
Micronutrients များမှာ ဗီတာမင်များ နှင့် သတ္တုဓါတ်များ ဟူ၍ နှစ်မျိုးရှိပြီး ၎င်းတို့ကို ခန္ဓာကိုယ်အတွင်း ဇီဝကမ္မ လုပ်ငန်းများ ပုံမှန် လည်ပတ် နိုင်ရန်အတွက်အကူအင်ဇိုင်းအဖြစ် လည်းကောင်း၊ ချိန်ခွင်လျှာ ထိန်းညှိ ပေးသည့်အရာများအဖြစ် လည်းကောင်း ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်ပါသည်။ Micronutrients (အသေးစားအဟာရများ) ၏အလုပ် လုပ်ပုံနှင့် ရနိုင်သည့်အစားအစာ၊ စားသုံး သင့်သည့် ပမာဏနှင့် ချို့တဲ့ပါက ဖြစ်လာနိုင်သည့် ပြဿသနာများကို တင်ပြလိုက်ပါသည်။ 1. ဗီတာမင်များ (Vitamins)ဗီတာမင်ကို ရေတွင် ပျော်ဝင်သော ဗီတာမင် (Water-soluble Vitamins) နှင့် ဆီတွင် ပျော်ဝင်သော ဗီတာမင် (Fat-soluble Vitamins) ဟူ၍ နှစ်မျိုး ခွဲခြား ထား ပါသည်။ ဗီတာမင် C နှင့် Bအုပ်စုဝင် များသည် ရေတွင် ပျော်ဝင်သည့် ဗီတာမင်များဖြစ်ပြီး ဗီတာမင် A, D, E နှင့် K များသည်အဆီတွင် ပျော်ဝင်သော ဗီတာမင်များဖြစ်သည်။ ကွဲပြား သည်မှာအဆီတွင် ပျော်ဝင်သော ဗီထာမင် တချို့ကို ခန္ဓာကိုယ် မှ ထဲမှာပင် ထုတ်လုပ် သော ကြောင့်အစားအစာ များတွင် ဝါဝင်ရန် မလိုပါ၊ သို့သော် လည်း ၎င်းတို့၏အသုံးဝင်ပုံနှင့် ချို့တဲ့ပါက ဖြစ်လာ နိုင်သည့် ပြဿနာ များကို သိရှိထား ရန် လိုအပ်ပါသည်။ ရေတွင် ပျော်ဝင်သော ဗီတာမင်များ သည် ခန္ဓာကိုယ် ထဲတွင် သိုလှောင် ထားခြင်း မရှိ သော ကြောင့် နေ့စဉ် ပုံမှန်စားသုံးရန် လိုအပ်သည့် မရှိမဖြစ် သည့်အာဟာရ များ ဖြစ်သည်။ ဗီတာမင် Aခန္ဓာကိုယ်အတွင်းအပေါ်ရံ ဆဲလ်များနှင့် ချွဲသလိပ် ရှိရာဆဲလ် ( Mucosa cells) ကို ပုံမှန် ဖွဲ့စည်း စေ၍အလင်းရောင် နည်းသော နေရာတွင်အမြင်အာရုံကို ပိုမို ကြည်လင်အောင် ဆောင်ရွက် ပေးသည်။ ၎င်းကို တိရိစ္ဆာန် ထွက်အစားအစာများ၊ဂေါ်ဖီထုပ်၊ ဆလတ်ရွက် မုံလာဥစသည့် ဟင်းသီး ဟင်းရွက်များ နှင့်အသီးနှံအမျိုးမျိုး တွင် ရနိုင်ပါသည်။ ချို့တဲ့ပါက ညဘက် မမြင်ရခြင်း၊အရေပြား ကြမ်း၍ ခြောက်ခြင်း နှင့်ရေရှည် ချို့တဲ့နေပါက မျက်ကြည်လွှာ ခြောက်ခမ်း တွန့်လိမ်ပြီး မျက်စိကွယ်သည်အထိ ဖြစ်နိုင်ပါသည်။ ဗီတာမင် B1ကာဗွန် ဟိုက်ဒရိတ်အစာ ဇီဝကမ္မ လုပ်ငန်းစဉ်နှင့် နာ့ဗ်ဆဲလ်များအဟာရအတွက်အထောက်အကူ ပြုပေးသည်။ ၎င်းကို ကစီဓါတ်အစာမျိုးမျိုး၊ ပဲ၊အသား၊အာလူးနှင့် သစ်စေ့များ၊ လိမ္မော်သီး၊ ဖရဲသီးနှင့် ထောပတ်သီး များတွင် ရနိုင်ပါသည်။ ချို့တဲ့ပါကအစားအသောက်ပျက်ခြင်း၊အပြင်ပိုင်း နာ့ဗ်ကြော ရောင်ခြင်း (neuritis)၊ Beriberi ဟုခေါ်သည့် ဖေါ်ရောင်ခြင်း ( Wet beriberi) သို့မဟုတ်အလွန်အမင်း ပိန်ချုံးခြင်း (Dry beriberi) စသည့်တို့ကို ဖြစ်စေနိုင်ပါသည်။ ရေရှည် ဖြစ်နေပါကအာရုံကြောများ ပျက်စီး ယိုယွင်း လာခြင်းနှင့် နှလုံးရောဂါကြောင့်အသက် ဆုံးရှုံး သည်အထိ ဖြစ်နိုင် ပါသည်။ ဗီတာမင် B2၎င်းကို ကာဗွန် ဟိုက်ဒရိတ်အပြင်အသားဓါတ် ဇီဝကမ္မ လုပ်ငန်းစဉ်နှင့် သွေးနီဥ ထုတ်လုပ်သည့် နေရာတွင်အသုံးပြု ပါသည်။ ၎င်းကိုအသည်း၊ နို့၊ ဥများနှင့် ကီဝီသီး များတွင် ရနိုင်ပါသည်။ ချို့တဲ့ပါကအရေပြား၊ လျှာနှင့် ပါးစပ်အချွဲအမြှေးပါး ရောင်ရမ်းခြင်း (angular stoma titis)၊ နှုတ်ခမ်းကွဲပြီး ကျီးကန်း ပါးစပ်နာ ဖြစ်ဖြင်း၊ ခြေဖဝါးများ ပူစပ်ပူလောင်ဖြစ်ခြင်း၊ မျက်စိယားပြီး ပူစပ်ပူလောင်ဖြစ်ဖြင်းနှင့် အလင်းရောင်အပေါ် ခံနိုင်ရည် မရှိခြင်း တို့ကို ဖြစ်စေ နိုင်ပါသည်။ ဗီတာမင် B3အပေါ်ယံ သွေးကြောကို ကျယ်စေခြင်း၊အဆီဓါတ်နှင့် ကော်လက် စရောလ်ကို ကျဆင်း စေခြင်းအတွက်အသုံးပြု သည့်အပြင်အရေးကြီး သည့် တစ်ရှူးများအသက်ရှူ သည့် လုပ်ငန်းတွင် လိုအပ်သောအင်ဇိုင်းကို ၎င်းမှ ဖွဲ့စည်း ပေးပါသည်။ ၎င်းကို ဗီတာမင် B2 ပါအစားအစာ များတွင် ရနိုင်သည့်အပြင် ငှာက်ပျောသီး၊ ဖရဲသီး၊ ခရမ်းချဉ်သီးနှင့် မက်မန်းသီး များတွင် လည်း ရနိုင်ပါသည်။ ချို့တဲ့ပါကအရေပြား ရောင်ခြင်း၊ ဝမ်းလျှောခြင်း၊ စိတ်ဓါတ်ကျ ခြင်းများ ဖြစ်စေ နိုင်ပါသည်။ ဗီတာမင် B6ကာဗွန် ဟိုက်ဒရိတ်၊အဆီဓါတ်၊အသားဓါတ် စသည့် တို့၏ ဇီဝကမ္မ လုပ်ငန်း များအတွက်အကူအင်ဇိုင်းအဖြစ် ဆောင်ရွက် ပေးသည်။ ထို့အပြင် သွေးနီဥထဲရှိ ခန္ဓာကိုယ်အတွက်အောက်စီကျင် သယ်ဆောင် ပေးသည့် ဟီမိုဂလိုဘင် မော်လီကျူးကို ဖွဲ့စည်းရာ တွင်လည်းအကူအညီ ပေးသည်။ ၎င်းကိုအာဟာရအကြီးစားအမျိုးမျိုးတွင် ရနိုင်ပြီး ထောပတ်သီး၊ ငှက်ပျောသီးနှင့် ဖရဲသီးများတွင် ရနိုင်ပါသည်။ ချို့တဲ့ပါက ပါးစပ်အမြှေးပါး ရောင်ရမ်းခြင်း၊အပြင်ပိုင်း နာ့ဗ်ကြော ရောင်ရမ်းခြင်း၊ နှတ်ခမ်းကွဲခြင်းနှင့် သွေးအားနည်း ရောဂါ တမျိုး (Hypochromic anaemia) တို့ကို ဖြစ်စေ နိုင်ပါသည်။ ဗီတာမင် B12ဆဲလ်များ ပုံမှန် ကြီးထွားမှု၊အပေါ်ယံ ဆဲလ်များ ထုတ်လုပ်မှု၊ သွေးနီဥ ထုတ်လုပ်မှုနှင့်အာရုံကြော စနစ်ရှိအင်္ဂါအစိတ်အပိုင်းများကို ထိန်းသိမ်း ရာ တွင် မရှိမဖြစ်အသုံးပြုရန် လိုအပ် ပါသည်။ ၎င်းကို တိရိစ္ဆာန်ထွက်အစားအစာ များမှသာ ရရှိနိုင်ပြီး ဟင်းသီး ဟင်းရွက်၊အသီးနှံ များအပါအဝင် မည်သည့်အပင်ထွက်အစားအစာ များမှ မရနိုင်ပါ။ ချို့တဲ့ပါက သွေးအားနည်း ရောဂါတချို့ ( Pernicious Anaemia) ရနိုင်ပြီး နာ့ဗ်ကြောစနစ် ပျက်စီး နိုင်ပါသည်။ ဗီတာမင် Cအနာ ဒဏ်ရာများ ကျက်လွယ်စေခြင်း၊ ရောဂါကို ခံနိုင်ရည်ရှိစေခြင်း၊ ကာဗွန်ဟိုက်ဒရိတ်နှင့် သံဓါတ်အစာခြေဖျက်မှု လုပ်ငန်းစဉ်၊အဆီ နှင့်အသားဓါတ် ထုတ်လုပ်မှု၊ သွား၊အရိုးနှင့် ဆံချည်မျှင် သွေးကြော နံရံများအားထိန်းသိမ်း စောင့်ရှောက်မှုအဆိပ် ဖြစ်စေသည့်အရာများအား ခုခံတိုက်ဖျက်မှု၊ သံဓါတ် စုပ်ယူမှု၊ သွေးနီဥ ထုတ်လုပ်မှု၊ ဆဲအတွင်းရှိ ပစ္စည်းများ ထုတ်လုပ်မှု စသည့်အတွက် ဗီတာမင် စီကို မရှိမဖြစ်လိုအပ်ပါသည်။ ၎င်းကိုအချဉ် ဓါတ်ရှိသော လတ်ဆတ် သည့် မည်သည့်အစားအစာ များတွင် မဆို ပေါများစွာ ရရှိနိုင်ပါသည်။ ချို့တဲ့ပါက Scurvy ဟု ခေါ်သည့် ရောဂါကို ရရှိနိုင်ပြီး သွားဖုံး ရောင်၍ သွေးထွက်ခြင်း၊ မွေးညင်းပေါက်ပတ်လည်တွင် သေးငယ်သောအနီစက်များ ပေါ်ခြင်း၊အရေပြားအောက်ရှိ ပျောက်ပြီးသောအနာ၊ ဒဏ်ရာဟောင်းမှသွေးပြန်ထွက်နိုင်ခြင်း စသည့် လက္ခဏာ များ ကို တွေ့နိုင် ပါသည်။ ဗီတာမင် Dကယ်လစီယံ (ထုံးဓါတ်) နှင့် တခြား သတ္တုဓါတ် တချို့ကို မျှခြေ ထိန်းညှိ ပေးခြင်း၊အူသိမ်မှ ကယ်လ်စီယံနှင့် ဖော့စ်ဖိတ် စုပ်ယူရာ တွင်အကူအညီ ပေးသည်။ ၎င်းကို ခန္ဓာကိုယ်အတွင်းရှိ ကော်လက် စထရောလ် နှင့် နေရောင်ခြည် တို့ ပေါင်းစပ်ပြီး ထုတ်လုပ် ပါသည်။အသည်း နှင့် ငါးအဆီများတွင်အဓိက ရနိုင်ပြီး ၎င်းကိုအကျိုးပြု ကိုလက်စရောလ်အဖြစ် ပြောင်းလဲစေပါသည်။ ၎င်းအတွက် တခြားသော သီးသန့်အစားအစာများ စားရန် မလိုပဲ နေရာင်ခြည်ကိုအရေပြားနှင့် ထိတွေ့ခွင့်အပူပိုင်းဒေသတွင် တနေ့ ၁၀ မိနှစ် ၁၅ မိနှစ်ခန့်၊အအေးပိုင်း ဒေသတွင် ထိုထက်ပို၍ ရရှိပါက လုံလောက်ပါသည်။ ချို့တဲ့ပါက လူကြီးများတွင် Osteomalacia နှင့် ကလေး များတွင် Rickets ဟုခေါ်သည့်အရိုးပျော့ခြင်း နှင့်အရိုး ကွေးခြင်း ရောဂါများ ဖြစ်နိုင် ပါသည်။ ဗီတာမင် Eခန္ဓာကိုယ်ကိုအဆိပ် ဖြစ်စေနိုင်သောအရာများကို တိုက်ဖျက်ခြင်း နှင့် ပြည့်ဝဆီ (Saturated Fat) များ ကြောင့် သွေးကြော ပိတ်စေ နိုင်သည့်အခြေအနေ များကို ကာကွယ် ပေးသည်။ ၎င်းကိုအဓိကအားဖြင့်အသီးအရွက်၊ Unsaturated Fats (ဥပမာ- သံလွင်ဆီ၊ ပဲပုပ်ပဲဆီ၊ ငါးဆီ၊ နေကြာပန်း ဆီ စသည့်) များ၊ ဥ၊ ထောပတ်၊ ကြမ်းသည့် ကစီဓါတ် (ဥပမာ- လုံးတီးဆန်၊ ဂျုံကြမ်း) စသည်အစားအစာ များတွင် ရနိုင် ပါသည်။ ချို့တဲ့ပါက သွေးအားနည်း ရောဂါနှင့်အစာ စုပ်ယူမှု ချို့တဲ့သည့် ရောဂါ ရှိသည့် လူကြီးများ တွင်အာရုံ မစူးစိုက် နိုင်မှုများ ဖြစ်စေ နိုင်ပါသည်။ ဗီတာမင် Kအသည်းတွင်းရှိ သွေးခဲသည့်အရာများကို ထုတ်လုပ်ရာတွင်အသုံး ပြုသည်။သွေး ပျော်စေသည့်အစားအစာများ (သို့မဟုတ်) ဆေးများ ၏ သက်ရောက်မှုကို ပိတ်ပင် တားဆီး သည်။ ဗီတာမင် E ကိုအူမကြီးအတွင်းရှိ ဘက်တီးရီးယားများက ထုတ်လုပ်ပေးပါသည်။ ချို့တဲ့ပါက သွေးထွက် လွယ်ကူခြင်း၊ ကိုယ်ဝန်ဆောင် တွင် ချို့တဲ့ပါက မွေးခါစကလေးတွင် သွေးထွက်လွန်သည့် ရောဂါရနိုင်ပါသည်။ ၂။ သတ္တဓါတ်များသတ္တုဓါတ်အားလုံးသည် မရှိမဖြစ်လိုအပ်ပြီး ထုံးဓါတ်နှင့် သံဓါတ် နှစ်ခုမှလွဲ၍ တခြားသော သတ္တုဓါတ်များသည်အစာ ကောင်းစွာ စား နိုင်သူ များအတွက် သာမာန်အားဖြင့် ချို့တဲ့မှု နည်းပါး ပါသည်။ သံဓါတ်နှင့် ထုံးဓါတ် နှစ်ခုသာ ချို့တဲ့မှုများပြီး တခြားသော သတ္တုဓါတ်များကို ဝမ်းသွားခြင်း၊ သွေးထွက်လွန်ခြင်းနှင့်အန်များခြင်း စသည့် ရုတ်တရက် ရောဂါ တခုခု ဝင်ရောက် လာမှသာ ဖြစ်လေ့ ရှိပါသည်။ ထုံးဓါတ် (Calcium)ထုံးဓါတ် သည်အရိုး နှင့် သွား ပုံမှန်ဖွံ့ဖြိုးရန်အတွက်အထူးအရေးကြီးပါသည်။ ထို့အပြင် နှလုံး ကြွက်သားနှင့်အာရုံကြော စနစ် လုပ်ငန်း လုပ်ဆောင် ရာတွင် ပါဝင်ခြင်း၊ သွေးကိုအဆင့်ဆင့် ပြုပြင်ရာတွင် ပါဝင် ဆောင်ရွက်ခြင်း၊ ဟော်မုန်းများနှင့်အာရုံကြော ဖြန့်ကျက်သည့်အစိတ်အပိုင်း များကို သိုလှောင် ပေးခြင်းနှင့် ထုတ်ပေးခြင်း၊ ဗီတာမင် B12 ကို စုပ်ယူရာတွင်အကူအညီ ပေးခြင်း စသည် တို့အတွက် ကယ်လ်စီယံကို မရှိမဖြစ် လိုအပ်ပါသည်။ နို့ထွက် ပစ္စည်းများနှင့်အသား ငါးများတွင်အများဆုံး ရနိုင်ပါသည်။ သံဓါတ် (Iron)ခန္ဓာကိုယ် ထဲရှိအောက်စီဂျင် သယ်ဆောင် ပေးနေသည့် ဟီမို ဂလိုဘင်အသွင်ဖြင့်အသုံးပြုပါသည်။ ၎င်း ကိုအသား၊အသည်းနှင့်အစိမ်း ရင့်ရောင် ဟင်းသီး ဟင်းရွက် များတွင်အများဆုံး တွေ့ရပါသည်။ Magnesiumအင်ဇိုင်း များ၏ လုပ်ငန်းစဉ်၊ စားသုံး၍ ပိုလျှံသော ဂလူးကို့စ်ကိုအသည်းထဲ၌ သိမ်းထားရန် ဂလိုင်ကိုဂျင်အဖြစ် ပြောင်းခြင်း၊အသားဓါတ် နှင့် DNA များ ထုတ်လုပ်ခြင်း၊အာရုံကြောအတွင်း ဓါဓုဗေဒ ဓါတ်ပေါင်းများ ပြန့်နှံ့စေခြင်း၊ သွေးကို မခဲအောင် ပြုလုပ်ခြင်း ထုံးဓါတ် သကဲ့သို့အရိုးများအား သတ္တုဓါတ် ဖြည့်ပေးခြင်း တို့အတွက် မဂ္ဂနီစီယံကို မရှိမဖြစ် လိုအပ်သည်။ နို့ထွက် ပစ္စည်းများ၊အသားငါးနှင့်အစိမ်းရင့်ရောင် ဟင်းသီး ဟင်းရွက်များတွင်အများဆုံး ရနိုင်ပါသည်။ Phosphateအရိုးထဲတွင်အများဆုံး တွေ့ရပြီး ကြွက်သားအပျော့များ ထဲတွင်လည်းအနည်းငယ်တွေ့ရသည်။ ခန္ဓာကိုယ်အတွက် စွမ်းအင် သိုလှောင်ခြင်း နှင့် သယ်ဆောင်ခြင်း။ ဗီတာမင် ဘီအသုံးပြုရာတွင် ကူညီခြင်း၊ ကျောက်ကပ်မှ ဟိုက်ဒရိုဂျင် စစ်ထုတ် ရာတွင်အကူ ပစ္စည်းအဖြစ်အသုံးပြုခြင်း စသည့် တို့အတွက် မရှိမဖြစ် လိုအပ်ပါသည်။ Sodium and PotassiumSodium (ဆားဓါတ်) သည် ဆဲအပြင်ဘက်ရှိအဓိက သတ္တုဓါတ်ဖြစ်ပြီး Potassium သည် ဆဲအတွင်းရှိအဓိက သတ္တု ဖြစ်သည်။ ၎င်းတို့ နှစ်ခုတွဲ၍ နာ့ဗ်ကြော စနစ်၏ လျှပ်စစ် စီးဖြန်းမှု Action potential ကို ထိန်းပေးပြီး ဆဲအတွင်း Sodium ပါဝင်မှု (0.9g/L) ပုံမှန် ဖြစ်အောင်အရည်၏ မျှခြေကို ထိန်းပေး သည်။ ၎င်းတို့နှစ်ခု ဆဲလ်အတွင်းအပြင် ဟန်ချက်ညီညီ လုပ်ဆောင်၍ ကြွက်သားကို ကျုံ့စေခြင်း ဖြင့် နှလုံး၊ ကျောက်ကပ် စသည်တို့ကို ပုံမှန်အလုပ်လုပ် စေပါသည်။ Sodium သည် ဘိုင်ကာဗွန်နိတ်နှင့် ပေါင်း၍ လည်း ခန္ဓာကိုယ် တွင် ရေ၊အက်ဆစ်၊ ဘေ့စ်နှင့် သွေးထဲ သွေးရည်ကြည် (Plasma) ပါဝင်မှု ပမာဏတို့ကို ထိန်းညှိ ပေးပါသည်။ နေ့စဉ် ပေါင်းခံရေ မှလွဲပြီး နေ့စဉ် စားသုံး နေသည့်အဟာရတိုင်းတွင် ဆားဓါတ် ပါဝင်ပြီးဖြစ်၍ ဆားကို သီးသန့် ထပ်ဖြည့် စားရန်မလိုပါ။ ဆားကို ချက်ပြုတ်ရာတွင် ဆားကို ဖြည့်စွက်အသုံးပြု နေခြင်းမှာအရသာအတွက်သာ ဖြစ်ပါသည်။ Zinc (သွပ်ဓါတ်)သွပ်ဓါတ်သည်အနာကျက် လွယ်စေခြင်း၊အသားဓါတ် ထုတ်လုပ်ခြင်း၊ ဗီတာမင် A ရွှေ့လျားရာတွင်အကူအညီ ပေးခြင်း၊ ပုံမှန်အရေပြား လုပ်ငန်းစဉ်အတွက် လိုအပ်သောအင်ဇိုင်းနှင့် ဓါတ်ပြုခြင်း၊အစားအစာ များ၏အရသာနှင့်အနံ့ကို နဂိုအတိုင်း ဖြစ်အောင် ထိန်းပေး ခြင်းနှင့် ခုခံအား လုပ်ဆောင်ချက် များအတွက်အကူအညီ ပေးသည်။ ချို့တဲ့မှုအဖြစ်နည်းပြီး ဖြစ်ပါကအရေပြား၊အစာမြိုပြွန်၊ မျက်ကြည်လွှာ ရောဂါများ၊ ကလေးများ တွင် ကြီးထွားမှု နှေးကွေး စေခြင်းများဖြစ်နိုင်ပါသည်။ Ref: Public health in Myanmar Wednesday, November 26, 2008သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။