အဝလွန်သူတွေအတွက် ဝိတ်ကျစေမယ့်အချက်ကို လေ့လာကြည့်တဲ့အခါ ကာဗိုဟိုက်ဒရိတ်နည်းတဲ့အစားအစာကိုစားသုံးသူတွေမှာ ကယ်လိုရီ ၂၅၀ ကျော် ပိုပြီး လောင်ကျွမ်းတယ်လို့ သိရပါတယ်။ BMJ ဆေးပညာ ဂျာနယ်မှာတော့ လူပေါင်း ၁၆၄ ဦးကို ဝိတ်ကျစေဖို့ စမ်းသပ်ထားတဲ့ လေ့လာတွေ့ရှိချက်ကို ထုတ်ဝေခဲ့ပါတယ်။
ဒီလေ့လာမှုအရအစာစားချင်စိတ်ကိုထိန်းချုပ်ပြီး ဝိတ်ချဖို့ ကြိုးစားသူတွေမှာ ကာဗိုဟိုက်ဒရိတ်စားသုံးမှုနည်းသွားတဲ့အတွက် ကယ်လိုရီလောင်ကျွမ်းလွယ်တယ်လို့ ဆိုပါတယ်။
လူတစ်ယောက်နဲ့ တစ်ယောက် ခန္ဓာကိုယ်မှာ ကယ်လိုရီပမာဏချင်းတော့ မတူကြပါဘူး။ ဒါကြောင့် ကယ်လိုရီကို ထိန်းတာထက်စာရင် ကာဗိုဟိုက်ဒရိတ်ကို တားမြစ်တာကမှ ရေရှည်ဝိတ်ကျစေဖို့ လွယ်တယ်လို့ ဘော်စတွန်ကလေးဆေးရုံမှ တွဲဖက်ဒါရိုက်တာ ဒေါက်တာ ဒေးဗစ်က ဆိုပါတယ်။ ဗိုက်မဆာပေမဲ့ ဆာတယ်လို့ ထင်ယောင်ထင်မှားဖြစ်အောင် ခန္ဓာကိုယ်က ဘာလို့အချက်ပြတာလဲ။အဖြေကတော့ ကာဗွန်ဟိုက်ဒရိတ်တွေကို ခန္ဓာကိုယ်က ချေဖျက်ပေးရတဲ့အခါ ဆာလောင်ခြင်း၊ ဇီဝကမ္မဖြစ်စဉ် နှေးကွေးစေခြင်းနဲ့ ဝိတ်တက်ခြင်းကို ဖြစ်စေတဲ့ ဟော်မုန်းကအပြောင်းအလဲ ရှိလာပါတယ်။ ချေဖျက်ပြီးသား ကာဗွန်ဟိုက်ဒရိတ်တွေက သကြားဓာတ်အဖြစ်ပြောင်းပြီးအင်ဆူလင်ပမာဏ တိုးလာစေပါတယ်။အင်ဆူလင်ကြောင့်အဆီဆဲလ်တွေမှာ ပိုလျှံတဲ့ ကယ်လိုရီတွေက သိုလှောင်ပါတယ်။ ကယ်လိုရီတွေကအဆီဆဲလ်ထဲမှာ ပိတ်မိနေတဲ့အခါ ဦးနှောက်က ဒါကိုသတိမပြုမိဘဲ ခန္ဓာကိုယ်မှာအစာထပ်လိုတယ်လို့ပဲ ထင်စေပါတယ်။
ကာဗိုဟိုက်ဒရိတ်နည်းတဲ့အစားအစာတွေကို စားသုံးသူတွေမှာ ကယ်လိုရီ ၂၀၉ ကနေ ၂၇၈ ထိလောင်ကျွမ်းပြီး သုံးနှစ်လောက်ကြာတဲ့အခါ ခန့်မှန်းခြေ ၂၂ ပေါင်ထိ ဝိတ်ကျပါတယ်။
အင်ဆူလင် ထုတ်တာ များတဲ့ လူတွေမှာလည်း ကာဗိုဟိုက်ဒရိတ် စားသုံးမှု နည်းသွားတဲ့အတွက် ကယ်လိုရီ ၃၀၈ ကနေ ၄၇၈ ထိ လောင်ကျွမ်းတာ တွေ့ရပါတယ်။ ဒါဆိုရင် လူတစ်ယောက်မှာအင်ဆူလင် ထုတ်လုပ်မှုအနည်းအများ ဘယ်လိုသိနိုင်မလဲ။
အဆီတွေက ခန္ဓာကိုယ်အလယ်ပိုင်းမှာ သိသိသာသာ စုပြုံနေပြီး ခန္ဓာကိုယ်က ပန်းသီးပုံစံဖြစ်နေတယ်ဆိုရင်အင်ဆူလင်ထုတ်တာများတဲ့သူပါ။ သစ်တော်သီးပုံခန္ဓာကိုယ်သမားတွေကတော့အင်ဆူလင်ထုတ်လုပ်မှုနည်းသူတွေ ဖြစ်ပါတယ်။ ဒီလေ့လာမှုက လူပေါင်း ၁၆၄ ဦးလောက်ကိုအခြေခံထားတယ်ဆိုပေမဲ့ လူဦးရေအနေအထားပေါ် မူတည်ပြီး ကွာခြားမှုအနည်းအများတော့ ရှိမှာပါ။ လေ့လာတွေ့ရှိချက်ကနေ ပေါ်ထွက်လာတဲ့ရလဒ်ကတော့ ဝိတ်ကျချင်ရင် ကာဗိုဟိုက်ဒရိတ်စားသုံးမှု ရှောင်ရမယ်ဆိုတာပဲ ဖြစ်ပါတယ်။
Ref: afr.com “Cutting carbs instead of calories keeps weight off, new study says”
Alice May (ရိုးရာလေး)