ဧပြီလ ၁၅ ရက်နေ့အတွက် ၇ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2020-04-15

လိုတရရဲ့ ဗေဒင်ပရိသတ်ကြီးအတွက် ၇ရက်သားသမီး နေ့စဉ်ဟောစာတမ်းတွေကို ဖော်ပြပေးလျှက်ရှိပါတယ်။ အခုလည်း ၂၀၂၀ ခုနှစ် ဧပြီလ ၁၅ ရက်နေ့ သင်္ကြန်အကြတ်နေ့ ၇ရက်သားသမီးတွေအတွက် ဆောင်ရန်၊ ရှောင်ရန် နဲ့ ဒီနေ့မှာ လုပ်ဆောင်သင့်တဲ့ ယတြာလေး တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

တနင်္ဂနွေ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဝင်ငွေနဲ့ ထွက်ငွေမမျှတဖြစ်နေတတ်ပြီး ဒီအခြေအနေကို ထိန်းချုပ်နိုင်ခြင်း မရှိတာမျိုး ဖြစ်တတ်ပါတယ်။ ရွှေဝင်လာလျှင် ရွှေထွက်၊ ငွေဝင်လာလျှင် ငွေပြန်ထွက်မယ့် အချိန်လည်း ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းတိုးတက်မှု ရပ်တန့်နေတတ်ပြီး လုပ်ငန်းတိုးချဲ့ဖို့ တခြားလုပ်ငန်းတစ်ခုခု ပြောင်းလဲလုပ်ကိုင်ဖို့ စဉ်းစားထားသူတွေအနေနဲ့လည်း နောက်ဆုတ်သင့်ပါတယ်။ ဝန်ထမ်းဖြစ်ပါက ရာထူးမတည်မငြိမ်၊ အလုပ်အကိုင် မတည်မငြိမ်ဖြစ်နေတတ်ပြီး အလုပ်မှာ စိတ်ဆင်းရဲနေတတ်ပါတယ်။ ဒီရက်မှာ အလုပ်ပြောင်းရင်လည်း မကောင်းတဲ့အချိန်ဖြစ်လို့ သတိပြုပါ။ စိန်၊ ရွှေ၊ ကျောက်မျက် လုပ်ငန်းလုပ်ကိုင်သူများ အရောင်းအဝယ်အေးနေတတ်ပြီး အလှကုန် လုပ်ငန်းရှင်တွေကတော့ ဝင်ငွေအသင့်အတင့်ရှိနေပါလိမ့်မယ်။ အချစ်ရေးမှာ ချစ်သူမရှိသေးသူများ မိမိအပေါ် တကယ်ကောင်းတဲ့ ချစ်သူရဖို့ ခက်ခဲဦးမယ့် အချိန်ဖြစ်ပြီး ချစ်သူရှိပြီးသူတွေကတော့ ချစ်သူနဲ့ ဘာမဟုတ်တာလေးနဲ့ စကားများရန်ဖြစ်ရတတ်ပါတယ်။ အိမ်ထောင်သည်တွေကတော့ သားသမီးကြောင့် စိတ်ညစ်ရတတ်ပါတယ်။ ပညာရေးမှာ နိုင်ငံရပ်ခြားပညာတော်သင် ကိစ္စများ ပေါ်လာတတ်ပြီး အခွင့်အလမ်းတွေလည်း အများအပြားတွေ့လာရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ ဒူး၊ ခါး နာတတ်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁၂နာရီကနေ ၁နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - ဘုရားတွင် အချိုရည်ဘူး ကပ်လှူ၍ လိုရာဆုတောင်းပါ။

တနင်္လာ - တနင်္လာသားသမီးတွေအနေနဲ့ လုပ်ငန်းပိုင်းဆိုင်ရာမှာ မိမိရဲ့အကြံအစည်ကို လက်ခံသူမရှိဖြစ်နေတတ်ပြီး လုပ်ငန်းခွင် ပဋိပက္ခလေးတွေ အနည်းငယ် ကြုံရနိုင်ပါတယ်။ သူတစ်ပါးသွေးထိုးမှု ခံရကိန်းရှိပြီး လုပ်ငန်းအောင်မြင်မှုအပေါ် နှောင့်ယှက်သူပေါတတ်တဲ့ အချိန်လည်း ဖြစ်ပါတယ်။ လူမျိုးကွဲ၊ ဘာသာကွဲနဲ့ ပူးပေါင်းလုပ်ဆောင်မှု အောင်မြင်မှာဖြစ်ပြီး နေရာထိုင်ခင်း အပြောင်းအရွှေ့ရှိနိုင်ပါတယ်။ ဟိုတယ်လုပ်ငန်း၊ အိမ်ရာလုပ်ငန်းရှင်များ ကောင်းမွန်နေပြီး ဆေးဆိုင်၊ စားသောက်ဆိုင်လုပ်ငန်းရှင်များ အနည်းငယ်ညံ့နေပါတယ်။ ဝန်ထမ်းဖြစ်ပါက လက်အောက်ငယ်သားတွေက မိမိရဲ့ စကားကို အလေးမထားခြင်းကြောင့် စိတ်ဆင်းရဲရတတ်ပါတယ်။ လုပ်ငန်းခွင်မပျော်ရွှင်မှုရှိမယ့် အချိန်ဖြစ်ပြီး အလုပ်ပြောင်းလိုက ပြောင်းနိုင်ပါတယ်။ ပညာရေးကိုစိတ်မဝင်စားပဲ အချစ်ရေးအတွက် စိတ်လေနေတတ်ပါတယ်။ ချစ်သူရှိပြီးသူတွေအနေနဲ့ ချစ်သူနဲ့ ကတောက်ကဆဖြစ်ပြီး ခဏတာ လမ်းခွဲရတတ်ပါတယ်။ ဒါပေမယ့် မကြာခင် ပြန်ပြေလည်သွားပါလိမ့်မယ်။ အိမ်ထောင်ရှင်များ ငွေကြေးအများအပြား ရရှိနေမယ့် အချိန်ဖြစ်ပြီး ကျန်းမာရေးအနေနဲ့ ဆီးကျင်တတ်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္လာ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၆နာရီကနေ ၇နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - ဘုရားတွင် ချော့ကလက်ဖျော်ရည်ကပ်လှူပေးပါ။

အင်္ဂါ - အင်္ဂါနေ့မွေးဖွားသူတွေအနေနဲ့ ဒီနေ့မှာ လူအများကြားမှာ ထင်ပေါ်နေမယ့် အချိန်ပါပဲ။ မိသားစု ဆွေမျိုး လုပ်ဖော်ကိုင်ဖက်တွေက မိမိမှမိမိ အားကိုးနေကြမယ့် အချိန်ဖြစ်ပြီး ဘာလုပ်လုပ်အောင်မြင်နေမယ့်အချိန်လို့ ဆိုရမှာပါ။ လုပ်ငန်းသစ်ချဲ့ထွင်လိုသူတွေအဆင်ပြေမယ့် အချိန်ဖြစ်ပြီး ကိုယ်ပိုင်လုပ်ငန်းစတင်လိုသူတွေအတွက် အချိန်ကောင်းပါပဲ။ လုပ်ငန်းစပ်တူ ရှယ်ယာလုပ်ခြင်း ရှယ်ယာထည့်ဝင်ခြင်းမျိုးအတွက်လည်း အဆင်ပြေပြီး စားသောက်ကုန်လုပ်ငန်း၊ ရေသန့်လုပ်ငန်းရှင်များ အထူးကောင်းမွန်နေပါတယ်။ အထည်အလိပ်၊ ထီးဖိနပ် လုပ်ငန်းတွေကတော့ အနည်းငယ်အရောင်းနှေးနိုင်ပါတယ်။ ဒါပေမယ့် အဆိုးကြီးတော့ မဟုတ်ပါဘူး။ ဝန်ထမ်းဖြစ်ပါက အလုပ်ခွင်မှာ မိမိမရှိလို့ မဖြစ်တဲ့အထိ အောင်မြင်မှု ရတတ်ပါတယ်။ အိမ်အနီးအနားမှာ ရန်ဖြစ်သံကြားရင် ၈အစ ၂ အဆုံး ထီထိုးပေးပါ။ အချစ်ရေးမှာ ချစ်သူမရှိသေးသူများ ရွေးချယ်ရခက်လောက်အောင် စန်းပွင့်နေမှာဖြစ်ပြီး ချစ်သူရှိပြီးသူတွေကတော့ ချစ်သူရှိနေတာတောင် နောက်ထပ် ချစ်ရေးဆိုသူတွေ အများအပြားကြုံလာရမှာဖြစ်ပါတယ်။ အိမ်ထောင်သည်တွေအနေနဲ့ အိမ်ထောင်ရေးအဆင်ပြေနေပြီး အိမ်ထောင်ဖက် စီးပွားတိုးတက်ရေးအတွက် ကူညီထောက်ပံ့ခွင့် ကြုံပါလိမ့်မယ်။ ကျန်းမာရေးအနေနဲ့ စိုးရိမ်စရာမရှိပါဘူး။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - အင်္ဂါသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ၃နာရီ အတွင်းလုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - အိမ်ရှိဘုရားတွင် ဆီးပန်းသီး ကပ်လှူဆုတောင်းပေးပါ။

ဗုဒ္ဓဟူး - ဗုဒ္ဒဟူးသားသမီးတွေအနေနဲ့ လုပ်ငန်းကိစ္စနဲ့ ပတ်သက်လို့ အလုပ်တာဝန် မနိုင်မနင်းဖြစ်နေတတ်ပြီး ငွေကြေးအပေးအယူပိုင်း သတိထားလုပ်ဆောင်သင့်ပါတယ်။ အိုးအိမ်သစ် ဝင်နိုင်မယ့် ကာလဖြစ်ပြီး ထီကံစမ်းပေးနိုင်ပါတယ်။ ငွေကြေးလူလိမ်ခံရတတ်ပြီး စာချုပ်စာတမ်း ကိစ္စများ ကြားဝင်အာမခံပေးတာမျိုး ရှောင်ကြဉ်သင့်ပါတယ်။ အချစ်ရေး အိမ်ထောင်ရေး ပုံမှန်ရှိနေပြီး ပညာရေးနဲ့ ပတ်သက်ပြီး နိုင်ငံခြား ခရီးအတွက် လူလိမ်ခံရတတ်ပါတယ်။ ဒီရက်ပိုင်းမှာ ဘယ်ကိစ္စကိုမဆို ကိုယ်တိုင်လုပ်ကိုင်တာက ပိုအဆင်ပြေမှာဖြစ်ပြီး ကြားလူနဲ့ ပြုလုပ်ခြင်းတွေအတွက် အမှားဖြစ်တတ်ပါတယ်။ ဝန်ထမ်းဖြစ်ပါက အထက်လူကြီးကပြောတဲ့ အချက်အလက်တွေကို မိမိစိတ်က လက်မခံနိုင်ဖြစ်နေတတ်ပါတယ်။ လုပ်ငန်းအတွက် အကြံဉာဏ်တွေ ထွက်မလာပဲ အလုပ်ကိုစိတ်မဝင်စား ဖြစ်နေတတ်တဲ့ ကာလလည်း ဖြစ်ပါတယ်။ အိမ်အနီးအနားမှာ ဘုန်းကြီးကျောင်း ဘာသာရေးကျောင်းရှိရင် သွားရောက် ဂါရဝပြုလှူဒါန်းပေးပါ။ ခေါင်းမူးခေါင်းကိုက်ဝေဒနာ မကြာခဏဖြစ်တတ်သလို ကျန်းမာရေးအနည်းငယ်ညံ့နေတာကြောင့် သတိပြုသင့်တဲ့ နေ့ရက်ဖြစ်ပြီး အိမ်မှာရှိတဲ့ ပစ္စည်းအဟောင်းအပျက်တွေကို စွန့်ပစ်လိုက်ပါ။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ဗုဒ္ဓဟူး သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ ညနေ ၃နာရီကနေ ၄နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - ဘုရားတွင် ရွှေပန်း ကပ်လှူပေးပါ။

ရာဟု - ရာဟုသားသမီးတွေအနေနဲ့ လုပ်ငန်းရှင်ဖြစ်ပါက လုပ်ငန်းတိုးချဲ့ဖို့ အခက်အခဲတစ်ချို့ ကြုံနေရမယ့် အချိန်ပါပဲ။ ပိုင်ဆိုင်ထားတဲ့ ငွေကြေးတွေကို စနစ်တကျ သုံးတတ်ဖို့ အရေးကြီးသလို အလျင်စလို ဆုံးဖြတ်မှုတွေကြောင့် ဆုံးရှုံးမှုတွေ ကြုံနိုင်လို့ သတိပြုသင့်ပါတယ်။ ခရီးသွားရကိန်းလည်း ရှိပြီး ကောင်းသော ခရီးသွားလာခြင်းဖြစ်လာပါလိမ့်မယ်။ လမ်းသွားရင်း ပိုက်ဆံကောက်ရခဲ့ရင် အဲဒီပိုက်ဆံကို လှူပေးပါ။ အိမ်ရှိအတူနေ လူကြီးမိဘတွေနဲ့ စကားများရန်ဖြစ်တတ်လို့ လတ်တလောမှာ အရှုံးပေးပြီး နေတာမျိုးက ပိုအဆင်ပြေပါလိမ့်မယ်။ ဝန်ထမ်းဖြစ်ပါက ရာထူးတိုး၊ လစာတိုးအတွက် ကြန့်ကြာနေတတ်ပါတယ်။ အိမ်ရှိ လျှပ်စစ်ပစ္စည်းတစ်ခုခု ထွက်တတ်ပျက်တတ်ပြီး အသစ်ထပ်ဝယ်မယ်ဆိုရင်လည်း အနာပါလာတတ်ပါတယ်။ အချစ်ရေးမှာ ချစ်သူမရှိသေးသူများ ချစ်သူရလာနိုင်ပြီး ချစ်သူရှိပြီးသူတွေကလည်း ချစ်သူနဲ့ မင်္ဂလာကိစ္စ ပြုလုပ်ဆောင်ရွက်ရတတ်ပါတယ်။ အိမ်ထောင်သည်တွေကတော့ အိမ်ထောင်ဖက်ရဲ့ အကူအညီနဲ့ လုပ်ငန်းတိုးတက်မှု ရရှိပါလိမ့်မယ်။ ပညာရေးနဲ့ပတ်သက်လို့ နာမည်ဂုဏ်သတင်း ကျော်ကြားနိုင်ပြီး လူမျိုးခြားနဲ့ ဆက်ဆံရေးအောင်မြင်နိုင်ပါတယ်။ ကျန်းမာရေးအနေနဲ့ အဆစ်ရောင်တတ်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ရာဟုသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ ညနေ ၃နာရီကနေ ၄နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - ဘုရားတွင် လမုန့်လှူဒါန်းပေးပါ။

ကြာသပတေး - ကြာသပတေးသားသမီးတွေကတော့ မင်္ဂလာကိစ္စတစ်ခုခု ဦးစီးကျင်းပပေးရတတ်ပါတယ်။ ဒီရက်ပိုင်းမှာ မင်္ဂလာရှိတဲ့ ကိစ္စတွေချည်းပဲကြားနေရမှာဖြစ်ပြီး ကိုယ်တိုင်လည်း လက်ဖျားငွေသီးနေတတ်ပါတယ်။ လုပ်ငန်းကိစ္စအဝဝ အောင်မြင်နေမှာဖြစ်ပြီး လုပ်ငန်းရှင်ဖြစ်ပါက လုပ်ငန်းတိုးချဲ့မှုမှန်သမျှ အဆင်ပြေချောမွေ့ပါလိမ့်မယ်။ စပ်တူရှယ်ယာလုပ်ငန်းလုပ်ကိုင်သူများလည်း အကျိုးအမြတ်များမယ့် အချိန်ပါ။ ဝန်ထမ်းဖြစ်ပါက လုပ်ငန်းရှင်ရဲ့ ချစ်ခင်နှစ်သက်မှု ခံရတတ်ပြီး ဘောနပ်စ်ကောင်းကောင်း ရလာတတ်ပါတယ်။ စိုက်ပျိုးရေးလုပ်ငန်း၊ ကျောက်မျက်တူးဖော်ခြင်းလုပ်ငန်း လုပ်ကိုင်သူများ အထူးကောင်းမွန်နေပြီး ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေကတော့ လုပ်ငန်းအနည်းငယ်အေးနေပါတယ်။ လုပ်ငန်းအတွက် အထောက်အကူဖြစ်မယ့် ပညာရပ်ဆိုင်ရာ သင်တန်းတွေ တက်ရောက်ရကိန်းရှိပြီး နိုင်ငံရပ်ခြား ပညာတော်သင်အတွက်လည်း ဒီရက်မှာ မျှော်လင့်ချက်ရှိလာနိုင်ပါတယ်။ အချစ်ရေးမှာ ချစ်သူမရှိသေးသူတွေရော ချစ်သူရှိပြီးသူတွေပါ စိတ်ချမ်းမြေ့ရမယ့်အချိန်ပါ။ အိမ်ထောင်သည်တွေအနေနဲ့ သားသမီးပညာရေး ထူးထူးချွန်ချွန်အောင်မြင်ပါလိမ့်မယ်။ ကျန်းမာရေးအနေနဲ့ အစာအိမ်ရောဂါ သတိပြုပါ။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ကြာသပတေး သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင် မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - ဘုရားတွင် ပန်းသီးစိတ်ကပ်လှူပေးပါ။

သောကြာ - ဒီနေ့မှာ သောကြာသားသမီးတွေအနေနဲ့ ဒီနေ့မှာ ဘယ်လိုကိစ္စမျိုး မဆို အဆင်ပြေပြေနဲ့ ပြီးဆုံးသွားပါလိမ့်မယ်။ လုပ်ငန်းတိုးချဲ့မှုပိုင်း အောင်မြင်နိုင်ပြီး မိတ်ဆွေ သူငယ်ချင်းများနဲ့ ပေါင်းစည်းလုပ်ကိုင်တဲ့ စပ်တူလုပ်ငန်းအကျိုးပေးပြီး ထီ စပ်တူထိုးပေးသင့်ပါတယ်။ ဝန်ထမ်းများအနေနဲ့ အလုပ်ရှင်ရဲ့ ထောက်ပံ့ကူညီမှုနဲ့ လုပ်ငန်းအောင်မြင် တိုးတက်မှာဖြစ်ပြီး ကား၊ အိမ်အရောင်းအဝယ်လုပ်ငန်းများလည်း အကောင်အထည်ပေါ်လာပါလိမ့်မယ်။ စီးပွားရေးလုပ်ငန်းပိုင်းမှာ အခက်အခဲကြုံပြီးမှ အောင်မြင်နိုင်လို့ စိတ်ရှည်သည်းခံဖို့ လိုအပ်ပါတယ်။ သောကြာနံ လုပ်ငန်း ဥပမာ သွပ်သံလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် အထူးကောင်းမွန်နေပါတယ်။ တနင်္ဂနွေ၊ စနေသားသမီးတွေရဲ့ ဒုက္ခပေးခြင်း ခံရတတ်ပြီး လုပ်ငန်းခွင်အတွင်း သောကြာ၊ ဗုဒ္ဓဟူး သားသမီးတွေရဲ့ အကူအညီရရှိလာပါလိမ့်မယ်။ လမ်းသွားရင်းအလှူမဏ္ဍပ်မြင်တွေ့လျှင် ထီထိုးပေးပါ။ အချစ်ရေးမှာ ချစ်သူရဲ့ သစ္စာဖောက်ခြင်းကို မျက်ဝါးထင်ထင် မြင်တွေ့ရကိန်းရှိပြီး အိမ်ထောင်သည်တွေကတော့ သားသမီးပညာရေးအတွက် ငွေကုန်ကြေးကျများတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ မျက်ရိုးကိုက်တတ်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - သောကြာ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ၃နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - ဘုရားတွင် သခွားသီးသုပ်ကပ်လှူပေးပါ။

စနေ - ဒီနေ့မှာ စနေသားသမီးတွေအနေနဲ့ ဒီရက်ပိုင်းမှာ လုပ်ငန်းတိုးတက်မှုတွေ ခေတ္တနှောင့်နှေးနေပါလိမ့်မယ်။ မှန်းထားသလောက် ငွေကြေးအဝင်မရှိပဲ ကြွေးတင်တတ်ပါတယ်။ အောင်မြင်မယ်ထင်ပြီး တိုးချ့ဲမိတဲ့ လုပ်ငန်းတွေကလည်း စိတ်ညစ်ရတတ်ပါတယ်။ ဒါပေမယ့် မရနိုင်တော့ဘူးလို့ ထင်ထားတဲ့ ငွေကြေးတွေ ပြန်ရလာကိန်း ရှိပါတယ်။ အဖျော်ယမကာနဲ့ ဆေးဝါး၊ ကျောက်မျက်ရတနာရောင်းဝယ် ဖောက်ကားသူများ ကောင်းမွန်နေမယ့် အချိန်ဖြစ်ပြီး နိုင်ငံရပ်ခြား ခရီးထွက်ရကိန်းလည်း ရှိပါတယ်။ စပ်တူရှယ်ယာ လုပ်ကိုင်ခြင်းများ သတိထားသင့်ပြီး ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သူများ အရှုံးပေါ်တတ်ပါတယ်။ စနေ၊ အင်္ဂါသားသမီးတွေရဲ့ အကူအညီနဲ့ လုပ်ငန်းတစ်ချို့ အောင်မြင်နိုင်ပါလိမ့်မယ်။ ဝန်ထမ်းဖြစ်ပါက လုပ်ငန်းခွင်နေရာထိုင်ခင်းအပြောင်းအလဲ ကြုံရကိန်းရှိပြီး လုပ်ငန်းသစ်မှာ အောင်မြင်မှု ရရှိပါလိမ့်မယ်။ အိမ်ဘေးမှာ အပူသည်သော်လည်းကောင်း ရှိတတ်ပြီး လမ်းသွားနေရင်း ရုတ်တရက် ရန်ပွဲတွေ့မြင်ပါက မိမိသားသမီးတစ်ဦးဦး ကျန်းမာရေးညံ့တတ်လို့ သတိပြုပါ။ အချစ်ရေးမှာ ချစ်သူနဲ့ အပျော်ခရီးအတူတကွ သွားရတတ်ပြီး အိမ်ထောင်သည်တွေကတော့ အိမ်ထောင်ဖက်နဲ့မိမိကြားမှာ မိဘကြောင့် စိတ်မချမ်းမသာ ဖြစ်ရတတ်ပါတယ်။ ပညာရေးအနည်းငယ်ညံ့နေပြီး ကျန်းမာရေးအနေနဲ့ နှလုံးရောဂါ သတိပြုပါ။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - စနေ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - ဘုရားတွင် နို့ဝေဖာ ကပ်လှူပေးပါ။

LEO

#lotaya_horoscope

ဗေဒင် ဟောစာတမ်း အမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။



Some text some message..