကြိုက်တတ်တဲ့ မိခင်လောင်းတွေ သတိပြုပါနော်။ ဝက်အသည်း၊ ကြက်အသည်း၊အမဲအသည်း စသည်ဖြင့် ပုံမှန်စားလေ့ရှိတဲ့ (အသည်း) တွေကို တတ်နိုင်သလောက်ရှောင်ကျဉ်ပါ။
ပုံမှန်အားဖြင့်အသည်းမှာ ဗီတာမင်အေ ပြည့်ဝစွာပါဝင်တာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ ဆိုနိုင်သော်လည်း ကိုယ်ဝန်ဆောင်တွေအတွက်တော့ (အသည်း) ဟာ နဲနဲ ဒုက္ခပေးနိုင်ပါတယ်။ တစ်လမှာ တစ်ကြိမ် နှစ်ကြိမ်လောက် စားမိတာက ပြသနာမရှိပေမယ့်အများကြီး စားမိရင်တော့အသည်းမှာ ပါရှိတဲ့အဝါရောင်ဒြပ်ပေါင်းတွေ တစ်ဖြည်းဖြည် များလာပြီး ကလေးကို ထိခိုက်စေနိုင်ပါတယ်။
၅။ ရှားစောင်းလက်ပတ်
ကျန်းမာရေနအတွက်အဖက်ဘက်ကနေအသုံးဝင်တဲ့ နတ်ဆေးတစ်ပါးလို တင်စားရလောက်တဲ့ ရှားစောင်းလက်ပတ် က ဒီတစ်ခါမှာတော့ ကိုယ်ဝန်ဆောင် မိခင်တွေအတွက် ရှောင်ကျဉ်စရာတစ်ခု ဖြစ်နေတာအံ့သြစရာပါပဲ။
သုတေသန တွေ့ရှိချက်အတော်များများမှာ ကိုယ်ဆောင်တွေအနေနဲ့ ရှားစောင်းလက်ပတ်ကို စားသောက်တော့မယ်ဆိုရင် သေချာစဉ်းစားကြဖို့ တိုက်တွန်းထားပါတယ်။
ရှားစောင်းလက်ပတ်မှာ ပါဝင်တဲ့ ဒြပ်ပေါင်းတွေက ဝမ်းနှုတ်ဆေးရဲ့အစွမ်းလိုပဲ သားအိမ်နဲ့ တင်ပါးဆုံရိုးကို ကျုံ့စေတာမို့အတွင်းမှာ သွေးယိုနိုင်ပြီး ကိုယ်ဝန်ပျက်ကျလောက်တဲ့ထိ ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့်လည်း ရှားစောင်လက်ပတ်ဟာ ကိုယ်ဝန်သည်တွေအတွက်အရမ်းအန္တရာယ်များတယ်လို့တော့ မဆိုလိုပါဘူး။
၆။ သင်္ဘောသီး
မမှည့်သေးတဲ့ သင်္ဘောသီး (သို့) သင်္ဘောသီးစိမ်းဟာလည်း ဝမ်းသွားစေတတ်တဲ့ ဓါတ်သဘာဝရှိနေတာကြောင့် လမစေ့မီ မီးဖွားခြင်း၊ ကလေးပျက်ကျခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ သင်္ဘောသီးရဲ့အစေ့ဟာအင်ဇိုင်းများစွာ ပါဝင်တဲ့အတွက် သားအိမ်ကျုံ့ခြင်းကို ဖြစ်စေပြီး ကိုယ်ဝန်ပျက်တတ်ပါတယ်။ ဒါကြောင့်မို့ ကိုယ်ဝန်ဆောင်စဉ်မှ သင်္ဘောသီး၊ သင်္ဘောသီးနဲ့ ပက်သက်တဲ့အစားအသောက်တွေ ရှောင်ကျဉ်တာအကောင်းဆုံးဖြစ်ပါတယ်။ (ယိုးဒယားသင်္ဘောသီးထောင်း၊ သင်္ဘောသီးသုတ်ကြိုက်တဲ့ မိခင်လောင်းတွေ သတိပြုပါ)
၇။ ဒန့်သလွန်သီး
ဒန့်သလွန်သီးမှာ သဘာဝအတိုင်းပါဝင်တဲ့အယ်လ်ဖာ-ဆိုက်တောစထရောလ် ဟာ ကိုယ်ဝန်သည်တွေအတွက်အန္တရာယ်ရှိစေနိုင်ပါတယ်။ ဒါကြောင့်မို့ တတ်နိုင်သရွေ့ လျော့စားပါ။ စားမည်ဆိုပါလျင်လည်း သေချာစွာ ဆေးကြောသန့်စင်ပြီးမှ ဘက်တီရီးယား မပေါက်ပွားအောင် ချက်ပြုတ်စားသောက်ပါ။
၈။ နို့ထွက်ပစ္စည်းအစိမ်းသက်သက်များ
ကြိုချက်၊ ပေါင်းတင်၊ ပိုးသတ်ခြင်း မလုပ်ရသေးတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေ စားသုံးခြင်းမှ ရှောင်ကျဉ်ပါ။အဆိုပါပစ္စည်းတွေမှာ ပါဝင်တဲ့ ဘက်တီးရီးယားတွေက မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်လာနိုင်ပြီး ကိုယ်ဝန်ကို ထိခိုက်ပျက်ဆီးစေနိုင်ပါတယ်။
၉။ ကဖင်း
ကဖင်းဓါတ်ဟာအားဖြည့်အချိုရည်၊ ကော်ဖီ၊ လက်ဖက်ရည်၊ ချော့ကလက်အစရှိတဲ့အစားအသောက်အတော်များများမှာ ပါဝင်ပါတယ်။ ကဖင်းဓါတ်များနေမယ်ဆိုရင် ကိုယ်ဝန်ပျက်ကျတာဒါမှမဟုတ် ကလေးကအလေးချိန်မပြည့်ပဲ မွေးဖွားလာတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့ ကဖင်းဓါတ်ပါတဲ့အစားအသောက်တွေကို ချင့်ချိန် စားသောက်ပါ။
၁၀။ ပြဒါးဓာတ်ပါတဲ့ ငါး
ကိုယ်ဝန်ဆောင်တွေဟာ ငါးစားတဲ့အခါမှာလည်း သတိနဲ့ ရွေးချယ်စားသောက်ဖို့ လိုအပ်ပါတယ်။ ငါးတွေဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အဟာရဓါတ်တွေ ပြည့်ဝတာမှန်ပေမယ့် ပြဒါးဓါတ်ပါတဲ့ ငါးအမျိုးအစားတွေကိုတော့ ရှောင်ကျဉ်စားသောက်ပါ။
မကရယ်ငါး၊ နှုတ်သီးချွန်ရှည် ပင်လယ်ငါး၊ ငါးမန်း၊ ငါးလွှ၊ မျက်လုံးကျယ် တူနာငါး စတဲ့အရေခွံပြောင်ချော ငွေရောင်ရှိတဲ့ ပင်လယ်ငါးတွေက ပြဒါးဓာတ်ပါဝင်ပါတယ်။ ရေချိုငါးအများစုကတော့ ပြဒါးဓာတ်လွတ်ကင်းတာမို့ ပင်လယ်ငါးထက် ရေချိုငါးတွေကို ရွေးချယ်စားသင့်ပါတယ်။
၁၁။ ဆေးဖက်ဝင်အပင် (ဘယဆေး)
ကျွမ်းကျင်သူအများစုကတော့ ကိုယ်ဝန်ဆောင်တွေအနေနဲ့ ဆေးဘက်ဝင် ဘယဆေးပင်၊ ဆေးမြစ်တွေကို ရှောင်ကျဉ်ဖို့အကြံပြုထားပါတယ်။ ဒီဆေးတွေရဲ့အာနိသင်ဟာ ကလေးကြီးထွားဖို့ကို နှောင့်နှေးစေသလို မိခင်ရဲ့အသည်းကို ထိခိုက်စေပြီးအသားဝါဖြစ်ရာကနေ ကလေးရဲ့ ဦးနှောက်ကိုပါ ပျက်ဆီးစေနိုင်တယ်လို့ ဆိုပါတယ်။
ဒါကြောင့်မို့ ဆေးဘက်ဝင် ဘယဆေးတွေ သောက်မယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပြီး ညွှန်ကြားချက်ရမှသာ သောက်ပါ။
၁၂။ မက်မွန်သီး
မက်မွန်သီးရဲ့ သဘာဝဟာအပူဓါတ်ဖြစ်ပါတယ်၊ ဒါကြောင့်မို့ ကိုယ်ဝန်ဆောင်စဉ်မှာ မက်မွန်သီးအမြောက်အများ စားမိရင်တော့ ခန္ဓာကိုယ်ရဲ့အပူချိန်မြင့်တက်လာပြီးအတွင်းပိုင်းမှာ သွေးယိုစီးတာမျိုးဖြစ်ပြီး ကိုယ်ဝန်ပျက်ကျစေနိုင်ပါတယ်။
ဒါပေမယ့် မက်မွန်သီး စားချင်တယ်ဆိုရင်တော့အမွှေးနုလေးတွေရှိနေတဲ့အခွံကိုခွာပြီးမှ စားသုံးပါ၊အခွံကြောင့်အပူချိန်မြင့်တက်နိုင်သလို လည်ချောင်းလည်းယားယံနိုင်ပါတယ်။
၁၃။ တောပန်းသီး
ကိုယ်ဝန်ဆောင်စဉ်မှာ တောပန်းသီးအမျိုးအစား ပန်းသီးတွေကိုလည်း မစားသင့်ပါဘူး။ တောပန်းသီးတွေဟာအချဉ်ဓါတ်များစွာပါဝင်ပါတယ်၊အဲဒီအချဉ်ဓါတ်ဟာ သားအိမ်ကို ကျုံ့ဖို့စေ့ဆော်နိုင်ပါတယ်။အဲဒီအတွက် လမစေ့ပဲ ကလေးမီးဖွားတာ၊ သားလျောတာမျိုးတွေ ဖြစ်နိုင်ပါတယ်။
၁၄။ ကြာရှည်ခံအောင်လုပ်ထားတဲ့အသားများ
ဝက်အူချောင်း၊ ကြက်အူချောင်း၊အသားအစာသွပ်၊ ငါးချဉ် စတဲ့ ကြာရှည်ခံအောင် လုပ်ထားတဲ့အသားတွေကိုလည်း ဖြစ်နိုင်ရင်ရှောင်ကျဉ်သင့်ပါတယ်။ သန့်ပြန့်တဲ့အစားအစာဖြစ်နေရင် ပြဿနာမရှိပေမယ့် ဒီလိုအသားချောင်းတွေမှာ မမြင်နိုင်တဲ့ ဘက်တီးရီးယားပိုးတွေ ရှိနေနိုင်တာကြောင့်ပါ။
အခန့်မသင့်ရင်အစာအဆိပ်သင့်ပြီး ကိုယ်ဝန်ကိုကို ထိခိုက်ပျက်ဆီးစေနိုင်ပါတယ်။အထူးသဖြင့် ကိုရီးယားတုတ်ထိုးကင် ကြိုက်သူတွေအထူးသတိပြုပါ။ ဒါကြောင့်မို့ ကိုယ်ဝန်ဆောင်တွေအနေနဲ့ သေသေချာချာချက်ပြုတ်ထားတဲ့အသားတွေကိုသာ စားသုံးသင့်ပါတယ်။
၁၅။ ဥ နဲ့ ဥထွက်ပစ္စည်း
ကိုယ်ဝန်ဆောင်စဉ် ဥ နဲ့ ဥထွက်ပစ္စည်းတွေကို စားသောက်တဲ့အခါ သတိပြုပြီစားသောက်ပါ။ ဘာကြောင့်လဲဆိုတော့ ဥတွေဟာ ဆယ်လ်မွန်နဲလား ဆိုတဲ့ ဘက်တီးရီးယားပိုး သယ်ဆောင်တတ်ပြီးအဲဒီပိုးဟာအစာအဆိပ်သင့်မှုကို ဖြစ်စေတာကြောင့် ဖြစ်ပါတယ်။ ဥတွေကို စားတဲ့အခါ သေချာကျနစွာ ကျက်အောင် ပြုတ်စားပါ။
၁၆။ မဆေးကြောထားတဲ့အသီးအရွက်များ
အရွက်ဖြာတဲ့ ဟင်းသီးဟင်းရွက်တွေဟာ ကျန်းမာရေးကို များစွာအထောက်အကူပြုပါတယ်။ ဒါပေမယ့် ရေစင်စင် ဆေးကြောဖို့တော့လိုပါတယ်။ မြန်မာလူမျိုးတို့က ဟင်းသီးဟင်းရွက်တွေကို တို့စရာအနေနဲ့အစိမ်းစားတတ်ကြတဲ့ သဘာဝရှိတာကြောင့် ရေစင်စင်ဆေးပြီးမှ စားဖို့ ပို၍ လိုအပ်ပါတယ်။ ဟင်းသီးဟင်းရွက်တွေမှာ ကပ်ငြိပါလာတတ်တဲ့အရွက်ဖျန်းဆေး ဓါတ်မြေသြဇာ ဓါတ်းကြွင်းတွေကနေအဆိပ်အတောက်ဖြစ်စေနိုင်တာကြောင့် သေချာစွာ ဆေးကြောပြီးမှ စားသောက်ပါ။
၁၇။ ပင်လယ်စာ
ခရု၊ ကဏန်း၊ ဂုံး၊ ယောက်သွား၊ ပုစွန် စတဲ့ ပင်လယ်စာတွေမှာ ပင်လယ်ရေထဲကအညစ်အကြေးတွေ ကပ်ငြိတွယ်ကပ်နေတတ်ပါတယ်။ ဒီလိုပင်လယ်စားတွေကို စားမိတဲ့အခါ ဘက်တီးရီးယားကြောင့်အစာအဆိပ်သင့်ပြီး ကိုယ်ဝန်ကို ထိခိုက်ပျက်ဆီးစေနိုင်ပါတယ်။
ငါးအစိမ်းတွေ ပင်လယ်စာတွေဟာ တုတ်ပြားကောင်တွေ ဗိုင်းရပ်စ်တွေ ပေါက်ပွားစေနိုင်တဲ့ ဘက်တီးရီးယားတွေရဲ့အန္တရာယ်ကအလွန်မြင့်မားပါတယ်။ ဒါကြောင့်မို့ ဖြစ်နိုင်ရင်အသားစိမ်း၊ ငါးစိမ်းနဲ့ ပင်လယ်စာတွေကို ကိုယ်ဝန်ဆောင်စဉ်မှာ ရှောင်ကျဉ်သင့်ပါတယ်။
၁၈။အပူအစပ်
ကိုယ်ဝန်ဆောင် မိခင်လောင်းတွေအဓိက မဖြစ်မနေရှောင်ရှားရမှာကတော့အပူအစပ်စာတွေပဲ ဖြစ်ပါတယ်။ ပူစပ်တဲ့အရသာရှိတဲ့ ဟင်းချပ်အမွှေးအကြိုင်တွေဖြစ်တဲ့ သစ်ဂျပိုး၊ ကရဝေး၊ ငရုတ်ကောင်း စတဲ့အစားအစာတွေကို တတ်နိုင်သရွေ့ လျော့စားပါ။
ဖော်ပြပါအစားအသောက်တွေနဲ့ ရှောင်ကျဉ်သင့်တဲ့အချက်တွေကို ရှောင်ကျဉ်ပြီး ကိုယ်ဆောင် မေမေများအနေနဲ့ ကျန်းမာသန်းစွမ်းတဲ့ သားသားမီးမီးလေးတွေအောင်မြင်စွာ မွေးဖွားနိုင်ကြပါစေ။
(ဆောင်းပါးအား ခရက်ဒစ်ပေးပြီး လွပ်လပ်စွာ ဝေမျှနိုင်ပါတယ်)
ပိုပိုလေး