လိုတရရဲ့ ဗေဒင်ပရိသတ်ကြီးအတွက် ၇ ရက်သားသမီး နေ့စဉ်ဟောစာတမ်းတွေကို ဖော်ပြပေးလျှက်ရှိပါတယ်။ အခုလည်း မတ်လ ၂၆ ရက်နေ့ ၇ရက်သားသမီးတွေအတွက် ဆောင်ရန်၊ ရှောင်ရန် နဲ့ ဒီနေ့မှာ လုပ်ဆောင်သင့်တဲ့ ယတြာလေး တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။
တနင်္ဂနွေ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ကျောက်မျက်ရတနာပစ္စည်းနဲ့ ရွှေဝင်လာတတ်ပါတယ်။ ကုန်ပစ္စည်းသိုလှောင်ခြင်း ၊ ဆေးအရောင်းဆိုင်လုပ်ငန်းများ အထူးအောင်မြင်မည်။ အနုပညာလုပ်ငန်း၊ စာပေလုပ်ငန်းရှင်များအနေနဲ့ အထူးကောင်းမွန်နေပြီး စီးပွားရေးလုပ်ငန်းရှင်များ တင်ဒါအောင်မြင်ပြီး စီးပွားတိုးတက်နိုင်ပါတယ်။ ဝန်ထမ်းဖြစ်ပါက အလုပ်နေရာ မမြဲဖြစ်တတ်ပြီး ဝန်ထမ်းအချင်းချင်း အကောက်ကြံခြင်းများလည်း ကြုံရတတ်ပါတယ်။ အိမ်နေရာထိုင်ခင်း အသစ်ဝင်ကိန်းရှိပြီး အိမ်ကို သောကြာသားသမီးတစ်ဦး ရောက်လာရင် ထီထိုးပေးပါ။ အဖျော်ယမကာနဲ့ ဆေးဝါး၊ ကျောက်မျက်ရတနာရောင်းဝယ် ဖောက်ကားသူများ ကောင်းမွန်နေမယ့် အချိန်ဖြစ်ပြီး နိုင်ငံရပ်ခြား ခရီးထွက်ရကိန်းလည်း ရှိပါတယ်။ စပ်တူရှယ်ယာလုပ်ကိုင်ခြင်းများ သတိထားသင့်ပြီး ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သူများ အရှုံးပေါ်တတ်ပါတယ်။ စနေ၊ အင်္ဂါသားသမီးတွေရဲ့ အကူအညီနဲ့ လုပ်ငန်းတစ်ချို့ အောင်မြင်နိုင်ပါလိမ့်မယ်။ အချစ်ရေးမှာ ချစ်သူနဲ့ ပျော်ရွှင်ရမယ့် အချိန်ဖြစ်ပြီး အိမ်ထောင်သည်တွေကတော့ အိမ်ကို လင်မယားစုံတွဲလာရောက်တည်းခိုတတ်ပြီး လင်မယား ရန်ဖြစ်ရတတ်လို့ သတိပြုပါ။ ကျန်းမာရေးပိုင်းမှာတော့ သွေးတိုးတတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁၂နာရီကနေ ၁နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - ဘုရားတွင် အချိုရည်ဘူး ကပ်လှူပေးပါ။
တနင်္လာ - တနင်္လာနေ့မွေးတဲ့သူတွေအနေနဲ့ကတော့ မိတ်ဆွေများ၏ အကူအညီဖြင့် အရောင်းအဝယ် လုပ်ငန်းများ အစစအရာရာ အဆင်ပြေနေတတ်ပါတယ်။ စီးပွားရေး အကြံအစည်သစ်များလည်း အကောင်အထည်ဖော် ဆောင်ရွက်ရတတ်ပါတယ်။ ပြည်ပရပ်ဝေး ခရီးကိစ္စတွေလည်း အောင်မြင်နေတတ်ပါတယ်။ အိုးအိမ်သစ်တွေလည်း ပြောင်းရွှေ့ရတတ်ပါတယ်။ စနေနံဖြစ်တဲ့ ထီး၊ ဖိနပ်တော့ အဝင်မခံပါနဲ့။ အိမ်ရှိ စက်ပစ္စည်းတစ်ခု ချို့ယွင်းပျက်စီးတတ်တယ်။ လူမျိုးခြားနဲ့ ပတ်သက်ပြီးလည်း ကောင်းကျိုး ရရှိနိုင်ပါတယ်။ အိမ်ထောင်ပရိဘောဂပစ္စည်းသစ် ဝင်လာကိန်းရှိပြီး အနာအဆာ ပါလာတတ်ပါတယ်။ အိမ်ရှိ လျှပ်စစ်ပစ္စည်းအဟောင်းအပျက်များ စွန့်ပစ်လိုက်ပါ၊ အိမ်အနီးအနားမှာ အလှူကြီးပေးနေရင် ၁ အစ ၅ အဆုံး ထီထိုးပေးပါ။ ဝန်ထမ်းဖြစ်ပါက အထက်လူကြီးနဲ့ မိမိကြားမှာ အထင်အမြင်လွဲမှားခြင်းမျိုး ကြုံရတတ်ပြီး အလုပ်မှာ စိတ်ညစ်ရတတ်ပါတယ်။ အိမ်ထောင်သည်များအနေဖြင့် အိမ်ထောင်ဖက် စီးပွား တိုးတက်မယ့်အချိန်ပါပဲ။ ချစ်သူမရှိသေးသူများ ချစ်သူရလာတတ်တဲ့ အချိန်လည်း ဖြစ်ပါတယ်။ ချစ်သူရှိပြီးသူတွေကတော့ ချစ်သူကြောင့် စိတ်ချမ်းမြေ့ရတတ်ပါတယ်။ ကျန်းမာရေးအနေဖြင့် မျက်စိနာတတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္လာသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - ဘုရားတွင် ကျောက်ကျောကပ်လှူပေးပါ။
အင်္ဂါ - အင်္ဂါနေ့မွေးဖွားသူတွေအနေနဲ့ ဒီရက်မှာ လူတိုင်းအပေါ် အားနာလွန်းသောစိတ်ထားကိုတော့ ဖယ်ရှားသင့်ပါတယ်။ အရောင်းအဝယ်ကိစ္စများနှင့် ပတ်သက်ပြီး လူမျိုးခြား၊ ဘာသာခြားများနှင့် စပ်တူလုပ်ရတတ်ပါတယ်။ ဝေးကွာနေတဲ့ မိတ်ဆွေတွေနဲ့ ပြန်လည်ဆုံဆည်းရကိန်းရှိပြီး လုပ်ငန်းတိုးချဲ့ဖို့ လမ်းစပေါ်လာပါလိမ့်မယ်။ ဝန်ထမ်းဖြစ်ပါက လက်ရှိအလုပ်မှာ ရာထူးတိုး ရပ်တန့်နေတတ်ပြီး လစာလည်း မတိုးပဲ ရှိနေပါလိမ့်မယ်။ ကိုယ်ပိုင်လုပ်ငန်းရှင်တွေ အကျိုးများမယ့် ကာလဖြစ်ပြီး အိမ်နေရာထိုင်ခင်း အပြောင်းအရွှေ့လည်း ရှိနေပါတယ်။ အိမ်သစ်ဆောက်ရကိန်း အိမ်သစ်တက်ရကိန်းရှိပြီး အိမ်သစ်မှာ မိသားစုထဲက တစ်ဦးဦး ကျန်းမာရေး ညံ့တတ်လို့ အိမ်တက်ကို သေချာပြုလုပ်ပေးသင့်ပါတယ်။ ပညာရေးနှင့်ပတ်သက်ပြီး မိမိကို အကူအညီပေးမည့်သူများ အဆင်သင့် ရှိနေတတ်ပါတယ်။ ပျိုရွယ်သူတွေအဖို့ အချစ်ရေးမှာတော့ ဝေးကွာနေသော ငယ်ချစ်ဦးနှင့် ပြန်လည်ဆုံတွေ့ရတတ်ပါတယ်။ အိမ်ထောင်သည်တွေကတော့ အိမ်ထောင်ဖက်ရဲ့ ဆွေမျိုးတစ်ဦးဦးကို ငွေကြေးအကူအညီပေးရခြင်းမျိုး ရှိတတ်ပါတယ်။ ကျန်းမာရေးအနေဖြင့် အပူလောင်တတ်သောကြောင့် မီး၊ လျှပ်စစ်တို့ကို သတိထားကိုင်တွယ်ပါ။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - အင်္ဂါသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၆နာရီကနေ ၇နာရီခွဲအတွင်း နဲ့ ညနေ ၄နာရီခွဲကနေ ၆နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - ဘုရားတွင် ဆီချက်ကပ်လှူပေးပါ။
ဗုဒ္ဓဟူး - ဗုဒ္ဓဟူး သားသမီးတွေအတွက် ကံတရားကြောင့် ဘဝအနိမ့်အမြင့် သိသိသာသာပြောင်းလဲနိုင်တဲ့ နေ့ရက်ဖြစ်ပြီး မိမိအတွက် အကျိုးပေးသော စက်ပစ္စည်းတစ်ခု ဝင်လာတတ်သည်။ ကတိပျက်သူများနှင့် ထိပ်တိုက်ရင်ဆိုင်၍ စကားအချေအတင် ပြောဆိုရတတ်သလို သူစိမ်း အကျိုးပေးပြီး ဆွေမျိုးသားချင်းများက ဒုက္ခပေးတတ်ပါတယ်။ မပြောပလောက်တဲ့ ပြဿနာနဲ့ လုပ်ဖော်ကိုင်ဖက် အချင်းချင်း စကားများရတတ်တယ်။ ခရီးထွက်ရန် ကြံထားပါက ထွက်ဖြစ်အောင်ထွက်လိုက်ပါ။ ကောင်းသောခရီးဖြစ်ပါလိမ့်မည်။ ဝန်ထမ်းများအနေနဲ့ လုပ်ငန်းတွဲဖက်လုပ်ကိုင်နေသူတွေရဲ့ ကူညီမှုနဲ့ အလုပ်နေရာရာထူးတိုးတက်ခြင်း လစာပိုကောင်းတဲ့ အလုပ်အကိုင်ပြောင်းလဲလုပ်ကိုင်ရခြင်းမျိုး ရှိတတ်ပါတယ်။ စီးပွားရေး ကံကောင်းနေတဲ့ အချိန်ဖြစ်ပြီး ဆေးဝါးလုပ်ငန်း၊ လျှပ်စစ်ပစ္စည်းလုပ်ငန်း လုပ်ကိုင်သူတွေ အထူးကံကောင်းနေပါတယ်။ ယာဉ်၊ စက်ပစ္စည်းသစ် ဝင်ကိန်းရှိပြီး ဝင်လာလျှင်ကောင်းမွန်ပါတယ်။ အိမ်ထောင်သည်တွေအနေနဲ့ မိဘမောင်နှမများကြောင့် အိမ်ထောင်ဖက်နဲ့ တကျက်ကျက်ရှိနေတတ်ပြီး အိမ်ရှိ အငယ်ဆုံး ညီအစ်ကိုမောင်နှမတစ်ဦးဦး ချစ်သူနောက်လိုက်ပြေးတတ်ပါတယ်။ ချစ်သူရှိပြီးသူတွေကတော့ ချစ်သူအတွက် စိုးရိမ်ပူပန်ရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ လေနာရောဂါ သတိပြုပါ။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ဗုဒ္ဓဟူးသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ၃နာရီအတွင်း လုပ်ဆောင်ပြီး အောင်မြင်မှု ရယူနိုင်ပါတယ်။
ယတြာ - ဘုရားတွင်အဝါရောင်ယပ်လှူဒါန်းပေးပါ။
ရာဟု - ရာဟုသားသမီးတွေကတော့ အလုပ်မှာ နေရာထိုင်ခင်း အသစ်ရရှိခြင်း ၊ အဆောက်အဦး ပြင်ဆင်ခြင်းများ ကြုံရတတ်ပါတယ်။ ငွေကြေးကိစ္စ စကားပြောဆိုမှုများ အောင်မြင်မယ့် နေ့ရက်တစ်ရက်ပါပဲ။ စီးပွားရေးလုပ်ငန်းများအတွက် လက်အောက်ငယ်သား အကူအညီရရှိတတ်ပြီး အကြံအစည်သစ်တွေကိုလည်း အကောင်အထည်ဖော်နိုင်ပါလိမ့်မယ်။ စိုက်ပျိုးရေးထွက်ကုန်ရောင်းချသူများ အထူးအောင်မြင်နိုင်ပြီး ဘဏ်လုပ်ငန်း၊ ငွေစုငွေချေးနှင့် အစုရှယ်ယာလုပ်ငန်းများ ကောင်းမွန်နေပါတယ်။ တနင်္ဂနွေသားသမီးတွေရဲ့ အကူအညီကိုလည်း ရရှိတတ်ပြီး ပဲမျိုးစုံ၊ ဆေးဝါး၊ အိမ်ခြံမြေလုပ်ကိုင်သူတွေလည်း အကျိုးများမယ့် နေ့ရက်ပါပဲ။ အိမ်အသုံးအဆောင် ပရိဘောဂ၊ အဖိုးတန်ပစ္စည်းများ ဝင်ကိန်းရှိပြီး အိမ်ရှိ လျှပ်စစ်ပစ္စည်း ပျက်တတ်၊ ထွက်တတ်ပါတယ်။ ဆန်၊ဆီ၊ ဆား ရောင်းဝယ်ရေး လုပ်ကိုင်သူတွေ အကျိုးများမယ့် အချိန်ဖြစ်ပြီး အိမ်ရှိ ကလေးသူငယ်တစ်ဦးဦး ဖျားနာတတ်လို့ သတိပြုရပါမယ်။ ရွှေပျောက်တတ်ပြီး ပျောက်တဲ့နေရာ အနီးအနားကနေပဲ ပြန်တွေ့ပါလိမ့်မယ်။ အင်္ဂါသားသမီးတွေနဲ့ တွဲဖက်လုပ်ကိုင်မှုတွေကနေ အကျိုးအမြတ်များနိုင်ပါတယ်။ ပျိုရွယ်သူတွေအဖို့ အချစ်ရေးတွင် ဝေခွဲရခက်နေတတ်ပါတယ်။ အိမ်ထောင်သည်တွေအနေနဲ့ အိမ်ထောင်ဖက် အလုပ်ကိစ္စတွေမှာ အနှောက်အယှက်ပေးမိတတ်ပါတယ်။ ကျန်းမာရေးအနေဖြင့် အလာဂျီဖြစ်တတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ရာဟု သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ၃နာရီအတွင်း လုပ်ဆောင်ပြီး အောင်မြင်နိုင်မှာဖြစ်ပါတယ်။
ယတြာ - ဘုရားတွင် ရွှေသင်္ကန်းလှူဒါန်းပေးပါ။
ကြာသပတေး - ကြာသပတေးသားသမီးတွေအနေနဲ့ သူတပါးနဲ့ ယှဉ်ပြိုင်ဆောင်ရွက်ရသော လုပ်ငန်းများတွင် မိမိ၏ဦးဆောင်မှုကသာ ပိုမိုအသာစီးရရှိမည်။ အရောင်းအဝယ်လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်သင့်ပါတယ်။ အိမ်၊ ခြံ၊ မြေ၊ ကား စသည်လုပ်ကိုင်သူများ ပိုမိုကောင်းမွန်သည့် အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာပါလိမ့်မယ်။ ပညာရေးအနေဖြင့် ဆရာသမားကောင်းနှင့်တွေ့၍ နက်နဲသောပညာရပ်များကို လေ့လာခွင့်ရှိပါမယ်။ လက်ရှိအလုပ်မရှိသေးသူများ အလုပ်အကိုင်ရနိုင်ပြီး ကိုယ်ပိုင်စီးပွားရေးသမားများ ပိုမိုအောင်မြင်နိုင်တာဖြစ်ပါတယ်။ အလုပ်ရှိပြီးသူတွေအနေနဲ့လည်း အဆင့်မြင့်တဲ့နေရာတစ်ခုက ကမ်းလှမ်းတာမျိုးနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ လက်အောက်ငယ်သား ဒုက္ခပေးတတ်လို့ ဒီနေ့မှာ သတိထား ဆက်ဆံသင့်ပါတယ်။ ရွှေငွေကျောက်မျက် အဖိုးတန်ရတနာ တစ်ခုခု ဝင်လာကိန်းရှိပြီး ဝင်လျှင် ကျန်းမာရေးအညံ့ရှိနိုင်ပါတယ်။ အိမ်အနီးအနားမှာ ကိုယ်ဝန်ဆောင်သည်ရှိရင် တတ်နိုင်သလောက်ထောက်ပံ့ပေးလိုက်ပါ။ အနုပညာလုပ်ငန်း၊ စာအုပ်ထုတ်ဝေရေးလုပ်ငန်းရှင်များ အောင်မြင်နေမှာဖြစ်ပြီး အချစ်ရေးမှာ ချစ်သူနဲ့ မင်္ဂလာကိစ္စဆောင်ရွက်ရတတ်ပြီး အိမ်ထောင်ရေး အသင့်တင့်ရှိနေပါတယ်။ ကျန်းမာရေးအနေနဲ့ ခေါင်းတစ်ခြမ်းကိုက်တတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ကြာသပတေး သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၁၀နာရီခွဲကနေ ၁၂နာရီအတွင်း လုပ်ဆောင်ရမှာဖြစ်ပါတယ်။
ယတြာ - ဘုရားတွင် ပလာတာ ကပ်လှူပေးပါ။
သောကြာ - သူတပါးနဲ့ ပူးပေါင်းလုပ်ကိုင်ရတဲ့ အလုပ်တစ်ခု ကျိန်းသေပေါက် လုပ်ဖြစ်ပါလိမ့်မယ်။ စပ်တူလုပ်ခြင်း၊ ပူးပေါင်း လုပ်တဲ့လုပ်ငန်းများ ဖြစ်နေပါလိမ့်မယ်။ ငွေကြေးနှင့်ပတ်သက်၍ ပြောဆိုခြင်းများ အောင်မြင်မည်။ သူတစ်ပါး၏ ဝေဖန်ပြောဆိုမှုကို ပြင်းပြင်းထန်ထန် ခံစားရတတ်သည်။ မိမိကြောင့် မိသားစု စိတ်အနှောင့် အယှက်ဖြစ်ရတတ်သည်။ ဆောင်ရွက်သမျှ ထွန်းထွန်းပေါက်ပေါက်ဖြစ်မည့် အချိန်ဖြစ်၍ အနှောင့်အယှက် ပေါများနေမည်။ ပြည်တွင်းပြည်ပ အပျော်ခရီး ထွက်ရတတ်သည်။ ငွေပေးငွေယူ လုပ်ငန်းများ၊ စပ်တူရှယ်ယာလုပ်ငန်းများ ဆုံးရှုံးမှုကြုံရတတ်ပါတယ်။ လုပ်ငန်း တိုးချဲ့မှုတွေကိုလည်း ပြုလုပ်ဖို့ မသင့်သေးပါဘူး။ အိမ်အလှဆင်ပစ္စည်းလုပ်ငန်း၊ အထည်အလိပ်လုပ်ငန်း၊ အိမ်ထောင်ပရိဘောဂလုပ်ငန်းရှင်များ အထူးကောင်းမွန်နေပြီး ရေသန့်လုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်းရှင်များ အနည်းငယ်ညံ့နေပါတယ်။ လူမျိုးခြားနဲ့ ပတ်သက်ပြီး ကောင်းကျိုး ရရှိနိုင်ပါတယ်။ ပျိုရွယ်သူများ ပတ်ဝန်းကျင်၏ ဘေးစကားကြောင့် မိမိနှင့် ချစ်သူကြား ပဋိပက္ခများဖြစ်နေမည်။ ကျန်းမာရေးမှာ ခြေထောက်တွင် ထိခိုက်ဒဏ်ရာများ ရရှိတတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - သောကြာ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်း လုပ်ဆောင်သင့်ပါတယ်။
ယတြာ - ဘုရားတွင် သာကူပြင်ကပ်လှူပေးပါ။
စနေ - ဒီနေ့မှာ စနေသားသမီးတွေအတွက် လုပ်ငန်းအပြောင်းအလဲရှိနေပြီး လက်ရှိအလုပ်မှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စိတ်သဘောထားခြင်း မတိုက်ဆိုင်တာမျိုးတွေ ကြုံတွေ့ရတတ်တဲ့အချိန်ပါပဲ၊ ငွေကြေးပိုင်း စကားပြောဆို၊ လက်မှတ်ရေးထိုးမှုတွေ အတွက် သတိပြုသင့်ပြီး ကျန်းမာရေးကတော့ ပုံမှန်ပဲရှိနေပါတယ်။ အထက်အရာရှိ ဒါမှမဟုတ် လုပ်ငန်း စပ်တူလုပ်တဲ့သူတွေရဲ့ အထင်အမြင်လွဲခြင်းကိုလည်း ခံရတတ်တဲ့ နေ့ရက်ပါပဲ။ ငွေကြေးနဲ့ပတ်သက်ပြီး တစ်ခြားသူတစ်ဦးက မိမိနာမည်သုံး အလွဲသုံးစားပြုလုပ်ခံရတတ်ပါတယ်။ ငွေလိမ်ခံရနိုင်ခြေရှိလို့ ဒီရက်အတောအတွင်း ငွေပေးငွေယူ ကိစ္စတွေနဲ့ ပတ်သက်ပြီး သတိပြုရမှာပါ။ ငွေပေးငွေယူကိစ္စတွေမှာ ကြားခံဆောင်ရွက်ပေးတာမျိုး စာချုပ်လက်မှတ်ထိုးတာမျိုးကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။ လုပ်ငန်းပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး လူမျိုးခြားကူညီမှု ရရှိပါလိမ့်မယ်။ ဝန်ထမ်းတွေအနေနဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အထက်အရာရှိ အလုပ်ရှင်တို့ရဲ့ ကူညီထောက်ပံ့မှုနဲ့ ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းခွင်ကို လုပ်ကိုင်ခွင့်ရပါလိမ့်မယ်။ ဒီနေ့မှာ ကြာသပတေး၊ တနင်္လာသားသမီး တွေနဲ့ပတ်သက်ပြီး သတိထားလုပ်ဆောင်သင့်ပါတယ်။ ချစ်သူမရှိသေးသူများ ချစ်သူရလာတတ်ပြီး အိမ်ထောင်သည်တွေကတော့ မိသားစု သာယာပျော်ရွှင်မှု ရရှိပြီး သားသမီး ရတနာ တိုးပွားတတ်ပါတယ်။ ပညာရေး ၊ ကျန်းမာရေးပိုင်း ပုံမှန်ပဲရှိနေပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - စနေ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၃နာရီကနေ ၄နာရီခွဲအတွင်း လုပ်ဆောင်ပြီး အောင်မြင်နိုင်မှာဖြစ်ပါတယ်။
ယတြာ - ဘုရားတွင် ထမနဲကပ်လှူပေးပါ။
LEO
#lotaya_funny
နေ့စဉ် အသစ်သစ်သော ဟာသ လေးတွေကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။