အိပ်နေရင်းလမ်းထလျှောက် ရင်ဘာဖြစ်နိုင်လဲ။
hellosayarwon.com
|
2020-01-27

အိပ်နေရင်းလမ်းထလျှောက် တာကို ကိုယ်တိုင်မကြုံဖူးရင်တောင် ရုပ်ရှင်ထဲမှာဖြစ်ဖြစ် ကိုယ့်အသိမိတ်ဆွေတွေထဲမှာဖြစ်ဖြစ် ကြားဖူးမှာပါ။ ဒါကို ဘယ်လိုနားလည်ထားလဲ။ သရဲဝင်ပူးတာလား။ သူများပြုစားတာလား။ ကျန်းမာရေးပြဿနာတစ်ခုပဲလား။ ဆက်ကြည့်ရအောင်။ အိပ်နေရင်းလမ်းထလျှောက်တာကို ဆေးပညာအရ somnambulismလို့ခေါ်ပါတယ်။ လူငယ်တွေထက်စာရင် ကလေးတွေမှာ ပိုဖြစ်ပါတယ်။ အများစုက ကြီးလာရင် သူ့အလိုလို ပျောက်သွားတတ်ပါတယ်။ တစ်ခါတစ်လေမှ လမ်းထလျှောက်ရင်တော့ ပြဿနာမရှိပါဘူး။ ထပ်ခါထပ်ခါလျှောက်နေပြီဆိုရင်တော့ နောက်ကွယ်မှာ အိပ်စက်ခြင်းပြဿနာတစ်ခုခု ရှိနေနိုင်ပါတယ်။ လူငယ်တွေမှာ အိပ်ရင်းလမ်းထလျှောက်တာက

အိပ်စက်ခြင်းပြဿနာ ကြောင့်ဖြစ်နိုင်သလို တခြားရောဂါတစ်ခုခုကြောင့်လည်း ဖြစ်နိုင်ပါတယ်။

လက္ခဏာများ
အိပ်နေရင်းလမ်းထလျှောက်တာက ညဦးပိုင်းမှာဖြစ်တတ်ပါတယ်။ အိပ်ပျော်ပြီး ၁နာရီ ၂နာရီ အကြာမှာပေါ့။ တရေးတမော အိပ်နေချိန်မှာတော့ မဖြစ်တတ်ပါဘူး။ လမ်းတစ်ခါထလျှောက်ရင် မိနစ်အနည်းငယ်လည်း ဖြစ်နိုင်သလို ဒီထက်လည်းပိုကြာနိုင်ပါတယ်။ လက္ခဏာတွေကတော့ -အိပ်ရာကထပြီး လမ်းထလျှောက်တာ -အိပ်ရာက ထထိုင်ပြီး မျက်လုံးပွင့်နေတာ -တစ်နေရာရာကို ငေးငေးငိုင်ငိုင်ကြည့်နေတာ -သူများတွေကို စကားပြန်မပြောတာ၊ ခေါ်မရတာ -အဲ့အချိန်မှာ နှိုးရခက်တာ -နိုးသွားရင်လည်း အချိန်တစ်ခုကြာအောင် စိတ်နဲ့ ကိုယ်နဲ့ မကပ်တာ -မနက်ရောက်ရင် ညကဖြစ်ခဲ့တာ မမှတ်မိတာ -ညမှာ ဒီလိုဖြစ်ထားတဲ့အတွက် မနက်ရောက်ရင် အလုပ်မလုပ်နိုင်တာ -အိပ်နေတုန်း

ဘီလူးစီး သလိုဖြစ်တာ စတာတွေဖြစ်ပါတယ်။ ဒါ့အပြင် သူတို့တွေက -လမ်းထလျှောက်တာအပြင် အဝတ်ဝတ်တာ၊ စကားပြောတာ၊ အစားစားတာ -အိမ်ကနေထွက်သွားတာ -ကားထွက်မောင်းတာ -မသင့်တော်တဲ့အပြုအမူတွေ (ဥပမာ ဘီဒိုထဲ ဆီးသွားတာ) -သတိမရှိဘဲ လိင်ဆက်ဆံတာ -လှေကားပေါ်က ပြုတ်ကျတာ၊ ပြတင်းပေါက်က ခုန်ချပြီး ဒဏ်ရာရတာ -လမ်းလျှောက်နေစဉ် ဒါမှမဟုတ် နိုးပြီးပြီးချင်း ခေါင်းမကြည်ခင် အကြမ်းဖက်တာမျိုးတွေလည်း လုပ်နိုင်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ပြမလဲ။
တစ်ခါတစ်လေဆိုရင် ပြဿနာမရှိပါဘူး။ သူ့အလိုလိုပျောက်သွားပါတယ်။ ဒါပေမယ့် -မကြာခဏလမ်းထလျှောက်နေမယ်။ (တစ်ပတ်ကို တစ်ခါ၊ နှစ်ခါ ဒါမှမဟုတ် တစ်ညတည်းမှာပဲ ခဏခဏထလျှောက်တာမျိုး) -သူကိုယ်တိုင်ဖြစ်ဖြစ် သူများကို ဖြစ်ဖြစ် အန္တရာယ်ရှိတဲ့အပြုအမူတွေလုပ်လာမယ်။ -ဒီလိုထလျှောက်တဲ့အတွက် သူကိုယ်တိုင် ဒါမှမဟုတ် အိမ်သားတွေပါအိပ်ရေးပျက်လာမယ်။ -နေ့ဖက်တွေမှာ အိပ်ရေးမဝတာ၊ အလုပ်မလုပ်နိုင်တာတွေ ဖြစ်လာမယ်။ -အရွယ်ရောက်လာမှ စဖြစ်မယ်။ -ကလေးဘဝထဲက ဖြစ်တာ မပျောက်ဘဲ အရွယ်ရောက်တဲ့အထိ ဆက်ဖြစ်မယ်ဆိုရင် ပြသသင့်ပါတယ်။

ဘာလို့ဖြစ်ရတာလဲ။
အိပ်နေရင်းလမ်းထလျှောက်တာကို parasomnia (အိပ်နေစဉ် မဖြစ်သင့်သော အပြုအမူ)များထဲမှာ ထည့်ထားပါတယ်။ ဖြစ်စေတဲ့အကြောင်းတွေကတော့ -

အိပ်ရေးပျက် တာ -

စိတ်ဖိစီးမှုများ တာ -ဖျားတာ -ခရီးသွားလို့ဖြစ်ဖြစ်၊ အိပ်ရေးပျက်လို့ဖြစ်ဖြစ် အိပ်ချိန်ခဏခဏပြောင်းတာ ဒါ့ပြင် အိပ်စက်တာကို အနှောင့်အယှက်ဖြစ်စေတဲ့ တခြားအကြောင်းတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဥပမာ -အိပ်ဟောက်ရှူရပ်ရောဂါ (

obstructive sleep apnea ) -

စိတ်ရောဂါ မှာ ကုသတဲ့ဆေးတွေ -အရက်အပါအဝင် မူးယစ်ဆေးတွေ -အိပ်နေတုန်း ခြေထောက်အကြောဆွဲတဲ့ ရောဂါ (Restless legs syndrome) -အစာခြေရည် ဆန်တက်တဲ့ရောဂါ (

Gastroesophageal reflux disease ) နောက်ပြီး မိသားစုထဲမှာ မျိုးရိုးရှိတယ်ဆိုရင်လည်း ဖြစ်တတ်ပါတယ်။

နောက်ဆက်တွဲပြဿနာများ
-အိပ်နေချိန်မှာ အန္တရာယ်ရှိတဲ့ နေရာကိုသွားမိမယ် (ဥပမာ လှေကားနား)၊ ကားမောင်းသွားမယ်၊ တစ်ခုခုမစားသင့်တာ စားမိမယ်ဆိုရင် အန္တရာယ်ရှိပါတယ်။ -ညဖက်တွေ အိပ်ရေးပျက်တဲ့အတွက် မနက်ကျရင် အိပ်ငိုက်ပါတယ်။ ဒါကြောင့် ကျောင်းစာမလိုက်နိုင်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ -ဒီကိစ္စကြောင့် ပတ်ဝန်းကျင်မှာ အရှက်ရတာ၊ လူမှုရေးပြဿနာတွေ ဖြစ်နိုင်ပါတယ်။ -အတူနေမိသားစုတွေ၊ အိမ်နီးချင်းတွေ အိပ်ရေးပျက်နိုင်ပါတယ်။ -တစ်ခါတစ်လေ သူများကိုပါ ထိခိုက်အောင် လုပ်မိတတ်ပါတယ်။

ကုသနည်းများ
မကြာခဏဖြစ်နေတယ်ဆိုရင် ဆရာဝန်နဲ့ပြသသင့်တဲ့ ကိစ္စတခုပါ။ ကုသနည်းတွေကတော့ -

အိပ်စက်ခြင်း ပြဿနာ ဒါမှမဟုတ် တခြားရောဂါတစ်ခုခုကြောင့်ဆိုရင်တော့ အဲ့ဒါတွေကို ကုလိုက်ရင် သက်သာသွားပါလိမ့်မယ်။ -ဆေးကြောင့်ဖြစ်တယ်ဆိုရင် ဆေးပြောင်းတာ၊ ဆေးချိန်ဆတာ ပြန်လုပ်ရပါမယ်။ -လမ်းထလျှောက်တတ်တဲ့အချိန်ကို မှတ်ထားပြီး အဲ့အချိန်မတိုင်ခင် ၁၅မိနစ်လောက်ကြိုနှိုးတာကလည်း အလုပ်ဖြစ်ပါတယ်။ ခဏလောက် အိပ်ရာကထခိုင်းပြီး ပြီးမှ ပြန်အိပ်ပါစေ။ -သောက်ဆေးတွေလည်း လိုအပ်နိုင်ပါတယ်။ -အိပ်မွေ့ချခြင်း -ဆွေးနွေးပညာေပးတာတွေလည်း လုပ်နိုင်ပါတယ်။   ကိုယ်တိုင်လုပ်နိုင်တာတွေကတော့ -အိမ်မှာ အိပ်ရင်း လမ်းထလျှောက်တတ်တဲ့သူရှိရင် သူ့အတွက်အန္တရာယ်မရှိအောင် လုပ်ထားပါ။ ဥပမာ-  အိမ်တံခါး၊ ခြံတခါး၊ပြတင်းပေါက်တွေ လော့ချထားတာမျိုး၊ အန္တရာယ်ရှိတဲ့ ချွန်ထက်တဲ့ ပစ္စည်းတွေ သေချာသိမ်းထားတာမျိုးပေါ့။ ဒါ့ပြင် သူ့ကို အိမ်အောက်ထပ်မှာပဲ အိပ်ခိုင်းပါ။ ကုတင်နဲ့ မအိပ်ပါနဲ့။ -လမ်းထလျှောက်နေတာတွေ့ရင် မနိုးစေဘဲ အိပ်ရာကို အသာအယာပြန်ခေါ်သွားပါ။ နိုးသွားလည်းပြဿနာမရှိပါဘူး။ ဒါပေမယ့် နိုးနိုးခြင်း စိတ်မကြည်တာ၊ သောင်းကျန်းတာတွေလုပ်တတ်ပါတယ်။ -အိပ်ရေးဝအောင်အိပ်ပါ။ ပင်ပန်းရင်၊ အိပ်ရေးမဝရင်လည်း လမ်းထလျှောက်တတ်ပါတယ်။ ဒါကြောင့် အိပ်ချိန်သတ်မှတ်ပေးတာ၊ စောစောအိပ်တာ၊ နေ့လယ်ဖက်မှာတရေးတမောအိပ်ခိုင်းတာ၊ အိပ်ချိန်မှာ အနှောင့်အယှက်ဖြစ်မယ့်အရာတွေကို ဖယ်ထားတာမျိုး လုပ်ပေးသင့်ပါတယ်။ -အိပ်ချိန်မတိုင်ခင် သက်တောင့်သက်သာဖြစ်ပါစေ။ မအိပ်ခင် စိတ်ငြိမ်အောင် စာအုပ်ဖတ်တာ၊ ရေနွေးနဲ့ ရေချိုးတာ၊ တရားထိုင်တာမျိုးတွေ လုပ်ပေးပါ။ -စိတ်ဖိစီးမှုဖြစ်စေတဲ့အကြောင်းတွေရှာပါ။ ရင်ဖွင့်ပြောပြခိုင်းပါ။ လိုအပ်ရင် စိတ်ရောဂါပညာရှင်နဲ့ ဆွေးနွေးပါ။ -အချိန်မှတ်ပါ။ မိသားစုထဲက တစ်ယောက်ယောက်ကို သင်အိပ်ပြီး ဘယ်လောက်ကြာရင် လမ်းထလျှောက်တတ်လဲဆိုတာ မှတ်ခိုင်းပါ။ အချိန်တွေ တူနေရင် နောက်တခါ လမ်းထမလျှောက်ခင် ၁၅မိနစ်လောက် ကြိုနှိုးခိုင်းတာလည်း အလုပ်ဖြစ်ပါတယ်။ -

အရက် ရှောင်ပါ။

Take home massage
အိပ်နေရင်း လမ်းထလျှောက်တာက ကျန်းမာရေးပြဿနာတစ်ခုပါ။ ကလေးတွေမှာပိုဖြစ်ပါတယ်။ တစ်ခါတစ်လေမှဖြစ်ရင် စိုးရိမ်စရာမလိုပါဘူး။ ကြီးကောင်ဝင်ရင် ပျောက်သွားပါတယ်။ ဒီကြားထဲမှာ အိမ်မှာ လုပ်လို့ရတဲ့ နည်းလမ်းတွေကို သုံးနိုင်ပါတယ်။ မကြာမကြာဖြစ်နေရင်တော့ ဆရာဝန်နဲ့ ပြသင့်ပါတယ်။ ထိရောက်တဲ့ကုသမှုတွေ လုပ်သင့်ပါတယ်။ လမ်းထလျှောက်ရင်းနဲ့ ထိခိုက်ဒဏ်ရာတွေရပြီး အသက်အန္တရာယ်ရှိနိုင်တယ်ဆိုတာကိုလည်းမမေ့ပါနဲ့။  

Hello Health Group  သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။  




Some text some message..