မ သဘာဝ ရဲ့ အဓိက ဇာတ်ဆောင် Estrogen
hellosayarwon.com
|
2020-01-19


အရွယ်စုံ အမျိုးသမီးတွေရဲ့ နေ့စဉ် ဘဝမှာရော မသဘာဝ ကိုဖော်ဆောင်ရာမှာပါ အတော်လေးအရေးပါတဲ့ မ ဟော်မုန်းဓာတ် ( estrogen ) အကြောင်းကို လက်လှမ်းမီသလောက် ပြောပြပေးချင်စိတ်ဖြစ်လာတာမို့ သည်ဆောင်းပါးလေးကို ရေးပါတယ်။ ဆေးပညာရှုထောင့်ချည်း သတ်သတ်မဟုတ်ဘဲ မိမိကိုယ်ထဲမှာရှိနေတဲ့ ဓာတ်တစ်ခုရဲ့ အလုပ်လုပ်ပုံနဲ့ ကောင်းကျိုးလေးတွေကို သိထားစေချင်တာပါ။ ရာသီမမှန်ဘူး၊ နေမထိထိုင်မသာဖြစ်တယ်၊ အသားအရေ မွဲပြီး ခြောက်တယ်၊ အိမ်ထောင်ရေးသုခ မပြည့်ဝဘူး၊ သွေးဆုံးကိုင်ချင်တယ် စတဲ့ အမျိုးသမီး အများစုအတွက် မရိုးနိုင်တဲ့ ပြဿနာတွေရဲ့ အစက သည်ဟော်မုန်းဖြစ်နေတာကြောင့်ပါ။ သူ့အကြောင်းကို သေချာသိပြီးသွားပြီဆိုရင်တော့ သူမရှိတော့တဲ့ သွေးဆုံးချိန်မှာ ကြုံရတတ်တဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အပြောင်းအလဲ လေးတွေ အကြောင်းကို လည်း သီးသန့်ဆောင်းပါး လေးတွေနဲ့ ပြောပြပေးသွားပါမယ်။ မ ဟော်မုန်းဓာတ် လို့သာပြောပေမယ့် အမျိုးသားတွေမှာလည်း ထွက်ပါသတဲ့။ ကျား ဟော်မုန်းတွေဖြစ်တဲ့ androgen တို့၊ testosterone တို့ နဲ့ မ ဟော်မုန်း estrogen ဟာ ခန္ဓာကိုယ်တွင်းမှာ တစ်မျိုးကနေတစ်မျိုး ပြောင်းယူလို့ရတဲ့ ဖြစ်စဉ်တွေရှိနေလို့ပါ။ အမျိုးသမီးတွေမှာ estrogen ကို အဓိကအားဖြင့် မ သားဥတွင်း ကနေ အဓိကထုတ်ပါတယ်။ သည်နေရာမှာ  သားဥအိမ်နဲ့ သားဥတွင်း ကွာခြားပုံလေးကို နည်းနည်းရှင်းပြချင်ပါတယ်။ များသောအားဖြင့် စာတွေမှာ မ ဟော်မုန်းကို သားဥအိမ်ကထုတ်တယ် ဆိုပြီး သိကြတော့ “သွေးဆုံးသွားလည်း သားဥအိမ်ကြီးက ရှိနေတာဟာကို ဘာလို့များ estrogen မထုတ်တော့ သလဲ” ဆိုပြီး မေးစရာရှိနေပါတယ်။ တကယ်က အမျိုးသမီးတွေ အပျိုဖော်ဝင်လို့ သွေးသားဖွံဖြိုးတဲ့ အရွယ်ရောက်ရင် သားဥအိမ်က သားဥထုတ်ပါတယ်။ သားဥလေးရင့်မှည့်လာပြီဆိုရင် ကြွေပါပြီ။ သူကြွေလို့ သုတ်နဲ့တွေ့ရင် သန္ဓေအောင်မယ်။ မတွေ့ရင် အဟောသိကံဖြစ်ပြီး ရာသီသွေးဆင်းတာပါပဲ။ သွေးဆုံးတယ် ဆိုတဲ့ အဓိပ္ပာယ်က သားဥ မကြွေတော့ဘူး လို့ပြောတာပါ။ ခုန စကားကို ဆက်ရရင်  သားဥရှိတဲ့နေရာမှာ သားဥတွင်း ဖြစ်ပါတယ်။ အဲ့ဒီ သားဥတွင်းကမှသာ estrogen ထုတ်တာပါ။ ဆိုလိုတဲ့သဘောက သားဥ မကြွေတော့တာနဲ့ သားဥ တွင်းဖြစ်မလာတော့သလို estrogenလည်း မထုတ်ပေးတော့ပါဘူး။ ဒါဆို estrogen မပါမဖြစ် ခန္ဓာကိုယ် ဇီဝဖြစ်စဉ်တချို့အတွက်ကျ ဘယ်လိုလုပ်ကြမလဲပေါ့။ သားဥတွင်းက ထုတ်ပေးသလောက်မများပေမယ့်  ကျောက်ကပ်အပေါ်နားလေးမှာရှိတဲ့ adrenal gland လို့ခေါ်တဲ့ အကျိတ်တစ်မျိုး၊ အဆီဆဲလ်တွေ၊ အသည်း၊ ရင်သားအဆီနဲ့ ဦးနှောက် တို့ကလည်း estrogen ထုတ်ပေးပါသတဲ့။ Estrogen မှာမှ Estrone, Estradiol, Estriol နဲ့ Estetrol ဆိုပြီး ၄ မျိုးပြန်ခွဲပါတယ်။ အလွယ်ဆို E1, E2,E3 နဲ့ E4 ပေါ့။ အဲ့ဒီထဲမှာ တကယ်ဇာတ်လိုက်က E2 ပါ။ သူက သွေးသားဖွံဖြိုးတဲ့ အရွယ်ကနေ သွေးဆုံးတဲ့ အချိန်ထိ မ သဘာဝကို ကြိုးကိုင်ချယ်လှယ်ပါတယ်။ သွေးဆုံးသွားပြီဆိုရင်တော့ E1က တခြားဇီဝဖြစ်စဉ်တွေ အတွက်ဦးဆောင်ပေမယ့် E2လောက်မစွမ်းတော့ပါဘူး။ E3 နဲ့ E4ကတော့ ကိုယ်ဝန်ဆောင်ချိန်မှာသာတွေ့ရတဲ့ ဟော်မုန်းအမျိုးအစားတွေပါပဲ။ Estrogen က ဘာလုပ်ပေးသတဲ့လဲ။ (၁) မ မျိုးပွါးအင်္ဂါ အဖွဲ့အစည်း ဖွံ့ဖြိုးဖို့ အတွက်အဓိက လုပ်ဆောင်ပါတယ်။ မ မျိုးပွါးအင်္ဂါ အဖွဲ့အစည်း လို့ပြောရတဲ့ အကြောင်းအရင်းက သားအိမ်တစ်ခုထဲ မကလို့ပါပဲ။ ရင်၊တင်၊ ပေါင်ရင်း တွေမှာ အဆီ တွေကို ကောင်းစွာ ဖြန့်ပေးတဲ့ အတွက် ရင်သားဖွံ့ဖြိုးလာမယ်၊ တင်သားစွင့်ကားလာမယ်၊ ကောက်ကြောင်းတွေ ပေါ်လွင်ထင်ရှားလာမယ်။ ခန္ဓာကိုယ် အသွင်အပြင် ကို ပိုပြီး မိန်းမဆန်လာစေမယ်။ မွေးလမ်းကြောင်းကနေစလို့ သားအိမ်အထိ အတွင်းလွှာတွေ ရင်ကျက်ဖွံ့ဖြိုးလာပြီး သန္ဓေလာတွယ်တဲ့အခါ အသင့်ဖြစ်စေအောင် ပြင်ဆင်ပေးနိုင်တယ်။ ဆန့်ကျင်ဘက်လိင် အပေါ်တိမ်းညွှတ်စိတ် ဖြစ်စေအောင်လည်း ကူညီပေးပြီး အတူနေတဲ့အခါ နာကျင်မှုနည်းအောင် မိန်းမကိုယ်မွေးလမ်းကြောင်းကို ချောမွေ့စေတယ်။ ပြီးတော့ သားဥမှန်မှန်ကြွေပြီး ဓမ္မတာ မှန်စေမယ်။ သည်အချက်ဟာ မျိုးဆက်ပွါးကျန်းမာရေးမှာရော သားဆက်ခြားကျန်းမာရေးမှာပါ အရေးကြီးတဲ့ အချက်ပါ။ ဓမ္မတာ စက်ဝန်း ပုံမှန်ရှိနေတဲ့ အမျိုးသမီးတစ်ယောက်ဟာ ကလေးယူချင်ရင်လည်းလွယ်လွယ်ကူကူ ရက်တွက်ယူလို့ရသလို ကလေး မလိုချင်သေးရင်လည်း ရက်ရှောင်နည်း ကို သုံးလို့ရတာမို့ပါ။ ( သည်နှစ်မျိုးစလုံး အကြောင်းကိုလည်း ဆောင်းပါးတစ်ပုဒ် သတ်သတ် ရေးပေးပါမယ်။) (၂) ကိုယ်ဝန်ဆောင်ချိန်မှာရော မွေးဖွားရလွယ်ကူအောင်ပါ ကူညီတယ် အဓိကတော့ E3 နဲ့ E4ပေါင်းပြီး  သားအိမ်ကြွက်သားတွေ ကြီးထွားအားကောင်းလာကာ ကျုံ့နိုင်ဆန့်နိုင်စွမ်းတွေပိုတိုးလာစေပါတယ်။ ဒါမှ သန္ဓေသားလေးကြီးလာတာနဲ့ အမျှ သားအိမ်လည်း လိုက်ကြီးလာနိုင်မှာကိုး။ ပြီးတော့ မွေးလမ်းကြောင်းချောမွေ့ပျော့ပြောင်းပြီး မွေးဖွားရလွယ်ကူအောင် ကူညီပေးတယ်။ ရင်သားတွေကို နို့တိုက်ဖို့ရာ အဆင်သင့်ဖြစ်အောင် ကူတဲ့နေရာလည်း သူပါတာပဲ။ သူနဲ့အတူ မိတ်ဖက်ဟော်မုန်းတွေလည်း ရှိသေးတာမို့ ကိုယ်ဝန်ဆောင်စဉ် ဟော်မုန်းအပြောင်းအလဲတွေ အကြောင်းကိုလည်း သပ်သပ်ပြောပြပေးဖို့ စီစဉ်ထားပါတယ်။ (၃) Estrogen ဟာ ကိုယ်နေဟန်ထားလှစေတယ်။ သူက အဆီကို နေရာတကျဖြစ်အောင် နေရာချပေးတဲ့ ဟော်မုန်းပါလို့ အပေါ်မှာပြောခဲ့တယ်နော်။ အဲ့ဒါ အပြင် ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်ပျက်မှုနှုန်းကို မြန်စေတယ်။ ဇီဝဖြစ်ပျက်နှုန်းမြန်ရင် ခန္ဓာကိုယ်ကအဆီပိုစုဖို့ ခဲယဉ်းတယ် ( အစားအသောက် မထိန်းဘဲ နင်းကန်စားတဲ့သူတွေတော့ မပါဘူးပေါ့နော် )။ သည်တော့ ခန္ဓာကိုယ်မှာ အဆီရှိသင့်တဲ့နေရာရှိပြီး မရှိသင့်တဲ့နေရာက ကျစ်လစ်နေတယ်။ ခါးသိမ်ပြီး ရင်နေတင်ကျ လှတယ်ဆိုတဲ့ guitar shape ဟာ estrogen ကြောင့်ပါပဲ။ (၄) Estrogen များရင် ပုပြီး နုပါသတဲ့ ခန္ဓာကိုယ်မှာ ခြေဆံ လက်ဆံ ရှည်တယ်ဆိုတာက ခြေရိုးလက်ရိုး အစွန်တွေကနေ ရှည်ထွက်တာပါ။ အစွန်မှာရှိတဲ့ အရိုးပြား မပိတ်မချင်း အရပ်က ထပ်ရှည်နိုင်ပါတယ်။ မိန်းကလေးတွေဆို ပျမ်းမျှအနေနဲ့  ၁၂နှစ်ကနေ ၁၆အတွင်း ပိတ်တတ်ပါတယ်။ estrogen များရင်ကျတော့ သည် အရိုးပြားက မြန်မြန်ပိတ်တာမို့ အရပ်ဆက်မထွက်တာမျိုးဖြစ်တတ်ပါတယ်။ estrogen ရဲ့ အရိုးပေါ်နောက်ထပ် သက်ရောက်မှုက တော့ သိပ်သည်းဆများစေတာပါ။ အရိုးတည်ဆောက်တဲ့နေရာမှာ အရိုးဆဲလ်အဟောင်းလေးတွေ ပျက်ပျက်သွားတဲ့နေရာမှာ အရိုးဆဲလ် အသစ်ကလေးတွေက အစားထိုးထိုးသွားရပါတယ်။ သည်နေရာမှာ estrogen က အပျက်ကိုနှေးစေပြီး အဖြစ်ကိုမြန်စေပါသတဲ့။ (၅) အရေပြား အလှကို အထောက်အကူပြုပါသတဲ့။ ဘယ်နေရာက အရေပြားကိုမဆို ပါနော်။ တင်းရင်းလှပ နေတယ်ဆိုတာ estrogen ကြောင့်ပါပဲ။ အရေပြားကို အားရှိစေတဲ့အတွက် တော်ရုံတန်ရုံ ပိုးမွှားနဲ့ အရေပြားရောဂါ ဝင်ရောက်ဖို့ ခက်ပါတယ်။ အရေပြားဆဲလ်တွေရဲ့ သက်တမ်းကိုရှည်စေတာမို့ အရွယ်တင်စေတယ်။ ရေဓာတ်ကိုထိန်းပေးတဲ့ အပြင် လိုအပ်တဲ့ အဆီဓာတ်ကိုလည်း ထုတ်ပေးတာမို့ အသားအရေချောမွေ့ပြီး ကိုယ်ရောင်ကိုယ်ဝါ လင်းစေတယ်။ ခေတ်စကားနဲ့ပြောရရင်တော့ glow နေစေတာပေါ့ကွယ်။ နောက်တစ်ခုကတော့ အရေပြားမှာရှိတဲ့  melanin ခေါ် ရောင်ခြယ် ပစ္စည်း မျိုးကွဲ နှစ်မျိုးရှိတာမှာ pheomelanin ခေါ် အနီရောင်ခြယ် ပစ္စည်း ထွက်တာကို အားပေးပြီး eumelanin ခေါ် အမည်း/အညိုရောင်ခြယ်ပစ္စည်း ထွက်တာကိုတော့ လျော့စေပါသတဲ့။ (၆) အာရုံကြောအဖွဲ့အစည်းကို များစွာ အကျိုးပြုတယ်။ estrogen ဟာ ဓာတ်တိုးဆန့်ကျင်တဲ့သဘောသတ္တိရှိတာမို့ အာရုံကြောဆဲလ်တွေကို အပျက်နှေးအောင် ကာကွယ်ပေးနိုင်ပါတယ်။ နောက်တစ်ခု က Verbal memory လို့ခေါ်တဲ့ စကားလုံးကြွယ်ဝမှုနဲ့ cognitive function ခေါ် မှတ်သိမှု ( သည်နေရာမှာ သည်ဟာကို မှတ်ဉာဏ် လို့ပြောဖို့ထက် တင်္ခဏုပ္ပတ္တိဉာဏ် ခေါ် ဖြတ်ထိုးဉာဏ် လို့ပြောချင်ပါတယ် ) ကို အထောက်အပံ့ပေးပါသတဲ့။ ဒါကြောင့် အမျိုးသမီးတွေ စကားတတ်တာဖြစ်မယ်နော။ (၇) နှလုံး ကို ကာကွယ်ပေးနိုင်တဲ့ သတ္တိရှိတယ်။ သိကြတဲ့အတိုင်း estrogen မှာ အတွင်းလွှာတွေကို ပျော့ပြောင်းစေတဲ့ သတ္တိရှိတယ်လေ။ သည်တော့ နှလုံးသွေးကြော နံရံ အလွှာတွေကို ပျော့ပြောင်းစေပြီး သွေးကြောနံရံထူတာ ပိတ်တာမျိုးကို လျော့ပါးစေပါတယ်။ ပြီးတော့ estrogen က သွေးတွင်းအဆီတွေထဲမှာ ကောင်းကျိုးပေးတဲ့အဆီ HDL ကိုများစေပြီး မကောင်းတဲ့ အဆီ LDL ကို ကျစေတယ်။ estrogen ဟာ သည်လို သွယ်ဝိုက်သောနည်းနဲ့ နှလုံးရောဂါဖြစ်နိုင်ချေကို လျှော့ချပေးပြီး နှလုံးကို ကာကွယ်ပေးတာပါပဲ။ (၈) ခုခံအားစနစ်မှာလည်း ပါတယ် estrogen မှာ အရောင်ကျစေတဲ့ သတ္တိ ရှိပြီး ရောဂါပိုးတွေရဲ့ ခံတပ်ဖြစ်တဲ့ သွေးဖြူဥတွေရဲ့ လှုပ်ရှားမှုကို အားကောင်းစေပါတယ်။ ( သည်အရောင်ကျစေတဲ့ သတ္တိကလေ ဘယ်မှာသွား အထောက်အကူပြုသေးလဲ ဆိုရင် ရောဂါပိုးကြောင့် သွေးကြောရောင်တာမျိုးကို သက်သာစေပြီး သွေးကြောတွေ ထိခိုက်ပျက်စီးတာကို လျော့စေတယ်လေ။) (၉) အသည်းကနေ protein ဓာတ် ထုတ်တဲ့ ဖြစ်စဉ်မှာကူညီတယ်။ အထူးသဖြင့် lipoprotein  နဲ့ clotting factor လိုမျိုး ကိုယ်တွင်းဇီဝဖြစ်စဉ်တွေအတွက် မရှိမဖြစ်အရေးပါတဲ့ အခြေခံ protein ဓာတ်တွေ ထုတ်တဲ့နေရာမှာ ကူညီပေးပါတယ်။ (၁၀) အူလှုပ်အားကို နှေးစေတဲ့အတွက် အစာချေဖျက်စုပ်ယူမှုကို လုံလောက်စွာဖြစ်စေတယ်။ သည်လောက်ဆို မ ဟော်မုန်းအကြောင်းကို တော်တော်လေးခြုံငုံမိသွားလောက်ပြီထင်ပါတယ်။ ဘာလို့သည်လောက်ရှည်ရှည်ဝေးဝေးရှင်းပြရလဲ လို့မေးရင် နောက်ထပ်ပြောပြချင်တဲ့ အကြောင်းအရာတွေကို နားလည်ဖို့ရာ ဒါက အခြေခံမိုလို့ပါ။ သည် မ ဟော်မုန်းနဲ့ ပတ်သတ်တဲ့ ရောဂါတွေ ၊ ဟော်မုန်းကုထုံးတွေ အကြောင်း ဆက်ပြီး ပြောပြသွားဖို့ ရှိသေးတာမို့ စောင့်ဖတ်ပေးကြပါဦးနော်။ ဘေးအန္တရာယ်ကို သဘောပေါက်လွယ်ကြပြီး မိမိကိုယ်ကို စောင့်ရှောက်နိုင်ကြစေရန် ရည်ရွယ်လျက်။ ရေးသားသူ - နှင်းနုအေး

Hello Health Group  သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။




Some text some message..