Ectopic Pregnancy (နေရာမှား ကိုယ်ဝန်ဆောင်ခြင်း (သို့) သားအိမ်ပြင်ပတွင် သန္ဓေတည်ခြင်း)
healthcare.com.mm
|
2020-01-09

နေရာမှား ကိုယ်ဝန်ဆောင်ခြင်းဆိုသည်မှာ မျိုးအောင်ပြီးဖြစ်သောမျိုးဥသည် ပုံမှန်ရှိရမည့် သားအိမ်တွင်းမဟုတ်ဘဲ အခြားနေရာတွင် ကိုယ်ဝန်တွယ်ခြင်းကို ဆိုလိုပါသည်။ များသောအားဖြင့် သားအိမ်ပြွန်တွင်း တည်လေ့ရှိသည်။ တစ်ခါတစ်ရံတွင် သားဥအိမ်၊ မိန်းမကိုယ်အဝ သို့မဟုတ် ဗိုက်ခေါင်းထဲ တစ်နေရာရာတွင် တွယ်နေလေ့ရှိသည်။ ကိုယ်ဝန်ရှိနေမှန်းမသိဘဲ မည်သည့်လက္ခဏာမျှမပြဘဲလည်း ဖြစ်ပေါ်တတ်သည်။ အများစုမှာ ကိုယ်ဝန်ပတ် ၅ ပတ်မှ ၁၄ ပတ်အတွင်း လက္ခဏာများ ဖြစ်ပေါ်တတ်သည်။ လက္ခဏာများ - ရာသီပျောက်သွားခြင်း - ကိုယ်ဝန်၏ လက္ခဏာများပေါ်ခြင်း - မူမမှန်သွေးဆင်းခြင်း - ဗိုက်အောင့်ခြင်း၊ သန္ဓေတည်နေသည့် ဘက်ခြမ်းတွင်ပိုအောင့်လေ့ရှိသည်။ ဖြစ်ပွားရသော အကြောင်းရင်းများ - Pelvic inflammatory diseases တင်ပဆုံတွင် းမိန်းမအင်္ဂါများ ယောင်ယမ်းဖူးလျှင် - လိင်မှတဆင့် ကူးစက်တတ်သော ရောဂါတစ်ခုခု ဝင်ဖူးလျှင် - ယခင်ကိုယ်ဝန်ဆောင်ရာဇဝင်တွင် နေရာမှား ကိုယ်ဝန်ဆောင်ဖူးလျှင် (သို့မဟုတ်) ပျက်ကျ၊ ဖျက်ချထားသည့် ရာဇဝင်ရှိလျှင် - သားအိမ်တွင်းထည့်ရသည့် သန္ဓေတားပစ္စည်း ထည့်ထားလျှက် ကိုယ်ဝန်ရလျှင် - အမေဆေးလိပ်သောက်တတ်လျှင် နောက်ဆက်တွဲ ပြဿနာများ - သန္ဓေတည်နေသည့် သားဥပြွန်ပေါက်ထွက်သွားနိုင်ခြင်း - ပေါက်ထွက်သွားလျှင် ဗိုက်ခေါင်းအတွင်းသို့ သွေးယိုစိမ့်ထွက်ခြင်း (အချိန်မှီမသိလျှင်အသက်အန္တရာယ်စိုးရိမ်ရပါသည်) - ပျက်စီးသွားသောသားဥပြွန်တွင် နောက်တစ်ကြိမ်ကိုယ်ဝန်တွယ်ပါက နေရာမှားကိုယ်ဝန်ဆောင်ခြင်းထပ်၍ဖြစ်နိုင်ခြင်း - နောက်ထပ် ကလေးမရနိုင်တော့ခြင်း - စိတ်ပိုင်းဆိုင်ရာထိခိုက်နိုင်ခြင်း (ဥပမာ- အစားအသောက်ပျက်၊ အအိပ်ပျက်၊ မည်သည့်အလုပ်ကိုမျှအာရုံမစိုက်နိုင်ဘဲ မောပမ်းနွမ်းနယ်မှုကိုခံစားရခြင်း) - မိမိကိုယ်ကို အပြစ်ရှိနေသည်ဟု ထင်မြင်ယူဆခြင်း။ - ဝမ်းနည်းနေခြင်း၊ စိတ်တို၊ ဒေါသထွက်လွယ်ခြင်း၊ စိတ်ဂယောက်ဂယက်ဖြစ်ခြင်း ကုသခြင်း ရောဂါ စောစီးစွာသိလျှင် Methotrexate ခေါ်သည့် သောက်ဆေးဖြင့် အချိန်မှီကုသနိုင်သည်။ နောက်ကျသွားပါက သန္ဓေသား သားဥပြွန်ထဲတွင် တဖြည်းဖြည်းနှင့် ကြီးထွားလာပြီး တချိန်ချိန်တွင် ပေါက်သွားနိုင်ပါသည်။ အသက်အန္တရာယ် စိုးရိမ်ရပါသည်။ လက္ခဏာများမှာ - ရုတ်တရက်ဗိုက်ထိုးပြီးအောင့်ခြင်း (သားဥပြွန်ပေါက်သွားသည့်အတွက် ဗိုက်ခေါင်းတွင်းသို့ သွေးများယိုစိမ့်ထွက်ကာ နောက်ပိုင်းတွင် ဗိုက်တပြင်လုံးအောင့်လာနိုင်ပါသည်။) - မူးဝေပြီးသတိလစ်ခြင်း - လက်မောင်းထိပ်ပခုံးနေရာအောင့်ခြင်း ၎င်းလက္ခဏာများ ပေါ်ပေါက်ပါက အရေးပေါ်အခြေအနေဖြစ်သည့်အတွက် ဆေးရုံတွင်ကုသမှုခံယူရန် အလွန်ပင်အရေးကြီးပါသည်။ နောက်ကျမှသိလျှင် နေရာမှားတည်နေသည့် သန္ဓေသားကို ခွဲစိတ်ပြီးကုသမှ ရပါမည်။ ခွဲစိတ်ကုသခြင်းတွင် - Salphingectomy သန္ဓေသားနှင့်ဥပြွန်ပါ တပါတည်းတွဲ၍ ဖြတ်ထုတ်ခြင်း။ - Salphingostomy ဥပြွန်ထားခဲ့ပြီး သန္ဓေသားသာ ခွဲထုတ်ခြင်း ဟူ၍ရှိပါသည်။ ကိုယ်ဝန်ဆုံးရှုံးသွားသော အမျိုးသမီးအား အားပေးစကားပြောဆို ပြုစုခြင်းသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ ကာကွယ်ခြင်း။ အဓိကဖြစ်ပွားစေသော အကြောင်းအရင်းသည် လိင်မှတဆင့် ကူးစက်နိုင်သော ရောဂါဝင်ရာမှတဆင့် တင်ပဆုံအတွင်းရှိ အဂါင်္များပျက်စီးသွားသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ရောဂါကူးစက်ခြင်းမရှိစေရန် လိင်ဆက်ဆံလျှင် ကွန်ဒုံသုံး၍နေခြင်း၊ မိမိဆက်ဆံမိသော သူသည် ရောဂါလက္ခဏာ ခံစားနေသည်ဟုထင်လျှင် (သို့) ရောဂါဖြစ်နေလျှင် ကျန်းမာရေးစစ်ဆေးမှုခံယူပြီး စောစီးစွာကုသသင့်သည်။ ဆေးလိပ်ဖြတ်ခြင်းသည်လည်း ပြင်ပသန္ဓေတည်ခြင်းကို ကာကွယ်နိုင်သော နည်းလမ်းကောင်းဖြစ်ပေသည်။ နောက်ထပ် ကိုယ်ဝန်ယူခြင်း မည်သည့်အချိန်တွင် နောက်ထပ်ကိုယ်ဝန်ထပ်ယူ၍ ရပါမည်ဟူသည် တစ်ဦးတစ်ယောက်ချင်းစီတွင် မူတည်ပါသည်။ အကြမ်းဖျင်းအားဖြင့် ရာသီသွေးပုံမှန်၂လ လာပြီးလျှင်ယူ၍ရပါသည်။ Methotrexate ဆေးဖြင့်ကုသထားပါက အနည်းဆုံး သုံးလအထိ စောင့်ရန် လိုအပ်ပါသည်။ ကလေးယူ၍ ရသည် ဆိုသော်လည်း အမျိုးသမီးအများစုမှာ နောက်ထပ်ကိုယ်ဝန်ဆောင်ရန် စိတ်ပိုင်းဆိုင်ရာအရ အဆင်သင့်မဖြစ်ကြပါ။ နောက်တစ်ကြိမ် ကိုယ်ဝန်အောင်မြင်စွာ ဆောင်နိုင်ရန်မှာ သားဥပြွန်၏ ကျန်းမာမှုအပေါ်တွင် မူတည်သည်။ များသောအားဖြင့် ပြင်ပသန္ဓေတည်ပြီးနောက် ၁၈ လအကြာတွင် ၆၅% သော အမျိုးသမီးများမှာ နောက်တစ်ကြိမ် ကိုယ်ဝန်ဆောင်နိုင်ကြသည်ကို လေ့လာမှုများအရ တွေ့ရှိရသည်။ Credit : Dr.hp သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။  





Some text some message..