ဇွန် ၁ ရက်နေ့အတွက် ၇ ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2020-06-01

လိုတရရဲ့ ဗေဒင်ပရိတ်သတ်ကြီးအတွက် (၇) ရက်သားသမီး နေ့နံအလိုက် ဒီတစ်နေ့တာ ကံဇာတာ ကောင်းဆိုး အခြေအနေတွေနဲ့ ပြုလုပ်ရမယ့် ယတြာတွေကို ဖော်ပြပေးလိုက်ပါတယ်။

တနင်္ဂနွေ - ဘာလုပ်လုပ် အလွယ်နဲ့ မပြီးမြောက်ဘဲ အတိုက်အခံ များနေမယ်။ ဘေးကျပ်နံကျပ်တွေ ကြားထဲ ရောက်သွားတတ်တယ်။ အလုပ်မှာ မလိုလားအပ်တဲ့ နှောင့်နှေးမှုတွေ ဖြစ်မယ်။ ဒါပေမယ့် ငွေကြေးနဲ့ ပတ်သက်လို့ အဆင်ပြေမယ်။ ကြားပေါက်ရလမ်းတွေ ပေါ်မယ်။ မိတ်ဆွေ၊ ဆရာသမားရဲ့ အကူအညီ ရမယ်။ နိုင်ငံရပ်ခြားနဲ့ ဆက်စပ်တဲ့ အလုပ်တွေ ကောင်းမယ်။ အိမ်ထောင်ရေး အချစ်ရေးမှာ ရန်ဖြစ်လိုက်၊ ပြန်တည့်လိုက် ဖြစ်မယ်။ ကျန်းမာရေးမှာ အညံ့ ရှိတယ်။ အသွားအလာ ဆင်ခြင်ရမယ်။ မနက်ခင်း ၁၀ နာရီနဲ့ ၁၁ နာရီကြားက ကံကောင်းချိန်ပါ။ ယတြာအနေနဲ့ ပေါင်မုန့် ဘုရားကို လှူပါ။

တနင်္လာ - ဒီနေ့မှာ ကျန်းမာရေး အားနည်းတတ်တယ်။ မတော်တဆ ထိခိုက်ဒဏ်ရာ ရတတ်တယ်။ လူက နေရင်းထိုင်ရင်း စိတ်လေးနေမယ်။ လုပ်ချင်တာ ဖြစ်ချင်တာတွေအတွက် သည်းခံနေရလိမ့်မယ်။ အလုပ်အကိုင်ကိစ္စတွေမှာ စိတ်တိုစရာတွေ များမယ်။ အငြင်းအခုံတွေ ဖြစ်ရတတ်တယ်။ အလုပ်မှာ အညံ့ ရှိပေမယ့် ငွေကြေးကံတော့ မဆိုးဘူး။ မိတ်ဆွေအပေါင်းအသင်းတွေဆီက အကူအညီ ရမယ်။ နှလုံးသားရေးကိစ္စတွေမှာ သံသယ ဖြစ်စရာ ပေါ်မယ်။ မလိမ့်တပတ် အရှုပ်အရှင်းတွေ ရှိတတ်တယ်။ အကြံအစည် ရည်ရွယ်ချက်တွေ မပီမပြင်နဲ့ အကောင်အထည် ဖော်ဖို့ ခက်မယ်။ မနက် ၉ နာရီဟာ ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ နွမ်းပါးတဲ့ အမျိုးသမီးကြီးတွေကို ငွေလှူလိုက်ပါ။

အင်္ဂါ - ဘာမဆို ရင်ဆိုင်ယှဉ်ပြိုင်လိုစိတ်တွေ ပြင်းထန်နေမယ်။ စိတ်ကူး အကြံအစည်တွေ လက်တွေ့ လုပ်ပြနိုင်မယ်။ ငွေကြေးစီးပွား များသောအားဖြင့် အဆင်ပြေမယ့် နေ့ ဖြစ်တယ်။ အလုပ်အကိုင်တွေ အပေါက်အလမ်းတည့် အောင်မြင်မယ်။ အကြီးအကဲတချို့နဲ့ အဆင်မပြေ ဖြစ်တတ်တယ်။ ဒါပေမယ့် နောက်ပိုင်း ပြန်ပြေလည်မယ်။ မိတ်ဆွေအပေါင်းအသင်း သတိပြုပါ။ သူတို့ကြောင့် စိတ်ညစ်ရမယ်။ ကျန်းမာရေး ပူစရာ မရှိ၊ အားအင်တွေ သုံးလွန်းလို့ လူပင်ပန်းတတ်တာတစ်ခုပဲ။ ဒီနေ့ နေ့လယ်ပိုင်းမှာ ကံကောင်းတတ်တယ်။ ယတြာလုပ်ဖို့ မလိုဘူး။ သွားလေရာ နာရီပတ်ထားရင် အဆင်ပြေပါတယ်။

ဗုဒဟူး - အလုပ်အကိုင်၊ စီးပွားရေးမှာ ကံကောင်း အောင်မြင်တဲ့ နေ့ ဖြစ်တယ်။ လုပ်ချင် ဖြစ်ချင်တာ အကုန် ဖြစ်မြောက်နိုင်တယ်။ အတိုက်အခံလေးတွေ ပေါ်လာတတ်ပေမယ့် ကျော်ဖြတ်သွားနိုင်မယ်။ စီးပွားသစ်တွေ၊ လုပ်ငန်းသစ်တွေ၊ နယ်ပယ်သစ်တွေ တိုးချဲ့ရင် ကောင်းတယ်။ ဒီနေ့မှာ မိတ်ဆွေ အပေါင်းအသင်းနဲ့ ပတ်သက်လို့ စိတ်ရှုပ်ရမယ်။ အိမ်ထောင်ရေးအချစ်ရေး ပြဿနာ ဖြစ်လွယ်နေလို့ အတတ်နိုင်ဆုံး စိတ်ရှည်ဖို့ လိုလိမ့်မယ်။ ကျန်းမာရေးမှာ သာမန်ထက် အားနည်းတတ်လို့ ဂရုစိုက်ပါ။ နေ့အရ ညနေ ၃ နာရီလောက်ဟာ ကံကောင်းချိန်ပါ။ ယတြာအနေနဲ့ အဝါနဲ့ အစိမ်းကို တွဲဝတ်ပါ။

ကြာသပတေး - အစစအရာရာ ကံကောင်းမယ့် နေ့ ဖြစ်တယ်။ ဘာသာရေးလုပ်သူတွေဆို ဆုတောင်း ပြည့်ဖို့ လွယ်ကူတယ်။ ကုန်ပစ္စည်းသစ် စ မိတ်ဆက်တာ၊ ဖြန့်ချိတာမျိုး လုပ်သင့်တယ်။ မိတ်ဆွေတွေ ဆရာသမား အကြီးအကဲတွေရဲ့ ကူညီထောက်ပံ့မှု ရမယ်။ ဒါပေမယ့် စပ်တူရှယ်ယာ အကျိုးမပေးပါ။ နှလုံးသားရေးမှာ တကျက်ကျက်နဲ့ ဖြစ်တတ်တယ်။ ကျန်းမာရေး အားနည်းတတ်လို့ သတိပြုရမယ်။ ငွေကုန်ကြေးကျလည်း များနေတတ်ပါတယ်။ ဒီနေ့မှာ နေ့လယ် ၁၂ နာရီနဲ့ မွန်းလွဲ ၁ နာရီကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာ မလိုပါဘူး။ ဘုရားကန်တော့ပြီး အလုပ်လုပ်ရင် အောင်မြင်မယ်။

သောကြာ - အလုပ်အကိုင်ရော ကိုယ့်ကိစ္စတွေရော ဘာမှ အဆင်မပြေဘဲ ဖြစ်နေမယ်။ ဒီလိုနေ့မျိုးမှာ ခရီးအသွားအလာလည်း သတိထားရမယ်။ စီးပွားရေးမှာ မတင်မကျတွေ၊ ရှေ့တိုးရခက် နောက်လည်း ဆုတ်ရခက်တာတွေ ဖြစ်မယ်။ မျှော်လင့်သလောက် မဖြစ်မြောက်ဘဲ ရပ်နေမယ်။ ငွေကြေးကိစ္စတွေမှာ အတိုက်အခံ ပြောဆိုပြီးမှ အဆင်ပြေလိမ့်မယ်။ အိမ်ထောင်ရေး အချစ်ရေးတွေမှာ ကတောက်ကဆ ဖြစ်လွယ်နေမယ်။ မနက် ၉ နာရီဟာ ကံကောင်းချိန် ဖြစ်ပြီး ယတြာအနေနဲ့ ဘုရားမှာ ရေသပ္ပါယ်ပါ။

စနေ - ဒီနေ့မှာ ဘာလုပ်လုပ် မပြီးမပြတ်နဲ့ လက်စမသတ်နိုင် ဖြစ်နေမယ်။ စိတ်ကူးထားတာတွေလည်း မဖြစ်မြောက်ဘဲ နောက်ကျ ကျန်ရစ်တတ်တယ်။ အလုပ်အကိုင်စီးပွားဘက်မှာ မိတ်ဆွေကောင်းတွေရဲ့ အကူအညီနဲ့ အဆင်ပြေဖို့ ရှိနေတယ်။ ကိုယ့်ဖာသာ လျှောက်လုပ်ရင် ထင်သလောက် မအောင်မြင်ဘဲ ရှိလိမ့်မယ်။ လူငယ်တွေဆို နှလုံးသားရေးမှာ စိတ်ချမ်းသာရမယ်။ စိတ်တိုင်းကျ ဖြစ်မယ်။ ဒီလိုနေ့မှာ မနက် ၁၁ နာရီနဲ့ ၁၂ နာရီကြားက ကံကောင်းမယ်။ ယတြာအနေနဲ့ အုန်းရည် ဘုရားလှူရမယ်။

#lotaya_horoscope

ဗေဒင် ဟောစာတမ်း အမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။



Some text some message..