
မွေးဖွားတဲ့ မြန်မာသက္ကရာဇ်ကို (၃) နဲ့ စားလို့ (၁) ကြွင်းရင် နတ်၊ (၂) ကြွင်းရင် လူ ၊ (၃) ကြွင်းရင် ဘီလူး ဆိုပြီး နက္ခတ်အုပ်စု သုံးခု ခွဲတဲ့ ပညာခန်းတစ်ခု မြန်မာ့လက်ဆန်းဗေဒင်မှာ ရှိပါတယ်။ ဒီပညာခန်းကို အိမ်ထောင်ဖက် ရွေးချယ်ရာမှာ ထည့်စဉ်းစားစရာ တွက်ကိန်းတစ်အခုအဖြစ် မြန်မာဗေဒင်လောကမှာ အသုံးပြုတတ်ကြပါတယ်။
နက္ခတ်အုပ်စု ခွဲရာမှာ (နတ် + နတ်) ပေါင်းဖက်ကြရင် သက်ရှည်ကျန်းမာတယ်။ ယူလို့သင့်တယ်။ (လူ + နတ်) ဆိုရင်လည်း အေးချမ်းတဲ့ စုံတွဲ ဖြစ်မယ်။ (လူ + လူ) ဆိုရင်လည်း နက္ခတ်တူလို့ မေတ္တာမျှ အဆင်ပြေမယ်လို့ သတ်မှတ်ထားပါတယ်။ ဘီလူးနက္ခတ်သမားတွေဆိုရင်လည်း (ဘီလူး + ဘီလူး) ချင်း ပေါင်းဖက်ရင်တောင် ဘုန်းကြီး သက်ရှည်မယ်။ (နတ် + ဘီလူး) ပေါင်းကြရင်လည်း ဘေးရန်ကင်းမယ် လို့ ဆိုပါတယ်။
ဒါပေမယ့် (လူ + ဘီလူး) ဆိုရင်တော့ ပြဿနာ ရှိသွားပါပြီ။ လူနက္ခတ်သမားနဲ့ ဘီလူးနက္ခတ်သမားတွေ စုံမက် ပေါင်းဖက်ကြရင် လူနက္ခတ်သမားမှာ ထိခိုက်ပျက်စီးတတ်တယ်လို့ ဗေဒင်အယူ ရှိပါတယ်။ တကယ်တမ်းမှာ ဘီလူးနက္ခတ်သမားဆိုရင်တောင် ပေါင်းဖက် အိမ်ထောင်ပြုလို့ ရတဲ့ ကိန်းခန်းတစ်ခု ရှိပါတယ်။ ဒါကိုတော့ မြန်မာ့ရိုးရာ ဆန်းကျမ်းဗေဒင်မှာ တစ်နည်း ပြဆိုထားပါတယ်။
ချစ်သူ အိမ်ထောင်ဖက်ချင်း နက္ခတ်တွေ တိုက်ကြည့်လို့ တစ်ဦးက လူနက္ခတ်၊ ကျန်တစ်ဦးက ဘီလူးနက္ခတ် ဖြစ်နေပြီဆိုရင် ဘီလူးနက္ခတ်သမားရဲ့ မြန်မာမွေးခုနှစ်ကိုပဲ (၇) နဲ့ ထပ်စားကြည့်ပါ။ စားလို့ ရလာတဲ့ အကြွင်းနဲ့ နေ့နံအရ အောက်ပါဇယားထဲက ဇေယျ၊ ဝရ၊ လာဘထဲမှာ ပါဝင်နေရင် အဲဒီဘီလူးနက္ခတ်သမားဟာ ပန်းစား ဘီလူး၊ နတ်ဘီလူးမျှသာ ဖြစ်လို့ သူနဲ့ ပေါင်းဖက်မယ့် လူနက္ခတ်သမားအတွက် ဘေးရန် ဆိုးကျိုးတွေ မရှိဘူးလို့ မြန်မာ့ဆန်းကျမ်းဗေဒင်ပညာမှာ ခွဲခြမ်းစိတ်ဖြာထားပါတယ်။
ဥပမာလေးတစ်ခု တွက်ကြည့်ရင် မြန်မာခုနှစ် ၁၃၄၇ မှာ မွေးဖွားတဲ့ ကြာသပတေးသား ဆိုပါစို့။ ၁၃၄၇ ကို (၃) နဲ့စားရင် (ဝ) ကြွင်းလို့ ဘီလူးနက္ခတ်သမား ဖြစ်ပါတယ်။ အဲဒီမွေးခုနှစ် ၁၃၄၇ ကိုပဲ (၇) နဲ့ ထပ်စားရင် (၃) ကြွင်းပါတယ်။ ဇယားအရ ကြည့်ရင် (၃) ကြွင်း၊ ကြာသပတေးသား (၅) ဂဏန်းဖြစ်လို့ “ဝရ” ခွင်အောက်မှာ ဖွားမြင်သူ ဖြစ်ပါတယ်။ ပန်းစားဘီလူးအဆင့်သာ ဖြစ်လို့ သူနဲ့ယူတဲ့ လူနက္ခတ်သမားအတွက် ဘေးအန္တရာယ် မရှိဘူးလို့ မှတ်ယူပါတယ်။ ဒါကြောင့် (လူ + ဘီလူး) ပေါင်းဖက် မရဘူး ဆိုပေမယ့် အခုလို နတ်ဘီလူးအဆင့် ဆိုရင် လူနဲ့ ဘီလူးလည်း ကြည်ဖြူ ပေါင်းဖက် အဆင်ပြေနိုင်ကြောင်း ဗေဒင်ဝါသနာရှင်တွေအတွက် အလင်းပြ ရေးသားလိုက်ရပါတယ်။
ဧက (ဗေဒင်သုတ)
ဗေဒင် ဟောစာတမ်း အမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။