မေးခိုင်ကာကွယ်ဆေးမထိုးရင် ဘာဖြစ်မလဲ
ondoctor.com.mm
|
2019-12-27



မေးခိုင်ကာကွယ်ဆေးမထိုးရင်ဘာဖြစ်မလဲ

ကလေးဖြစ်သူမှာ ဆေးထိုးရမည်ဆိုသည်နှင့် ငိုမဲ့မဲ့ဖြစ်လာသည်။ မအေဖြစ်သူကလည်း ကိုယ့်သားကို အတော်ချစ်သည်ထင့်. .

‘ဆရာရယ် အနာကဆေးထည့်ပြီး ဆေးသောက်လိုက်လို့မရဘူးလားဟင်’

မောင်ဒေါက်တာလည်း သက်ပြင်းတချက်ချလိုက်ရင်း…




‘အနာကတော့ ရပါတယ်။ ချုပ်ရအောင်လည်း မဆိုးဘူး။ သွေးလည်းတိတ်နေပြီ။ ဆေးသေချာထည့်လိုက်ရင် ကျက်ပါတယ်။ သောက်ဆေးကတော့ အနာသက်သာတဲ့ဆေးနဲ့ ပိုးသတ်ဆေးလေး ပေးလိုက်မယ်။ အဲဒါဆို ရတယ်’

‘သြော် တော်သေးတာပေါ့ ဆရာရယ်၊ အဲဒါဆို ဆေးထိုးစရာမလိုတော့ဘူးပေါ့နော်’

‘ဟင့်အင်း မဟုတ်ဘူး။ မေးခိုင်ကာကွယ်ဆေးကတော့ ထိုးရမယ်’

‘အာ အဟင့် ဟီး…’

ကလေးမှာ ဆေးထိုးရမည်ဟု ထပ်ပြောလိုက်သည်နှင့် ဟီး ချကာ ငိုလေတော့သည်။ ကလေးကလည်း ကလေးဟုသာ ပြောရသည် အသက် ၁၂ နှစ်။ ဆယ်ကျော်သက် ယောက်ျားလေးဖြစ်နေပြီ။ သို့သော် တုန်နေအောင် ချစ်ဟန်တူသော အမေဖြစ်သူကတော့ သူ့သားကို ကြည့်လိုက်၊ မောင်ဒေါက်တာ့ကို ကြည့်လိုက်နှင့် မျက်စိမျက်နှာတွေ ပျက်နေရှာသည်။ မောင်ဒေါက်တာလည်း သည်အတိုင်းထားလို့မဖြစ်တော့မှန်း သိသွားကာ အခြေအနေကို အမေဖြစ်သူနားလ၏အောင် သေချာရှင်းပြရသည်။

‘ဒီမယ် အစ်မကြီး၊ ကျွန်တော်က တော်ရုံတန်ရုံဆေးထိုးလေ့ရှိတဲ့ ဆရာဝန်မဟုတ်ဘူးဆိုတာ သည်အနီးအနားက လူတွေကို မေးကြည့်ရင်သိမှာပါ။ ကလေးဆို ပိုတောင်မထိုးသေးပါဘူး။ အခုက မထိုးမဖြစ်မို့လို့ပါ။ မေးခိုင်ရောဂါဆိုတာ ဘယ်လောက်အန္တရာယ်ကြီးတယ်ဆိုတာ အစ်မကြီး သိလား’

အမေဖြစ်သူမှာ သားကို ချော့မော့နေရင်း မောင်ဒေါက်တာ့ကို ခေါင်းခါပြသည်။

‘ကောင်းပြီ၊ ကျွန်တော် အရှင်းဆုံးတစ်ခွန်းပဲ ပြောမယ်၊ မေးခိုင်ဆိုတာ ချက်ချင်းလက်ငင်း သေစေနိုင်တဲ့ ရောဂါတစ်ခုပဲ’

အမေရော သားရော ခေါင်းထောင်ကြည့်ကြသည်။ မောင်ဒေါက်တာမှာ ချောက်လိုက်ချော့လိုက် ပြောရမည် ဖြစ်သဖြင့် အရင်ဆုံး ချောက်ကြည့်လိုက်ခြင်းဖြစ်သည်။ နည်းနည်း နားဝင်ကြမ်းသော်လည်းအောင်မြင်သည် ဆိုရမည်။ ပြီးမှ ပြန်ချော့ရမည်။

‘တကယ်တော့ မေးခိုင်ရောဂါဆိုတာ သူ့နာမည်အတိုင်းပဲ မေးရိုးတွေခိုင်လာတာ၊ သွားတွေစိပြီး ပါးစပ်ဖွင့်လို့မရဘူး၊ ကျောကုန်းကြီးကကော့ပြီး တောင့်သွားတယ်၊ အသံနည်းနည်းကြားတာနဲ့ လူက အကြောဆွဲသလို ဖြစ်ပြီး ရုန်းလာတတ်တယ်။ နောက်ဆုံး အသက်ရှူတဲ့ ကြွက်သားတွေပါတောင့်ပြီး အလုပ်မလုပ်တော့တဲ့အခါ အသက်အန္တရာယ်ရှိလာပြီ’

အမေရော သားရော မျက်လုံးအဝိုင်းသားလေးနှင့် နားထောင်နေသည်။

‘ကျွန်တော် အပိုဆာဒါးတွေ ချဲ့ပြောနေတာ မဟုတ်ပါဘူး။ တကယ်ပဲ အရေးပေါ်ကြပ်မတ်ခန်းထဲမှာ အဲသည်လိုဖြစ်နေတဲ့ လူနာတွေ တွေ့ဖူးလို့ပါ။ ကံကောင်းတာကတော့ သည်လောက်ဆိုးဝါးတဲ့ မေးခိုင်ရောဂါကို ကာကွယ်ဆေးတစ်ခုတည်းနဲ့ ကြိုတင်ကာကွယ်လို့ ရနေပြီ ဆိုတာပဲ။ လွယ်လွယ်ကူကူ ဆေးလေးတစ်လုံးအထိုးခံလိုက်ရုံနှင့် အဲသည်ဘေးဆိုကြီးတွေကို ရှောင်ရှားနိုင်ပြီလေ၊ ကဲ အစ်မကြီးတို့ရော ဘယ်လိုလုပ်မှာလဲ’

‘ငယ်ငယ်တုန်းကတော့ သားကို အစ်မတို့ ကာကွယ်ဆေးအကုန်ထိုးပေးပြီးသားပါ။ အဲဒီမှာရော မေးခိုင်ကာကွယ်ဆေး ပါပြီးသား မဟုတ်ဘူးလား ဆရာ’

‘မှန်ပါတယ်။ ကျွန်တော်အားလုံး ငယ်ငယ်တုန်းက ကာကွယ်ဆေးတွေပြည့်စုံအောင် ထိုးဖူးရင် မေးခိုင်ကာကွယ်ဆေးက ပါပြီးသားပါ။ ဒါပေမယ့် အသည်းရောင်အသားဝါဘီတို့၊ တီဘီတို့လိုပါပဲ။ မေးခိုင်ကာကွယ်ဆေးက တစ်သက်လုံး အာနိသင်အပြည့်ရှိမနေနိုင်ပါဘူး။ ဒါကြောင့်မို့ ထပ်ဆောင်းကာကွယ်ဆေးထိုးခြင်း (booster dose) ဆိုတာ ပေါ်လာရတာပါ။ အခု မေးခိုင်အတွက်ဆို ကျွန်တော်တို့ဆီမှာ သုံးကြိမ်ပဲ ထိုးပေမယ့် တစ်ချို့နိုင်ငံတွေမှာ ငါးကြိမ်အထိ ထိုးပါတယ်။ ဒါပေမယ့် နောက်ဆုံးထိုးခဲ့တဲ့အကြိမ်နဲ့ ဆယ်နှစ်ကျော်ကွာသွားပြီဆိုရင် ကာကွယ်ဆေး အာနိသင်က စိတ်မချရတော့ပါဘူး။ ဒါဆို လိုရင် ထပ်ထိုးရပါတယ်’

‘အင်း သားက အသက် တစ်နှစ်တုန်းကပဲ ထိုးထားဖူးတာ ဆိုတော့ အခုဆို ဆယ်နှစ်ကျော်ကြာနေပြီ’

‘ဟုတ်တယ်လေ၊ ကျွန်တော် ပြောချင်တာက အဲဒါပါပဲ။ အခုလို လူကြီးဖြစ်လာတဲ့အခါမှာ ထိခိုက်ဒဏ်ရာရရင် ကျွန်တော်တို့က အနာရဲ့အနက်၊ ထိခိုက်မိတဲ့ အရာဝတ္ထု နဲ့ အနာမှာပိုးမွှားဝင်ရောက်နိုင်မှုတွေကို တွက်ဆပြီး မေးခိုင်ရောဂါဝင်နိုင်တဲ့လူတွေတိုင်းကို ကာကွယ်ဆေးချက်ချင်းထိုးခိုင်းပါတယ်။ ဒါမှသာ အလွယ်တကူကာကွယ်နိုင်ရဲ့သားနဲ့ အသက်ဆုံးရှုံးရတဲ့အထိ အဖြစ်ဆိုးတွေ မကြုံစေချင်လို့ပါ’

‘ဟုတ်ပါပြီဆရာရယ်၊ ကဲ သား ဆရာပြောတာကြားတယ်နော်၊ ဆေးလေးတစ်လုံးထိုးလိုက်၊ ဘာမှ မနာဘူး၊ ပုရွက်ဆိတ်ကိုက်သလောက်ပဲ၊ ဟုတ်ပြီနော်။ ယောက်ျားပဲ တောင့်ခံလိုက်၊ မငိုနဲ့နော်။ ပြီးရင် သား ကြေးအိုးစားချင်နေတာ မဟုတ်လား။ သွား စားကြမယ်နော်’

နောက်ဆုံးတော့ အမေဖြစ်သူ လက်ခံသွားပါပြီ။ သို့တိုင်အောင် လူပျိုပေါက်အရွယ်လောက် ရောက်နေပြီ ဖြစ်သော သားဖြစ်သူကို ပေါက်စနအရွယ်လေးလို ချော့မော့နေသေးသည်။ မောင်ဒေါက်တာ ဆေးထိုးရန် အသင့်ပြင်လိုက်စဉ်တွင်ပင်… .

‘ဟိုလေ ဆရာ သားက ခိုက်မိတာ တစ်ရက်ကျော်သွားပြီဆိုတော့ ကာကွယ်ဆေးက အကျိုးသက်ရောက်ပါ့မလားဟင်’

‘သြော် အစ်မရယ် ထိခိုက်မိပြီး လေးဆယ့်ရှစ်နာရီအတွင်း ထိုးရင် ရပါတယ်။ ကျွန်တော် တွက်ကြည့်ပြီးပါပြီ။ စိတ်ချပါ’ ဟု ဆိုကာ ဆေးမြန်မြန်ပြီးအောင် ထိုးလိုက်ရသည်။

ဆေးထိုးပြီးသွားသောအချိန်ထိတိုင်အောင် လူနာကလေးက မျက်နှာကိုလက်ဖြင့်အုပ်ပြီး အံတွေကြိတ်ထားကာ တရှုံ့ရှုံ့လုပ်နေသေးသည်။

‘ကဲ ပြီးသွားပြီ သူငယ်ချင်း။ ထတော့ ရပြီ’

‘ဟင် ပြီးသွားပြီလား ဟီး ဟီး’

ထိုးပြီးသွားမှန်းသိတော့မှ မေရော သားရော ရယ်နိုင်လေတော့သည်။ ထို့နောက် အမေဖြစ်သူကတော့ ထုံးစံအတိုင်းပင် သားကို အားပေးစကားပြောလိုက်သေးသည်။

’ကြည့်စမ်း။ သားက ချက်ချင်းကို ကောင်းသွားတာ မေးခိုင်ဖို့နေနေသာသာ ပါးစပ်အကျယ်ကြီးဟပြီး ရယ်လို့တောင်ရသွားပြီ’ ဟူ၏။

သူတို့သားအမိကိုကြည့်ပြီး မောင်ဒေါက်တာလည်း နောက်ဆို မေးခိုင်ရောဂါကို ကာကွယ်ဆေးအပြင် များများရယ်ပေးခြင်းဖြင့်ပါ ကာကွယ်ရတော့မည်ဟု လျှောက်တွေးမိသွားကာ သူကိုယ်တိုင်ပါ လိုက်ရီ်မိလေတော့၏။

ဒေါက်တာထွန်းလင်း





၀မ်းတစ်လုံးတကောင်းရင် ခေါင်းမခဲဘူး

‘ဆီးတွေဝမ်းတွေရော ပုံမှန်သွားရဲ့လား ဒေါ်ဒေါ်’

ရောဂါအတွက် လိုအပ်လို့သာ မေးလိုက်ရသည်။ ဒေါ်လူနာ့ထံမှ အဖြေကို မောင်ဒေါက်တာ ခန့်မှန်းမိပြီးသား။ လူနာ ၁၀၀ မှာ ၉၉ ယောက်ကတော့ ဝမ်းပုံမှန်သွားသလားဟု မေးလျှင် ဝမ်းချုပ်သည် ဟု အနည်းနှင့်အများတော့ ပြန်ဖြေကြစမြဲ။ ယခုလည်း ကြည့်ပါ။

‘ဆီးကတော့ သွားပါတယ် ဆရာရယ်။ ဝမ်းကတော့ သိပ်မသွားတာ သုံးရက်လောက်ရှိပြီ။ ဝမ်းနုတ်ဆေးသောက်မှ ရတယ်’

အဖြေကတော့ ထင်သည့် အတိုင်းပင်။ ဆိုတော့ မောင်ဒေါက်တာက နောက်ထပ်မေးခွန်းတစ်ခု ထပ်မေးဖို့လိုလာသည်။

‘ဟုတ်ပါပြီ ဝမ်းသိပ်မသွားဘူးဆိုတော့ တစ်ရက်ကို တစ်ခေါက်ကော မသွားဘူးလား’

‘တစ်ခေါက်လောက်တော့ သွားပါတယ် ဆရာရယ်’

‘သြော် ဒါဆို တော်ပြီလေ ဒေါ်ဒေါ်ရဲ့။ တစ်ရက်ကို ဘယ်နှခါလောက်တောင် သွားချင်လို့တုန်း’

‘မဟုတ်ပါဘူး ဆရာရဲ့။ သွားတော့ သွားတယ် ဒါပေမယ့်လေ..’

‘သွားတော့ သွားတယ် ချုပ်ဝမ်းသွားတယ် လို့ ပြောချင်တာထင်တယ်နော်’

‘ဟုတ်တယ် ဆရာ ချုပ်ဝမ်းသွားတာ။ သိပ်တော့အားမရဘူး’

မောင်ဒေါက်တာကတော့ သည်လိုဝမ်းချုပ်ခြင်းဆိုင်ရာ လူနာများကို အတော်များများတွေ့ဖူးသောကြောင့် ပြောနေကြ စကားလုံးများနှင့်ရင်းနှီးနေပေသည်။ ယခုလည်း ဒေါ်လူနာခံစားနေရသည်မှာ တကယ်တော့ တစ်နေ့တစ်ခေါက်လောက်တော့ ဝမ်းသွားသည်၊ သို့သော် နည်းနည်းပဲသွားပြီး ခပ်မာမာဖြစ်နေသဖြင့် ညှစ်နေရသည်ကို ဆိုလိုဟန်တူသည်။ အများစုအခေါ်က ချုပ်ဝမ်းသွားသည် ဟူ၏။

‘ဟုတ်ပြီ ဒေါ်ဒေါ်။ ဝမ်းကတော့ ညှစ်သွားရမယ်ထင်တယ်နော်။ သွေးတွေဘာတွေ မပါဘူးမဟုတ်လား’

‘မပါပါဘူးဆရာ။ ဒါပေမယ့်တော်တော်တော့ ညှစ်ပြီးမှ သွားရတယ်။ ပြီးရင်လည်း လူကနေလို့မကောင်းဘူး။ ခေါင်းကလည်းအုံ၊ အကြောတွေကလည်းတက်ပြီး၊ အဲဒါ ဆေးမသောက်လို့ကို မရဘူးဖြစ်နေတာ’

‘ရပါတယ် ဒေါ်ဒေါ်’

‘ရှင်’

‘သြော် ဆေးမသောက်လည်း ရပါတယ်၊ ဒေါ်ဒေါ်ဝမ်းသွားအောင် ကျွန်တော် လုပ်ပေးနိုင်ပါတယ်လို့’

‘ဆေးမသောက်ဘဲနဲ့ ဘယ်လိုဝမ်းသွားအောင် လုပ်မလဲ…ဆရာက… သြော်သိပြီ ဝမ်းချူခိုင်းမလို့ မဟုတ်လား’

မောင်ဒေါက်တာလည်း စိတ်ပျက်လက်ပျက်ဖြစ်သွားပြီး ခေါင်းကို တွင်တွင်ခါမိသည်။ လူနာတော်တော်များများက အလွယ်နည်းဖြင့်သာ ကုသချင်ကြသည်။ စိတ်ရှည်ရှည်နှင့် သဘာဝအတိုင်းကုသဖို့ မကြိုးစားချင်ကြ။ အမှန်တော့ ဝမ်းနုတ်ဆေးတို့ ဝမ်းချူနည်းတို့ ဆိုသည်မှာ ပုံမှန် (ရောဂါကြီးကြီးမားမား မရှိသော) ဝမ်းချုပ်ခြင်းများအဖို့ ချက်ချင်းသုံးစွဲရန်မလိုအပ်ပါ။

သဘာဝနည်းအားဖြင့် အစားအသောက်အနေအထိုင် ဆင်ခြင်ခြင်းဖြင့် ဝမ်းပုံမှန်သွားအောင် ဆောင်ရွက်လို့ရပါသည်။ မောင်ဒေါက်တာ ဆိုလိုသည်က အဲသည်ဟာတွေကို ဖြစ်သည်။

‘ဒီမယ် ဒေါ်ဒေါ်။ ထစ်ခနဲ ရှိ ဝမ်းနုတ်ဆေးသောက်မယ်၊ ဝမ်းချူမယ်ကြီးပဲ မစဉ်းစားပါနဲ့ဗျ။ အဲဒါတွေက မလိုဘဲသုံးရင် နောက်ဆို ဝမ်းကပုံမှန်မသွားတော့ဘဲ၊ ဆေးသောက်မှ ချူမှ သွားမယ်ဆိုပြီး ဖြစ်ကုန်မယ်ဗျ’

‘သြော် ဟုတ်လား။ ကျွန်မ မသိလို့ပါ ဆရာရယ်’

‘ကောင်းပါပြီလေ။ မသိရင် ကျွန်တော် ရှင်းပြပါ့မယ်။ တကယ်တော့ ဝမ်းမချုပ်ချင်ရင်၊ တစ်နည်းအားဖြင့် ဝမ်းပုံမှန်သွားချင်ရင် လွယ်လွယ်လေးပါ။ ဘာလုပ်ရမလဲ သိလား’

‘ဘာလုပ်ရမှာလဲ ဆရာ’

‘သြော် ဝမ်းကို ပုံမှန်သွားရမှာပေ့ါ ဒေါ်ဒေါ်ရဲ့’

‘ဟာ ဆရာကလည်း လာနောက်နေပြန်ပြီ။ ဝမ်းပုံမှန်မသွားပါဘူးဆိုမှ ဝမ်းပုံမှန်သွားရမယ်ဆိုတော့၊ ရှုပ်ကုန်ပြီ’

‘မဟုတ်ပါဘူးဗျ။ ကျွန်တော်ဆိုလိုတာက ဝမ်းကို ကိုယ်ပုံမှန်သွားနေကျအချိန်မှာ သွားဖြစ်အောင် အိမ်သာသွားပါလို့ဆိုလိုတာပါ။ လူတိုင်းက ကိုယ်ပုံမှန်မနက်အိပ်ရာထတာနဲ့ ဝမ်းသွားတတ်တယ် ဆိုပါစို့။ အဲသည်မှာ အကြောင်းကြောင့် အိမ်သာမသွားဖြစ်လိုက်ဘူးဆိုရင် အဲသည်နေ့အတွက် ဝမ်းချုပ်သွားတတ်တယ် ဟုတ်တယ်မဟုတ်လား ဒေါ်ဒေါ်’

‘ဟုတ်တယ်ဆရာ ဖြစ်တတ်တယ်’

‘အဲဒါကြောင့် ဝမ်းမချုပ်အောင် လိုက်နာရမယ့် ပထမတစ်ချက်က အချိန်မှန် အိမ်သာဝင်ဖို့ အကျင့်လုပ်ပါပေါ့။ ဟုတ်ပြီနော်။ အဲဒါပြီးရင် နောက်တစ်ချက်ကို ထပ်ပြောမယ်။ အဲဒါကတော့ အမျှင်ဓါတ် fiber ပါတဲ့ အစားအသောက်တွေကို ပိုစားသုံးရမှာ ဖြစ်တယ်။ အဲဒါတွေက ဟင်းသီးဟင်းရွက်တွေကို ဆိုလိုတာပါ။ သူတို့ကို စားပြီး အစာချေလိုက်ရင် နောက်ဆုံးအမျှင်သေးသေးလေးတွေဖြစ်သွားတယ်ဗျ။ အဲဒါတွေက အူလမ်းကြောင်းထဲရောက်တဲ့အခါ ဝမ်းကို မကျစ်စေဘဲ ပွစေတယ်။ bulky ဖြစ်စေတာပေါ့။ အဲဒါဆိုရင် အူလှုပ်ရှားမှုတွေပိုများလာပြီး ဝမ်းသွားစေတယ်ဗျ’

‘အသီးအရွက်တွေတော့ ကျွန်မစားဖြစ်ပါတယ်ဆရာ။ ဝမ်းလည်း ပုံမှန်သွားဖြစ်အောင်ကြိုးစားပါတယ်။ နောက်ကော ဘယ်အချက်တွေ လိုက်နာရဦးမလဲ မသိဘူး’

‘နောက်ထပ်လိုတာက ရေများများသောက်ဖို့ပဲဗျ။ ဝမ်းချုပ်တယ်ဆိုတာ ကိုယ်နှိုက်က ဝမ်းထဲမှာ ရေဓါတ်နည်းလို့ ဖြစ်လာတာလေ။ ရေများများသောက်ရင် ဝမ်းများများသွားတာပေါ့ဗျ။ နောက်ပြီး ပုံမှန်ကိုယ်လက်လှုပ်ရှားမှု ရှိဖို့လည်းလိုသေးတယ်။ ကိုယ်က အထိုင်များပြီး မလှုပ်မရှားဖြစ်နေရင် အူကလည်း လှုပ်ရှားမှုနည်းပြီး ဝမ်းမသွားတတ်ဘူးဗျ’

‘ဟုတ်တယ်ဆရာ ကျွန်မက ဆိုင်မှာ အထိုင်များပြီး အိမ်သာသွားဖို့ အချိန်ကလည်း သိပ်မရတော့ အဲသည်မှာ ဆရာပြောသလို ပုံမှန်ဝမ်မသွားတော့တာ ထင်တယ်ဆရာ။ ရေလည်းနည်းနည်းအသောက်နည်းတယ်။ အဲသည်လိုနဲ့ပဲ ညကျတော့ ဝမ်းနုတ်ဆေး သောက်တဲ့ဆီ ရောက်ကုန်တာပဲ ဆရာရဲ့’

‘ဝမ်းနုတ်ဆေးဆိုတာကလည်း မသောက်ရဘူးလို့ ကျွန်တော်မပြောပါဘူး။ စောစောက ပြောတဲ့နည်းလမ်းတွေကို အရင်လိုက်နာကြည့်ပါ။ ဒါမှ မသွားဘူးဆိုရင်တော့လည်း သောက်လို့ရပါတယ်။ သောက်ရင်တော့လည်း MOM လိုမျိုး လူသိများပြီး စိတ်ချရတဲ့ ဆေးမျိုးလောက်ပဲ သောက်ပေါ့။ အဲဒါတွေက stool softner ခေါ်တယ်ဗျ။ ဝမ်းကိုပျော့ပျော့သွားအောင်လုပ်ပေးတာပဲ။ ဝမ်းမသွားသွားအောင် အူကိုလှုံ့ဆော်ပေးတဲ့ ဝမ်းနုတ်ဆေးတွေကတော့ ဆရာဝန်ညွှန်ကြားချက်နဲ့ လိုအပ်မှပဲ သောက်သင့်ပါတယ်’

‘ဟုတ်ပါပြီဆရာ။ ကျွန်မလည်း ဝမ်းမသွားရင် မနေတတ်လို့ ဆေးတွေအလွယ်သောက်မိတာပါ။ ဆရာပြောတဲ့နည်းတွေလည်း ကျွန်မလိုက်လုပ်ကြည့်ပါ့မယ်။ ဒါပေမယ့် ကျွန်မ အခုလို ခဏခဏ ဝမ်းချုပ်တတ်တာကရော စိုးရိမ်စရာရှိသလားဆရာ’

‘ဝမ်းချုပ်တာမှာ နှစ်မျိုးရှိတယ်ဗျ။ ဝမ်းပဲချုပ်ပြီး လေတွေဘာတွေတော့ လည်တယ်ပေါ့။ အဲဒါဆို သိပ်မစိုးရိမ်ရပါဘူး။ လေရောဝမ်းရောမသွားတော့ဘဲ လုံးဝချုပ်သွားတတ်တဲ့ အခြေအနေတွေရှိတတ်တယ်။ အဲဒါဆိုရင်တော့ စိုးရိမ်ရပါတယ်။ အကြမ်းဖျင်းကတော့ ခုနကပြောတဲ့နည်းတွေကို သုံးကြည့်ပါပေါ့။ ဝမ်းပျော့ဆေးလေးတွေ သောက်ကြည့်ပါပေါ့။ ဒါနဲ့မှ မရရင်တော့ နီးစပ်ရာ ကျန်းမာရေးဌာနတွေမှာ ပြသပြီး စစ်ဆေးကုသမှု ခံယူလိုက်ပါ။ ရေရှည်တော့ ဝမ်းချုပ်မခံပါနဲ့။ ကြာလာရင် ဝမ်းချုပ်တာကနေ လိပ်ခေါင်းဖြစ်တာ၊ စအိုကွဲတာတွေအပြင် ကင်ဆာအပါအဝင် နာတာရှည်အူလမ်းကြောင်းရောဂါတွေ ဖြစ်တတ်တယ်ဗျ’

‘အဲဒါကြောင့် ဝမ်းတစ်လုံးကောင်းရင် ခေါင်းမခဲဘူးလို့ ရှေးလူကြီးတွေ ပြောခဲ့တာထင်တယ်နော် ဆရာ။ အခုတောင် ဝမ်းမသွားတာနဲ့တင် ကျွန်မတော်တော် ခေါင်းခဲနေရပြီ”

‘ကဲပါ အခုကျွန်တော် ပြောသလို လိုက်နာ လုပ်ဆောင်ကြည့်လိုက်ပါ။ အဲဒါဆို ဘေးထွက်ဆိုးကျိုးအနည်းဆုံးနဲ့ အထိရောက်ဆုံးအဖြစ် ဝမ်းမချုပ်အောင် နေလို့ရပါတယ်။ ဘယ်ဝမ်းအတွက် ခေါင်းမခဲရတော့ဘဲ ပေါ့ပါးပျော်ရွှင် ခေါင်းကြည်လင်နိုင်မှာပါဗျာ။ ဟုတ်ပြီနော်’

ဒေါက်တာထွန်းလင်း

Ref:https://www.medicalnewstoday.com/articles/150322.php




Some text some message..