ဗီတာမင် ဘီ ချို့တဲ့မှုလက္ခဏာတွေ
hellosayarwon.com
|
2020-01-18


ကျွန်တော်တို့  ခန္ဓာကိုယ်ကြီး ပုံမှန်လှုပ်ရှားသွားလာနိုင်ဖို့ အာဟာရဓါတ်အစုံအလင်လိုအပ်ပါတယ်။ ဒီအာဟာရဓါတ်တွေထဲမှာ ဗီတာမင် ဘီ ဓာတ်လည်းပါဝင်ပါတယ်။ ဗီတာမင် ဘီက ဇီဝဖြစ်ပျက်မှုအတွက် မရှိမဖြစ်လိုအပ်တဲ့ဓာတ်တစ်ခုဖြစ်သလို ခန္ဓာကိုယ်ကလည်း ဗီတာမင်ဘီကို သူ့အလိုလို မဖွဲ့စည်းနိုင်တာကြောင့် ပြင်ပကနေဖြည့်တင်းပေးရပါတယ်။ အခုဆောင်းပါးမှာ Hello Sayarwon  စာဖတ်ပရိတ်သတ်တွေကို ဗီတာမင် ဘီ ချို့တဲ့ရင် ပြသလာမယ့် လက္ခဏာတွေအကြောင်းပြောပြချင်ပါတယ်။ ၁။ ခြေလက်တွေထုံကျဉ်လာမယ် ဗီတာမင် ဘီက ခန္ဓာကိုယ်ကအာရုံကြောစနစ်တွေကောင်းကောင်းအလုပ်လုပ်နိုင်အောင်ကူညီပေးပါတယ်။ အာရုံကြောအချက်ပြမှုတွေအတွက်ရော အာရုံကြောတွေကိုကာကွယ်ပေးဖို့ပါလိုအပ်တဲ့ မိုင်လင်(myelin) ဓာတ်ဖွဲ့စည်းပေးပါတယ်။ ဗီတာမင် ဘီလုံလုံလောက်လောက်မရှိရင်တော့ အာရုံကြောတွေမှာ မိုင်လင်ချို့တဲ့လာပြီး တဖြည်းဖြည်းပျက်စီးလာစေပါတယ်။ ဒီလိုအာရုံကြောပြဿနာက အစွန်အဖျားဖက်ရောက်တဲ့အာရုံကြောတွေမှာ ပိုအတွေ့များတာကြောင့် ခြေဖျားလက်ဖျားတွေမှာ ထုံကျဉ်တဲ့ဝေဒနာခံစားရခြင်းဖြစ်ပါတယ်။ ၂။ လမ်းလျှောက်ရခက်သွားမယ် ဒီပြဿနာကလည်းအပေါ်ကအချက်နဲ့ဆက်စပ်နေပါတယ်။ ဗီတာမင်ဘီချို့တဲ့လို့ဖြစ်တဲ့ အာရုံကြောပျက်စီးမှုပိုဆိုးလာရင် ပုံမှန်ကြွက်သားလှုပ်ရှားမှုတွေကိုတောင် ကောင်းကောင်းမလုပ်ဆောင်နိုင်တော့ပါဘူး။ အချိန်ကြာလာတာနဲ့အမျှ ကြွက်သားတွေ ပိုပိုချည့်နဲ့လာပြီး အကြောတွေပါပျက်စီးသွားစေတဲ့အထိ ကြောက်ဖို့ကောင်းပါတယ်။ ၃။ အသားဝါမယ်၊ဖြူဖတ်ဖြူလျော်ဖြစ်နေမယ် ဗီတာမင် ဘီက သွေးနီဥဖွဲ့စည်းဖို့လိုအပ်တဲ့ဓာတ်တစ်ခုဖြစ်တာကြောင့် ဗီတာမင်ဘီချို့တဲ့ရင် သွေးနီဥပမာဏကျဆင်းသွားပါမယ်။ ဒီအခါ သွေးအားနည်းတဲ့အခြေအနေပါ ထပ်ဖြစ်လာစေပြီး သွေးနီဥတွေကို ပိုမြန်မြန်ပြိုကွဲစေပါတယ်။ အသည်းက ဖြိုခွဲလိုက်တဲ့သွေးနီဥတွေကနေ bilirubin ဓာတ်ထွက်လာပါတယ်။ ကိုယ်ထဲမှာ bilirubin များလာလေ အသားဝါတာပိုဆိုးလေပါပဲ။ ၄။ ပင်ပန်းနွမ်းနယ်နေမယ် သွေးနီဥတွေက ခန္ဓာကိုယ်ဆဲလ်တွေ လိုအပ်တဲ့ အောက်ဆီဂျင်ကို သယ်ဆောင်ပေးပါတယ်။ သွေးနီဥလုံလောက်အောင်မဖွဲ့စည်းနိုင်တော့တဲ့အခါမှာ   ခန္ဓာကိုယ်လည်းအောက်ဆီဂျင်ကောင်းကောင်းမရရှိတော့ပါဘူး။ ရလဒ်ကတော့ အလွယ်တကူမောပန်းမှုခံစားရတာပဲဖြစ်ပါတယ်။ ၅။ နှလုံးခုန်မြန်မယ် သွေးအားနည်းရောဂါရှိလာပြီဆိုရင် နှလုံးကိုပိုမြန်မြန်အလုပ်လုပ်စေပါတယ်။  ကိုယ်တွင်းမှာသွေးနီဥပမာဏနည်းနေတာကိုဖြည့်ဆည်းပေးဖို့ နှလုံးကနဂိုထက်ပိုမြန်မြန်ခုန်ပြီး သွေးတွေပိုထုတ်ပေးဖို့ကြိုးစားပါတယ်။ ဒီလိုအချိန်မှာ ပုံမှန်ထက် နှလုံးခုန်မြန်လာနိုင်ပါတယ်။ ၆။ အော့အန်မယ်၊ ဝမ်းလျှောမယ် ဗီတာမင်ဘီချို့တဲ့ခြင်းက အစာခြေလမ်းကြောင်းကိုလည်း ပြဿနာပေးပါတယ်။ သွေးနီဥပုံမှန်ထက်နည်းသွားတာကြောင့် အစာခြေလမ်းကြောင်းကသွေးလုံလောက်အောင်မရရှိတော့ပါဘူး၊ လိုအပ်တဲ့အောက်ဆီဂျင်ဓာတ်မရတဲ့အတွက်ကြောင့် သူ့ရဲ့အလုပ်တွေကိုပုံမှန်အတိုင်းမလုပ်နိုင်တော့ဘဲ ဝမ်းပျက်ဝမ်းလျှောတာ၊ အော့အန်တာတွေခံစားလာရနိုင်ပါတယ်။ ၇။ အစားအသောက်ပျက်မယ် အစာခြေလမ်းကြောင်း အခြေအနေမကောင်းတာကြောင့် စားရသောက်ရတာလည်းပိုခက်ခဲလာပါမယ်။ ဗီတာမင် ဘီချို့တဲ့ခြင်းက စားချင်သောက်ချင်စိတ်လျော့နည်းတာ၊ အချိန်ကြာလာတာနဲ့အမျှ ကိုယ်အလေးချိန်ကျဆင်းသွားတာတွေနဲ့ဆက်စပ်နေတာကိုတွေ့ရပါတယ်။ ဒါတွေကတော့ မိမိမှာ ဗီတာမင် ဘီဓာတ်ချို့တဲ့နေရင်ပြနိုင်တဲ့လက္ခဏာတွေဖြစ်ပါတယ်။ ခန္ဓာကိုယ်   အတွက်မရှိမဖြစ်လိုအပ်တဲ့သက်စောင့်ဓာတ်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ဗီတာမင်ဘီဓာတ်ကို လုံလောက်အောင်စားသောက်ကြဖို့ အကြံပြုရင်း နိဂုံးချုပ်လိုက်ပါတယ်နော်။ ရေးသားသူ - Dr.Htoo Tint

Hello Health Group  သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။




Some text some message..