ကျွန်မနားထဲတွင်ကျွန်မကိုခေါ်ကာ လှုပ်နိုးနေသံအား
ကြားနေရသဖြင့် နိုးလာခဲ့သည်။ ပထမဆုံးတွေ့လိုက်
သည်က ဖူးပွင့်ဝေပင်။ သူမဘေးတွင် လူကြီးတစ်
ယောက်နှင့် လူလတ်ပိုင်းတစ်ယောက်ရပ်နေသဖြင့်ကျွန်မလည်းအလန့်တကြားဖြင့်ထထိုင်လိုက်တော့
သည်။
" အဈမ... ''
ကျွန်မ၏ငိုသံစွက်နေသောအသံကို သူမသဘော
ပေါက်ဟန်ရှိသည်။
" ညီမရဲ့အိမ်ကပြန်ပြီးတာနဲ့ ဆရာ့ကိုသွားပင့်လာတာ...အိမ်ပြန်ရောက်တော့ ညီမမေ့လဲနေတာတွေ့လို့ ...ညီမအိမ်ထဲဘယ်လိုဝင်လာတာလဲ "
ဆရာဆိုသူကိုကျွန်မလှမ်းကြည့်လိုက်သည်။ ဆရာက
အိမ်ခန်းများကို ပတ်ကြည့်နေ၏။ ကျန်လူလတ်ပိုင်း
တစ်ယောက်မှာ သူ၏တပည့်ဖြစ်ဟန်တူသည်။
" တံခါးပွင့်လာလို့ အစ်မဖွင့်ပေးတယ်ထင်ပြီး ဝင်
ခဲ့တာ... အစ်မချစ်သူဖြစ်နေတယ် "
ဖူးပွင့်ဝေမှာ ဝမ်းနည်းနေဟန်ရသည်။
" အစ်မလည်းအစက သူ့ကိုအပိုင်လိုချင်လို့ခေါ်ထား
မိတာ .. အခုလိုပုံစံဆို ပြန်ပို့မှဖြစ်တော့မယ်လေ ...
ဆရာ... လုပ်ပေးပါဦး "
" အင်း ... သူရှိနေတာအာရုံခံလို့ရနေတယ်... "
" သူ့ကိုပြန်ပို့လို့ရမှာပါနော်ဆရာ "
" ကြိုးစားကြည့်ရမှာပေါ့ ... မြတ်ထူးရေ ငါ့လွယ်
အိတ်လှမ်းပါဦး "
ဆရာ၏တပည့်က လွယ်အိတ်လှမ်းပေးလိုက်သည်။
ထိုလွယ်အိတ်ထဲမှ ကြေးပြားမှန်ချပ်အားထုတ်ယူ
လာလေသည်။
" အရင်ကတော့ဒါလေးမရှိလို့ သမီးလာခေါ်တုန်း
ကမလိုက်ခဲ့တာ...အခုတော့အသိဆရာကပေးငှားလိုက်လို့ အဆင်သင့်သွားတာပဲ.. "
ဟုဆိုရင်း ထိုကြေးပြားမှန်လေးအား စားပွဲပေါ်သို့
အထောင်လိုက်တင်လိုက်လေသည်။ ထို့နောက် မှန်
ရှေ့တွင် အမွှေးတိုင်ငယ်လေးကိုစိုက်ထွန်းလိုက်
ပြန်၏။ ကျွန်မလည်းအောက်လမ်းပညာဟုကြားသိ
ထားရာမှ ယခုကဲ့သို့မြင်ကွင်းမျိုးကိုမမြင်ဖူးသဖြင့်
ဖူးပွင့်ဝေကိုမေးကြည့်မိသည်။
" ဒါကတခြားတစ်ယောက်ညီမ... အရင်ဆရာက
ပြန်ပို့မရလို့ တခြားဆရာပင့်လာတာ "
" အော် သူလည်းအောက်လမ်းဆရာပဲလား "
" သူကတော့အထက်လမ်းလို့ပြောတယ် "
" ဟုတ်ကဲ့ "
ကျွန်မတို့စကားပြောနေစဉ်မှာပင် ဝုန်းကနဲအသံအ
ကျယ်ကြီးနှင့်အတူ စက်ခုံကြီးလဲကျသွားလေသည်။
" တော်တော်ဆိုးနေတာပဲ ... အစောင့်အရှောက်များ
ပြသပေးကြပါ... "
လဲကျသွားသည့်စက်ခုံကြီးကအနည်းငယ်အက်သွား
သည်ကိုပင်မြင်နေရသည်။ ဆရာက ကြေးပြားမှန်ရှေ့
ရပ်လိုက်ပြီး ဂါထာရွတ်ဆိုလိုက်သည့်အခါ ကြေးပြား
မှန်တင်ထားသည့်စားပွဲကြီးက ငလျှင်လှုပ်သကဲ့သို့
လှုပ်ခတ်လာလေတော့သည်။ တစ်အိမ်လုံးမည်သည့်
ပစ္စည်းမှ မရွေ့ပါဘဲ ထိုစားပွဲခုံသာလှုပ်ရမ်းနေသည်ကိုထူးဆန်းစွာတွေ့မြင်နေရသည်။ ကျွန်မသည်လည်း
ကြောက်ရွံ့သဖြင့်ဖူးပွင့်ဝေထံတိုးကပ်နေမိခဲ့သည်။
" ချုပ်ထားစမ်း... ငါဆရာအမိန့် ...သေချာချုပ်ထား"
ဆရာကမာန်နှင့်ပြောလေ စားပွဲခုံကပို၍လှုပ်လာလေ
ပင်။ အခန်းတွင်းဖွင့်ထားသောမီးချောင်းကလည်း
တဖျပ်ဖျပ် ဖြစ်လာ၏။ မီးပျက်တော့မလိုလို၊ မပျက်
ဘူးလိုလိုနှင့် မီးချောင်းမှာ ရှေ့နှင့်နောက်လွှဲနေသည်။
ထိုအချိန်တွင် ဖူးပွင့်ဝေအိပ်ခန်းဆီမှ အရိပ်မည်းကြီး
သည် အခိုးအငွေ့များအဖြစ် ထွက်လာတော့သည်။
ထိုအငွေ့လိုလိုများအား ကြေးပြားမှန်ကြီးကဆွဲယူ
နေဟန်ရလေသည်။
လူရိပ်မည်းမည်းကြီး၏ခြေဖျားမှစကာ ကြေးပြား
မှန်ထဲတိုးဝင်သွားသည်။ တဖြည်းဖြည်းတိုးဝင်နေ
သလို စားပွဲခုံကလည်းအပေါ်သို့မြှောက်တက်လာ၏။
အလွန်တရာလှုပ်ရမ်းမှုကြောင့်စားပွဲပေါ်ရှိ အမွှေးတိုင်
နှင့် ကြေးပြားမှန်ကြီးမှာ လဲကျသွားခဲ့တော့သည်။
သို့သော် အောက်သို့ပြုတ်မကျပေ။ လူရိပ်မည်းအငွေ့
များမှာ အခိုးအငွေ့များအဖြစ် အကုန်စင်ဝင်ရောက်
သွားသည်နှင့် လေပေါ်မြှောက်တက်နေသည့်စားပွဲ
လည်း ဝုန်းကနဲ အောက်သို့ပြုတ်ကျသွားလေ၏။
ဆရာက ဂါထာများကိုအဆက်မပြတ်ရွတ်နေသလို
သူ၏တပည့်မှာလည်း စားပွဲအပြင်ဖက်တလျှောက်
ဆေးအနီဖြင့်စည်းလိုက်ချနေသည်။ စည်းချပြီးသည့်
အခါမှ လှုပ်ရမ်းနေသောစားပွဲခုံမှာ ငြိမ်သက်သွားခဲ့
လေသည်။ ထိုအခါ လဲကျနေသော ကြေးပြားမှန်နှင့်
အမွှေးတိုင်အားစားပွဲပေါ်သို့ ဆရာကပြန်ယူထောင်လိုက်၏။ ထူးဆန်းစွာပင် ထိုကြေးပြားမှန်ပေါ်တွင်
ကိုအောင်မင်းစိုး၏ရုပ်ပုံပေါ်နေသည်ကိုအံ့ဩစွာတွေ့မြင်နေရသည်။
သို့သော်သူ၏ပုံရိပ်မှာ ဓါတ်ပုံတစ်ပုံနှင့်ပို၍ဆင်တူ
သည်။ လှုပ်ရှားမှုမရှိချေ။ ဆရာဖြစ်သူက ဖယောင်း
တိုင်တစ်တိုင်ထွန်းညှိရင်း နှုတ်မှ ထိုဝိဉာဉ်လွတ်မသွား
စေရန် ချုပ်ထားပေးပါဟု ရွတ်ဆိုနေသည်။
" ဘာလို့ ခုလိုနှောင့်ယှက်နေရတာလဲ "
ဆရာက ကြေးပြားမှန်ကိုကြည့်ကာမေး၏။ သို့သော်
ကျွန်မမှာ ပြန်ဖြေသံကိုမကြားရပေ။ ဆရာကတော့
ကြားသိဟန်တူသည်။ ထို့နောက်ဆက်မေးသည်။
" ဘဝချင်းခြားသွားပြီ ... သူပေးနေတိုင်းနေလို့မရ
ဘူး... ကိုယ့်နေရာကိုယ်ပြန်ရမယ် "
" မပြန်လို့မရဘူး "
ဖူးပွင့်ဝေမှာ ကြေးပြားမှန်၌ပေါ်နေသော သူမချစ်သူ
ကိုကြည့်ပြီး မျက်ရည်ကျလာရှာသည်။
" ကဲ ... မောင်အောင်မင်းစိုး ... ငါ့တူကြီးနဲ့ တူမလေး
ကဘဝခြားသွားပြီဖြစ်လို့ ဒီအိမ်ကြီးမှာ ဆက်နေလို့
မရတော့ဘူး... ဒီတော့ ငါ့တူကြီးသွားလိုရာသွားပါ
တော့ ... ဒီအိမ်ကြီးမှာဆက်ပြီးအနှောင့်အယှက်မပေး
ပါနဲ့... ဆက်ပြီး အနှောင့်အယှက်ပြုနေမယ်ဆိုရင်
ငါဆရာအမိန့် ... နာအောင်ရိုက်ရလိမ့်မယ် "
ဆရာကထိုသို့ပြောသည့်အခါ ကိုအောင်မင်းစိုးဝိဉာဉ်
သည်ကျေနပ်ပုံမရပေ။ စားပွဲခုံကြီးပေါ်မှကြေးပြားမှန်
သည် ဖြည်းဖြည်းချင်းလှုပ်ခတ်လာနေပြီးစားပွဲပါလှုပ်
လာသည်။ ထို့နောက်အော်သံနက်ကြီးက ထိုကြေးပြား
မှန်ထဲမှထွက်လာလေ၏။
" မသှားဘူး "
အသံကြီးမှာချောက်ချားစရာကောင်းလွန်းသဖြင့်
ကျွန်မသည်လည်း ကြောက်အားလန့်အားအော်ဟစ်
မိလိုက်သည်။
" မရဘူး... ခေါ်ခွင့်မပေးဘူး "
ဆရာကထိုသို့ပြောရင်းကျွန်မကိုလှည့်ကြည့်သည်။
ကိုအောင်မင်းစိုးက ကျွန်မကိုဝိဉာဉ်နှုတ်မည်ဟုပြော
သည်ဖြစ်မည်။ ကျွန်မစိတ်ထဲလည်းအလိုလိုသိနေ
သည်။
" ကျွန်မကိုခေါ်မယ်လို့ပြောနေတာမဟုတ်လားဆရာ"
မေးသာမေးလိုက်ရသည်၊ ကျွန်မအသံမှာ တုန်ယင်
နေမှန်းကိုယ်၌ကပင်သိနေ၏။
" စိတ်မပူနဲ့သမီး ... သူခေါ်လို့မရပါဘူး... ဆရာရှိ
တယ် "
ဆရာကနှစ်သိမ့်စကားဆိုသော်လည်းအဘယ်
ကြောင့်မှန်းမသိ။ ရင်ထဲအသည်းထဲကပင်ကြောက်
ရွံ့နေမိနေသည်။ ကြေးပြားကြီးမှာ ဝေ့ကာဝိုက်ကာ
ဖြင့် သူ့အလိုလိုထောင်လာပြီး ထိုကြေးပြားမှန်ပေါ်
တွင် ကျွန်မရုပ်ပုံအားမြင်လိုက်ရသည့်အခါ အသက်
ရှုရပ်သွားမတတ် ဖြစ်သွားမိတော့သည်။ ထိတ်လန့်
တကြားဖြင့် ကြောက်ကြောက်နှင့် အသံကုန်အော်
ဟစ်ပစ်မိ၏။ ပြီးနောက်ဝမ်းနည်းစွာငိုရှိုက်လာမိ၏။ သေရမည်ကိုတော့အလွန်စိုးထိတ်နေမိသည်တော့
အမှန်ပင်။
ကျွန်မသေဆုံးရမည်ဆိုပါက ယခုကဲ့သို့မသေချင်ပေ။
ကိုယ့်ရုပ်ပုံပြန်မြင်နေရသည်ကသွေးပျက်ဖွယ်ကောင်း
လှသည်။ ကြေးပြားမှန်ကိုကြည့်နေရင်း ထိုထဲမှ ကျွန်
မရုပ်ပုံသည် ရုပ်သေဖြစ်နေရာမှ ကျွန်မကိုကြည့်ပြီး
ပြုံးလာလေသောအခါ ရင်ထဲလှပ်ကနဲတုန်လှုပ်သွား
မိတော့သည်။
" ကယ်ပါဦးဆရာ... ကျွန်မ ကိုကယ်ပါဦး "
ဆရာဖြစ်သူကိုသာအားကိုးတကြီးအကူအညီတောင်း
နေမိ၏။ ဆရာက ဆန်မန်းတချို့ကို ထိုကြေးပြားမှန်
ပေါ်သို့လှမ်းပက်ရင်း ဂါထာရွတ်ဆိုလိုက်သည့်အခါ
မှန်ပေါ်မှ ကျွန်မရုပ်ပုံမှ ကိုအောင်မင်းစိုး၏ရုပ်ပုံအ
ဖြစ်သို့ကူးပြောင်းသွားတော့သည်။
" အတင့်ရဲလှချည်လား ... ဒီလောက်မေတ္တာရပ်ခံနေ
တာတောင်မရမှတော့ ... ငါဆရာအကြောင်းသိမယ်
ဟေ့ ... "
ဆရာကကြိမ်းဝါးရင်း ကြေးပြားမှန်ပေါ်သို့ သံဆူး
ချောင်းဖြင့်ခြစ်ချပစ်လေသည်။ ထိုအခါ ကြေးပြား
မှန်တစ်ပြင်လုံးပေါ် အငွေ့မည်းများ ရစ်ဝိုင်းလာတော့
သည်။ ထိုအငွေ့များက မျက်နှာပြင်ပေါ်သို့တက်လာ
ပြီး ကိုအောင်မင်းစိုး၏ နာကျင်စွာအော်ဟစ်နေသော
မျက်နှာပုံကြီးပေါ်လာခဲ့လေ၏။ ထို့နောက်အငွေ့များ
က ကြေးပြားမှန်တွင်းပြန်လည်ဝင်ရောက်သွားခဲ့
သည်။
" အနှောင့်အယှက်ပေးဦးမလား "
ကြေးပြားမှန်ကြီးမှာ ငြိမ်သက်နေသည်။ လှုပ်ရှားခြင်း
မရှိတော့ပေ။
" သူသွားတော့မယ်တဲ့ ... ကတိပေးသွားပြီ ...ဘာမှ
မပူကြနဲ့တော့ "
ဆရာကထိုသို့ပြောကာ ဂါထာဆက်ရွတ်သည်။ ထို့
နောက် ...
" ငါ့တူကိုဆရာပြန်လွတ်ပေးလိုက်မယ်... ကြေးပြား
မှန်ကနေထွက်ရတာနဲ့ သွားတော့ "
ဟုပြောပြီး ကြေးပြားမှန်ပေါ်သို့ ကတ္တီပါစအနီလေး
အား အုပ်လိုက်လေသည်။ ထိုအခါ ထိုကတ္တီပါစပေါ်
မှ အငွေ့မည်းမည်းကြီးများထွက်ပေါ်လာကာ ထိုအငွေ့
များသည် အိမ်အပြင်ဖက်သို့ လွင့်ပါသွားလေတော့
၏။
" သွားလိုက်ပြီ... စိတ်အေးအေးထားကြတော့ ...
သူနောက်ထပ် မနှောင့်ယှက်ရဲတော့ပါဘူး ... "
ဖူးပွင့်ဝေမှာ လွင့်သွားသော အငွေ့များကို လိုက်ကြည့်
ရင်း ဝမ်းနည်းစွာငိုရှိုက်နေလေသည်။
" ကျွန်မကြောင့်ဖြစ်ရတာပါ ... မောင်ရေ ... ခွင့်လွတ်
ပေးပါနော် ... အီး ဟီး ဟီး "
သူမမှာယူကြုံးမရစွာဖြင့် ကြမ်းပြင်ပေါ်သို့ထိုင်ချကာ
ငိုကြွေးနေတော့သည်။ အားလုံးပြီးဆုံးသွားပြီဖြစ်၍
စိတ်အေးသလိုရှိသော်လည်း ဘာကြောင့်ရယ်မသိ၊
ကျွန်မစိတ်တွင် လေးလံနေဆဲပင်။ သို့သော်လည်း
ကိုအောင်မင်းစိုး၏ဝိဉာဉ်ထွက်ခွါသွားသည်ကိုတွေ့
မြင်ထားသဖြင့် အနည်းငယ်တော့ ရင်ထဲအလုံးကြီး
ကျသွားခဲ့သည်။ ဆရာဖြစ်သူလည်းပြန်တော့မည်
ဆို၍ ကျွန်မပါလိုက်ပြန်လာခဲ့၏။
ဆရာတို့ကကျွန်မအိမ်ရှေ့အထိသို့ လိုက်ပို့ပေးခဲ့
သည်။ လမ်းတွင်ကျွန်မလည်းသိချင်သည်များအား
မေးမြန်းကြည့်လိုက်၏။ ကျွန်မထင်သည့်အတိုင်းပင်
ကျွန်မမှာကံနိမ့်နေသဖြင့် ဝိဉာဉ်နှုတ်ဖို့ကြံဆောင်ခဲ့
သည်ဟုသိရသည်။ ဆရာက ကျွန်မကိုအဆောင်
လက်ဖွဲ့တစ်ခုပေးသဖြင့် ချက်ချင်းပင်ညာဖက်လက်
၌ဝတ်ချည်ထားလိုက်တော့သည်။ ဆရာကသဘော
ကောင်းပုံလည်းရလေသည်။
တစုံတရာအခက်အခဲ ရှိပါက သူ့ထံလာခဲ့ဖို့ လိပ်စာ
ပေးသွားခဲ့သည်။ အချိန်က ည တစ်နာရီပင်ထိုးနေပြီ။
အိမ်ထဲသို့ခိုးဝင်ရပေဦးမည်။ အိတ်ကပ်ထဲထည့်လာ
သော ခြံသော့အပိုတစ်ချောင်းဖြင့် အသံမထွက်စေ
ရန် သတိထားပြီး ဖွင့်ဝင်ခဲ့သည်။ ထွက်လာတုန်းက
လွယ်ကူသလောက် အိမ်ထဲပြန်ဝင်ရသည်မှာ ခက်
လေသည်။ တွယ်ဆင်းလာသည့် အိပ်ရာခင်းစကြီး
ကိုဖက်တွယ်ကာသစ်ပင်ကိုင်းများအားခြေထောက်
ဖြင့်အားပြုထောက်ရင်း တက်လာခဲ့ရသည်။
အခန်းထဲရှိစာကြည့်စားပွဲခုံခြေထောက်ကိုချည်ခဲ့
သော်လည်း ယခုအခါ ချည်ထားသည်ကမမြဲချင်။
ရင်တလှပ်လှပ်ဖြင့်တွယ်တက်ရသည်။ကျွန်မလည်းပြူတင်းပေါက်ဘောင်ပေါ်အရောက် အိပ်ရာခင်းစ
လည်းပြေလျော့သွားသဖြင့်ကွက်တိဖြစ်သွားရသည်။ အပေါ်မရောက်ခင်သာဆိုပါက မတွေးဝံ့ချေ။
ပြူတင်းပေါက်ဘောင်မှခက်ခက်ခဲခဲကျော်ဝင်ခဲ့ရပြီး
ပြူတင်းတံခါးအားပြန်ပိတ်စဉ် အခန်းဘေးရှိသစ်ပင်
ကိုင်းကြီးပေါ်၌ ခြေထောက်တွဲလဲချကာ ထိုင်ကြည့်
နေသော ကိုအောင်မင်းစိုးအား ရုတ်တရက်ေတွ့မြင်
လိုက်ရသဖြင့် ကျွန်မအသံကုန်အော်ဟစ်လိုက်မိ
တော့၏။
ကျွန်မအော်သံကြောင့် အိမ်မှလူများနိုးကုန်ကြလေ
သည်။ နဂိုကမှထိတ်လန့်နေသည့်အခံရှိသည့်ကြား
က ယခုကဲ့သို့တွေ့မြင်လိုက်ရသည်မှာ စကားပင်
မပြောနိုင်တော့ဘဲ တစ်ကိုယ်လုံးတုန်ယင်လာမိသည်။
ကျွန်မအခန်းတံခါးအားအပြင်မှ ထုကာ အော်နေ
သော အမေ့အသံကြောင့်သာ အသိစိတ်ပြန်ဝင်လာ
၏။
တုန်ယင်နေသောခြေထောက်ကို အားတင်းရပ်ကာ
အခန်ူတံခါးသွားဖွင့်ပေးလိုက်သည်။ အမေတို့က
စိုးရိမ်တကြီးမေးမြန်းသဖြင့် သစ်ပင်ကိုညွှန်ပြသည့်
အခါ ကိုအောင်မင်းစိုးမရှိတော့ချေ။ ပြူတင်းပေါက်
ကြီးပွင့်နေပြီး ကျွန်မဖွထားသည်များကိုကြည့်ကာ
ကျွန်မကိုတရားခံစစ် စစ်မေးတော့၏။
ကျွန်မသည်လည်း ဆက်လိမ်ညာ၍မဖြစ်တော့သ
ဖြင့် အကြောင်းစုံကိုစီကာပတ်ကုံးပြောပြလိုက်မိ
လေသည်။ ထိုအခါ စက်သေနတ်ပစ်သည်ထက်မြန်
သော အမေ့စကားများအား နားပူမတတ်နားထောင်
ကာ အဆူခံရလေတော့သည်။ ဆူ၍ဝသွားမှ ကျွန်မ
ကိုစိတ်မကောင်းစွာကြည့်ပြီးဖက်ငိုလေသည်။
ကျွန်မသည်လည်းသေရမည်ကိုကြောက်သဖြင့်ယခု
ကဲ့သို့စွန့်စားမိကြောင်းကိုဝန်ခံလိုက်၏။ အမေနှင့်
ကျွန်မအစ်မက အခန်းကိုသပ်သပ်ရပ်ရပ် ပြန်ရှင်း
ပေးရှာသည်။ ထိုညကတစ်ယောက်တည်းမအိပ်ဝံ့
သောကြောင့်အမေ့အခန်းသို့သွားအိပ်ခဲ့ရသည်။
တစ်ညလုံးလည်းအိပ်မပျော်ပေ။ မျက်လုံးထဲတွင်
ကိုအောင်မင်းစိုးကိုသာမြင်နေပြီး လန့်နေမိခဲ့သည်။
နောက်တစ်နေ့မနက်ရောက်သောအခါ သတင်းဆိုး
ကိုကြားရလေတော့သည်။ ဖူးပွင့်ဝေဆုံးပြီဟူ၍ဖြစ်
လေသည်။ ကျွန်မ မယုံနိုင်ပေ။ ညတုန်းကတောင်
တွေ့ဆုံခဲ့သေးသည်မလား။ ယခုကဲ့သို့ချက်ချင်း
ကြီး ဖြစ်ရခြင်းကိုနားမလည်နိုင်ခဲ့။ စိတ်ထဲတွင်
တော့ ကိုအောင်မင်းစိုးများဝိဉာဉ်နှုတ်သွားသည်လား
ဟု တွေးမိနေသည်။
သူမသေဆုံးသည်က ထူးဆန်း၏။ မှန်တင်ခုံပေါ်တွင်
ထိုင်ရက်သေနေခြင်းဖြစ်ပြီး မှန်ပေါ်၌ နှုတ်ခမ်းနီဖြင့်
စာရေးထားခဲ့သည်။ " သူ " ဟူ၍ဖြစ်သည်။ ထိုစာကို
တချို့ကအဓိပ္ပါယ်အမျိုးမျိုးကောက်ယူကြသော်
လည်း ကျွန်မသိနေသည်။ ထို " သူ " ဆိုသည်က
ကိုအောင်မင်းစိုးကိုရည်ညွှန်းခြင်းပင်။ ညကအပြန်
ကျွန်မမှာ အဆောင်လက်ဖွဲ့ ရလိုက်သော်လည်း ဆရာ
က ဖူးပွင့်ဝေကိုပေးရန် မေ့ခဲ့ဟန်တူလေသည်။
ကျွန်မတောင်မှ အိမ်ပြန်လိုက်ပို့ရင်း စကားစပ်မိ၍
ရလာခဲ့ခြင်းဖြစ်၏။ ထိုအဆောင်ပါလာသဖြင့် ညက
ကိုအောင်မင်းစိုးမှာသစ်ပင်ပေါ်ထိုင်စောင့်ကာ ဝိဉာဉ်
နှုတ်ရန်ကြိုးစားသော်လည်းမရခဲ့ခြင်းဖြစ်ပေမည်။
သူသွားတော့မည်ဟု ကတိပေးထားသဖြင့် အချိန်
မရတော့သည့်အတွက် ဖူးပွင့်ဝေကိုဝိဉာဉ်နှုတ်ကာ
ခေါ်သွားဟန်တူလေ၏။
ထိုသို့စဉ်းစားမိသည့်အခါ ပေးထားသည့်လိပ်စာ
အတိုင်းဆရာဖြစ်သူထံကျွန်မရောက်သွားတော့သည်။
ဆရာသည်လည်းဖူးပွင့်ဝေအတွက်စိတ်မကောင်းဖြစ်
နေရှာသည်။ သို့သော်လည်းဆရာကပြောသည်။
" သင်ပြုသည့်ကံ ပဲ့တင်သံ ၊ သင့်ထံပြန်လာမည်...
တဲ့သမီး... သူလုပ်ခဲ့တဲ့အတိုင်း ပြန်ဖြစ်သွားတယ်လို့
ပဲမှတ်ယူရမှာပေါ့လေ "
ဖူးပွင့်ဝေအလောင်းကို အိမ်သို့ပြန်မသယ်ယူတော့ဘဲ
ရင်ခွဲရုံမှခေါ်ကာ အသုဘချခဲ့သည်။ ရင်ခွဲရုံအဖြေ
တွင် ရုတ်တရက်နှလုံးရပ်ကာသေဆုံးသည်ဟုထွက်
ခဲ့သည်။ မည်သို့ပင်ဆိုပါစေ။ သူမအတွက် ကျွန်မ
ဝမ်းနည်းမိသည်တော့အမှန်ပင်။ဖူးပွင့်ဝေ နာရေးကို ရပ်ကွက်ထဲမှလူများကဦးစီးကာ ပြုလုပ်ပေးသဖြင့် အဆင်ပြေသွားခဲ့၏။
သဂြိုလ်သည့်ညတွင် ကျွန်မအိပ်မက်မက်ခဲ့သည်။
ဖူးပွင့်ဝေကကျွန်မထံလာကာ
" သူရှိနေသေးတယ်... ဒါကိုဘယ်တော့မှမဖြုတ်နဲ့ "
ဟု ဆိုကာ ကျွန်မညာဖက်လက်ကိုကြည့်ကာပြော
သည်ကိုမက်ခဲ့သည်။ ထိုအိပ်မက်ကြောင့် ကျွန်မမှာ
ညညလန့်လန့်မိနေသည်။ အဆောင်လက်ဖွဲ့ကိုလည်း
ဘယ်သောအခါမှ မဖြုတ်ဟု ဆုံးဖြတ်ထားသည်။
"သူ့ "ကို ကျွန်မအလွန်ကြောက်သောကြောင့်ဖြစ်
သည်။
ပြီးပါပြီ။
သော်တာလမင်းစန္ဒာ
#lotaya_shortstory
အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။