၁၃၈၁ ခုနှစ်အတွက် သူရိယသိဒ္ဓန္တ မန္တလေး မဟာသြင်္ကန်စာ
lotaya.mpt.com.mm
|
2018-12-14




၁၃၈၁ ခုနှစ်အတွက် သူရိယသိဒ္ဓန္တ မန္တလေး မဟာသြင်္ကန်စာ

၁၃၈၀ခုနှစ်၊ နှောင်းတန်ခူးလဆန်း (၁၀)ရက်၊ (၁၄-၄-၂၀၁၉) တနင်္ဂနွေနေ့ ညနေ (၅)နာရီ (၂၁)မိနစ် (၄၂)စက္ကန့်အချိန်တွင် မဟာသြင်္ကန် ကျပါသည်။ (၁၅-၄-၂၀၁၉) တနင်္လာနေ့သည် မဟာသြင်္ကန်အကြတ်ရက် ဖြစ်ပြီး ၁၃၈၀-ခုနှစ်၊ နှောင်းတန်ခူးလဆန်း (၁၂)ရက် (၁၆-၄-၂၀၁၉)အင်္ဂါနေ့ ည(၉)နာရီ (၂၆)မိနစ် (၂၃)စက္ကန့်အချိန်တွင် မဟာသြင်္ကန်အတက်နေ့ဖြစ်သည်။ ထို့ကြောင့် ၁၃၈၁-ခုနှစ်၊ ဦးတန်ခူးလဆန်း (၁၃)ရက် (၁၇-၄-၂၀၁၉) ဗုဒ္ဓဟူးနေ့သည် နှစ်ဆန်း(၁)ရက်နေ့ ဖြစ်သည်။

၁၃၈၀-ခု၊ နှောင်းတန်ခူးလဆန်း(၁၀)ရက်၊ ၂၀၁၉ ဧပြီလ (၁၄)ရက် တနင်္ဂနွေနေ့ ညနေ(၅)နာရီ (၂၁)မိနစ် (၄၂)စက္ကန့်၊ မင်္ဂလာအခါ သမယတွင် ဘာနုရာဇဂြိုဟ်မင်းသည် ကြာဝတ်ဆံအဆင်းနှင့်တူသောအဝတ်တန်ဆာကိုဝတ်ဆင်လျက်၊ နဂါးကိုစီး၍ လက်တဘက်ကား မြှား၊ လက်တဘက်ကား လွှားကိုကိုင်၍အရှေ့မြောက်ထောင့် မှသည်အနောက်သို့ဝင်၏ နန္ဒာဒေဝီနတ်သမီးကားအလှည့်စေ့၍ ပရမိသွာနတ်မင်း၏သားအာသီအမည်ရှိသော ဗြဟ္မာမင်း၏ ဦးခေါင်းကို ကမ်းသည်ရှိသော် ကညာဒေဝီနတ်သမီးကား ခရီးဦး ကြိုဆို၍ ရပ်စောင့်နေလျက် လှမ်းလင့်၏။ ဓံသီနတ်သမီးကားအဖြူ၊အနီ၊အစိမ်း၊အပြာ၊အဝါအားဖြင့် ငါးပါးသောအဆင်းဖြင့်ပြီးသောအဝတ်တန်ဆာကို ဝတ်ဆင်လျက် သိကြားမင်းကို စောင့်လင့်၏။ ထို့ကြောင့် မိုးဦး၊ မိုးလယ် ကောင်းအံ့။ စစ်မက်တိုက်ခိုက်ခြင်းများ ဖြစ်ပေါ်အံံ့။ ပြည်ကြီးကို ပြည်ငယ်နိုင်စ ပြုလာအံ့။ ဧကရာဇ်မင်းအပေါင်း ဥပါဒ်ဖြစ်တတ်သည်။ ပြည်နယ် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ရွာငယ်အချို့ မီးလောင်ဖန်အကြိမ်များလာအံ့။ ကုန်သွယ် ကူးသန်းရောင်းဝယ်ရေး သူဋ္ဌေးသူကြွယ် တို့သည်လည်း ဘေးဥပါဒ် ဖြစ်ကြကုန်အံ့။ လယ်ယာ မြေလုပ်ငန်းရှင်၊ လယ်ယာလုပ်ကိုင်သူ တို့သည်အနှောင့်အယှက်အခက်အခဲများဖြင့် ရင်ဆိုင်ရအံ့။ ကျွဲ၊ နွား၊ဆင်၊ မြင်းနှင့်တကွအခြေ(၄)ချောင်း သတ္တဝါအများအသေအပျောက် များအံ့။ ထိုသတ္တဝါတို့၏အသားကို လွန်စွာ စားသုံးသူတို့သည်အကြိတ်၊အသမာ၊အနာရောဂါ ဆိုးများဖြစ်အံံ့။ ကူးစက်ရောဂါ များကြောင့် ပျက်စီးကြအံ့။ လူအချို့တို့သည်အစာအာဟာရ ပြတ်လပ်၍ ငတ်မွတ်ကြအံံ့။အုပ်ချုပ်သူအစိုးရအကြီးအကဲများအမျက်ဒေါသ သင့်ကြကုန်အံ့။ ရေနေသတ္တဝါများ၊ ငါးမျိုးစိပ်များ ပျက်စီး ပျောက်ကွယ်တတ်သည်။အတောင်ရှိသော ကျေးငှက် သတ္တဝါအပေါင်းတို့ သည်လည်း ဘေးဥပါဒ်သင့်ကြကုန်အံ့၊အရှေ့အရပ်ဒေသရှိ တိုင်းနိုင်ငံ ပြည်နယ်အချို့ ပျက်စီးတတ် သည်။အနီရောင်ရှိသော ကွမ်းသီး၊ ငြုပ်သီးအစရှိသည့်အသီးအနှံများ ယခုနှစ် ဈေးကောင်းအံ့။ ရောင်းဝယ်ဖောက်ကားအကျိုးအမြတ် ရှိကြကုန်အံ့။





မဟာသြင်္ကန်စာအလိုအရ ၁၃၈၁ ခုနှစ် (၇)ရက် သားသမီးဟောစာတမ်း


တနင်္ဂနွေသားသမီးများ

တနင်္ဂနွေနေ့ဖွားအပေါင်းတို့သည် ယခုနှစ်တွင်အရာရာကို ဦးဆောင်ဦးရွက် လုပ်ကိုင်ရတတ်သည်။အထူးသဖြင့် စီးပွားရေးအလုပ်အကိုင်များတွင် ငွေကြေးရင်းနှီးမတည်မှုနှင့် ပြုပြင် ပြောင်းလဲမှု တို့ကို စွန့်စွန့်စားစားလုပ်ကိုင်ခြင်းဖြင့် လာဘ်လာဘ ပေါများ လာတတ်ပါသည်။ သို့သော် ရံဖန်ရံခါအခက်အခဲအကြပ်အတည်းများဖြင့် ရင်ဆိုင်ရနိုင်ပါသော်လည်း တုန်လှုပ်မှု မရှိစေဘဲ ရဲဝံ့ရင်ဆိုင် ကျော်လွှားရန် လိုအပ်ပါမည်။ ဤနှစ်ထဲတွင်အပျို၊ လူပျိုအပေါင်းတို့အချစ်ရေး ကိစ္စရပ်များ ကို ဦးစားမပေးသင့်ပါ။အိမ်ထောင်ရှင်များအဖို့အတူတကွ လက်တွဲလုပ်ကိုင်နိုင်မည့် စီးပွားရေးလုပ်ငန်းများကို ဦးစားပေးပါ။ ပညာရေးလောကတွင်အထူးကံကောင်းသောနှစ်ဖြစ်ပါ၍ လူငယ်၊ လူကြီး မရွေး ကြိုးစားအားထုတ်ပါ။ မိမိလိုက်စား သင်ကြားနေသော ပညာရပ်သည် မိမိဘဝကို မြှင့်တင်ပေးပါလိမ့် မည်။ ကျန်မာရေးနှင့် ပတ်သက်၍ မမျှော်လင့်ဘဲ ရောဂါဝေဒနာ များ ဝင်ရောက်လာတတ်သည်။ထို့အပြင် သဘာဝဘေးအန္တရာယ် မမျှော်လင့်သော ယာဉ်အတိုက်အခိုက် ဥပါဒ်အန္တရာယ်ဖြင့်လည်း ကြုံတတ်သည်။ မိမိအသက်အန္တရာယ်ကို ထိပါးလာတတ်သည်။ ပတ်ဝန်းကျင်ကိုအမြဲသတိထားပါ။

ဆောင်ရန် - တနင်္ဂနွေသားသမီးများ တစ်နှစ်ပတ်လုံး ကံကောင်းရန် မြောက်ဘက်အရပ် သင့်တင့်လျောက်ပတ်သောနေရာ၌ သဲပုံ စေတီ တည်ထားကိုးကွယ်ခြင်း၊ ပုန်းညက်ပင် စိုက်ပျိုးခြင်း၊အနောက်မြောက်အရပ် လမ်းဘေးဝဲ/ယာတွင် ဇောင်းယားပင် စိုက်ပျိုးခြင်းတို့ကို ပြုလုပ်ပါ။ နီရွှေရောင်၊ ပတ္တမြားအဆင်း ရှိသော ကျောက်မျက်ရတနာကို ဝတ်ဆင်ပါ။

အကျိုးပေးဂဏန်း - တနင်္ဂနွေသားသမီးများ ၁ နှစ်ပတ်လုံးအကျိုးပေးဂဏန်းမှာ ၅-၉-၀ ဖြစ်သည်။


တနင်္လာသားသမီးများ

တနင်္လာနေ့ဖွားအပေါင်းတို့သည် ယခုနှစ်တွင် မိမိအလိုဆန္ဒများ မပြည့်ဝတတ်ပေ။ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် စဉ်းစားဆင်ခြင် သတိချပ်၍ လုပ်ကိုင်သင့်သည်။ ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူများသည် ရင်းနှီးမတည်ရသော လုပ်ငန်းများကို လွန်ကဲစွာ မပြုလုပ်သင့်ပေ။ ရှယ်ယာလုပ်ငန်း၊ စီးပွားရေးစတော့ ဈေးကွက်များ ဝယ်ယူနိုင်သည်။ ထီသော်လည်း ပေါက်နိုင်သည်။ သို့သော် မိမိသဘောထားဖြင့် မိမိထင်ရာကို တစွတ်ထိုးမပြုလုပ်ပဲအမြဲတစေ နှီးနှော တိုင်ပင်လုပ်ကိုင်ပါ။ ငွေကြေးပြတ်လတ် ငွေအခက်အခဲ ဖြစ်တတ်သည်။ မိသားစုနှင့် ညှိနှိုင်း ဆွေနွေးသင့်ပါ သည်။မိတ်အဆွေအပေါင်းအသင်းများ သတိထားပါ။အချစ်ရေး လောကအတွက် မိမိအသုံးချခံရတတ်ပါသည်။အိမ်ထောင်ရှင် များသည်လည်း သားသမီးအပူသောက မိဘ၊ညီအစ်ကို မောင်နှမအပူသောက ပေါများတတ်ပြီးအိမ်တွင်းရေး ပဋိပက္ခများတတ် သည်။ ပညာရှာဖွေနေသူများသည်အသက်မွေးဝမ်းကြောင်းနှင့် သက်ဆိုင်ရာ ပညာရပ်ကို ဦးစားပေး သင်ကြားပါ။ မိဘအုပ်ထိန်း သူများသည်အဆင့်မြင့်ပညာရေး တန်ဖိုးမြှင့်တက်လာမှုကြောင့်အကြပ်အတည်းနှင့် ရင်ဆိုင်ရတတ်သည်။ ကျန်းမာရေးအတွက် စိတ်ဖိစီးမှုကြောင့် သွေးတိုး၊ သွေးကျ၊ နှလုံးနှင့် ဦးနှောက်အာရုံကြောရောဂါများ ဝင်လာတတ်သည်။ ကြိုတင်၍ ကျန်းမာရေး လိုက်စားပါ။အထူးသဖြင့် ယောဂကျင့်စဉ်များ ပြုလုပ်ရန်သင့်တော်သည်။

ဆောင်ရန် - တနင်္လာသားသမီးများ ကံကောင်းစေလိုသော်...အရှေ့မြောက် ဘက်အရပ်မှာ ဘုရားဆင်းတုတော် တည်ထားကိုးကွယ်ပါ။ ဘုရားစေတီဟောင်းများ ပြုပြင်ခြင်း၊ဆေးသုတ်ခြင်း၊ရောင်တော် ဖွင့်ခြင်းများ ပြုလုပ်ပါ။ ချယားပင် စိုက်ပျိုးခြင်း၊အရှေ့အရပ် လမ်းဘေးဝဲယာ၌ လက်ပံပင်စိုက်ပါ။အဖြူရောင်ရှိ ပုလဲရတနာ ဝတ်ဆင်ပါ။

ကံကောင်းသောဂဏန်း - တနင်္လာသားသမီးများ ထီထိုးရန် (၄)ဂဏန်းအစ (၄)ဂဏန်းအဆုံးဖြစ်သည်။


အင်္ဂါသားသမီးများ

အင်္ဂါနေ့ဖွားအပေါင်းတို့သည် ယခုနှစ်တွင် စိတ်အလိုမကျမှုများ မကြာခဏ တွေ့ရမည်။ ထို့အပြင် မိမိဒေါသကြောင့် မိမိဘဝ ထိခိုက်နစ်နာ ပျက်စီး ဆုံးရှုံးမှုလည်း ဖြစ်တတ်သည်။ စီးပွားရေး လောကတွင် မိမိကိုယ်ပိုင် စီးပွားရေး လုပ်ငန်းလုပ်ကိုင်သူများ လုပ်ငန်းခွင်ထဲတွင် နှောင့်ယှက်ဖျက်စီး ခြင်းအမျိုးမျိုးဝင်လာတတ်သည်။ လူပယောဂအရသော်၎င်း၊ ဆေးဝါး ပယောဂအတိုက်ဓာတ်၊အောက်လမ်း၊အထက်လမ်းအစရှိသည့် နည်းမျိုးစုံ ဖြင့် မွေနှောက်တတ်သည်။ ကာယအလုပ်ဖြင့် စီးပွားရှာဖွေနေသူများ လုပ်ငန်းခွင်အန္တရာယ်ကင်းဝေးရေးကို သတိပြု ကြိုတင်ကာကွယ်ပါ။ ငွေကြေး ချေးငှား ကြွေးမြီတင် မနိုင်မနင်းဖြစ်တတ်သည်။အချစ်ရေးကိစ္စ ရပ်အတွက် မည်သူကိုမျှ ယုံကြည်၍မရပါ။ ဖောက်လွဲဖောက်ပြန်အပြောင်းအလဲရှိတတ်သည်။အပျို၊ လူပျိုများ မကြာခဏ စိတ်ဆိုးစိတ်ကောက် လူမှုရေးပြဿနာများ တက်လာနိုင်ပါ၍ ယခုနှစ်တွင်အိမ်ထောင်မပြု သင့် ပေ။ နှစ်ကိုယ် သဘောတူလက်တွဲခြင်း၊အခွင့်အရေးယူခြင်း လွတ်လပ်စွာ သွားလာတွေ့ဆုံခြင်းများ မပြုလုပ်သင့်ပါ။ ကျန်းမာရေးအနေဖြင့် မကြာခဏ စိတ်ကျရောဂါ၊ စိတ်ဖိစီးခြင်းများ ဖြစ်တတ်သည်။အထူးသဖြင့် ကူးစက်တတ်သော ကာလာပေါ်အနာရောဂါများ သွေးနှင့်သက်ဆိုင်ရာ ပိုးမွှား ရောဂါများ၊ ခုခံအားကျဆင်းရောဂါများ၊အတိုက်အခိုက် ထိခိုက်အနာတရ ကျိုးပဲ့တတ်သည်။ လူစည်ကားရာနေရာများအသွားအလာ ရှောင်ပါ။ ယာဉ်ပစ္စည်း၊ လက်နက်ပစ္စည်း၊ မီးနှင့် ဆက်စပ်ပစ္စည်းများ၊ သံထည်ပစ္စည်းများ ကိုင်တွယ်ရာ သတိပြုပါ။

ဆောင်ရန် -အင်္ဂါသားသမီးများ ကံကောင်းစေလိုသော်...အရှေ့အရပ် သင့်တင့် လျောက်ပတ်သော နေရာ၌ တံခွန်စိုက်ပါ။ သရဖီပင် စိုက်ပျိုးခြင်း၊အနောက်တောင်အရပ်၌ လမ်းဘေး ဝဲယာတွင် ပေါက်ပန်းဖြူစိုက်ပါ။ နီရဲသော သန္တာကျောက်မျက်ရတနာ ဝတ်ဆင်ပါ။

ကံကောင်းသောဂဏန်း -အင်္ဂါသားသမီးများ ထီထိုးရန် (၆)ဂဏန်းအစ (၄)ဂဏန်းအဆုံး ဖြစ်သည်။


ဗုဒ္ဓဟူးသားသမီးများ( ရာဟုသားသမီးများလည်း တူညီပါသည်)

ဗုဒ္ဓဟူးနေ့ဖွားအပေါင်းတို့သည် မိမိ၏ ကံနှင့်ဉာဏ်ကိုအားကိုးပြီး မလျှော့သော ဇွဲ၊လုံ့လ၊ဝိရိယဖြင့် လုပ်ကိုင်ပါ။ ယခုနှစ်တွင်အခက်အခဲများ တွေ့ကြုံလေ ဘဝအတွက်အောင်မြင်မှု မကြာခင် ရရှိတော့မည်ဟု ယုံကြည်ပါ။အရာရာကိုအလေးအနက်ထားပြီး ပြောဆိုလုပ်ကိုင်ပါ။ငွေရှင် ကြေးရှင်၊ လုပ်ငန်းရှင်၊ဥစ္စာရှင်များ မိမိအား ကူညီရန် စောင့်ကြည့်နေသည်။ ထို့အပြင် မကောင်းမှု ဒုစရိုက်လုပ်ငန်းများ၊အပြစ်မကင်းသော စီးပွားဥစ္စာ ရှာဖွေရေး လုပ်ငန်းများလည်း မိမိထံရောက်ရှိ လာတတ်သည်။ ဝိဇ္ဇာနှင့် သိပ္ပံအတတ်ပညာရပ်များကို မိမိဝါသနာအားအရင်းခံ၍ ထွန်းပေါက်အောင် သင်ကြားပါ။ ဘဝအတွက် တိုးတက်ချမ်းသာမည့် စီးပွားရေးအသက်မွေးဝမ်းကြောင်း ဖြစ်ပါမည်။ ပညာရပ်ကိုအခြေခံပြီး ရှာဖွေသော စီးပွားလုပ်ငန်း လုပ်ကိုင်သူများအထွဋ်အထိပ်ရောက်ရှိမည်။အချစ်ရေး ကိစ္စရပ်အတွက်အပျို၊ လူပျိုများ မလျှော့သောဇွဲဖြင့် ချဉ်းကပ်ပေးပါ။ လိုချင်တောင့်တအပ်သောအရာမှန်သမျှ ရရှိနိုင်သည်။အိမ်ထောင်ရှင်များအတွက် သားသမီး၊တပည့်များ တိုးပွားလာမည်။ မိမိတို့၏ ရှေ့ရေး ဘဝ တိုးတက် ခိုင်မြဲနိုင်ရန်အထောက်အကူရရှိရန် စိတ်ရှည်သီးခံပြီး တပည့် မွေးမြူရန် သင့်တော်ပေသည်။ ကျန်းမာရေးနှင့် ပတ်သက်၍ ဦးနှောက်နှင့်အာရုံကြောရောဂါများ သတိပြုပါ။ မကြာခဏ ခေါင်းကိုက်ခြင်း၊ ကိုယ်အင်္ဂါများ ၊အဆစ်များကိုက်ခဲခြင်း၊ နှလုံးသွေးကြောနှင့် သက်ဆိုင်ရာ များ သတိပြုပါ။မမျော်လင့်သော ဘဝအပြောင်းအလွဲများ ဖြစ်တတ်သည်။

ဆောင်ရန် - ဗုဒ္ဓဟူးသားသမီးများ ကံကောင်းစေလိုသော်...အရှေ့တောင်အရပ် သင့်တင့်လျောက်ပတ်သောနေရာ၌ လမ်းခင်းပါ။ တံတားဆောက်ခြင်း ပြုလုပ်ပါ။ ကွမ်းသီးပင် စိုက်ပျိုးခြင်း၊ တောင်အရပ် လမ်းဘေးဝဲယာတွင် သခွပ်ပင် စိုက်ပျိုးခြင်းတို့ကို ပြုလုပ်ပါ။အစိမ်းရောင်ရှိသော ကျောက်စိမ်း ရတနာကို ဝတ်ဆင်ပါ။

ကံကောင်းသောဂဏန်း - ဗုဒ္ဓဟူးနေ့ သားသမီးများ ထီထိုးရန်အကျိုးပေး ဂဏန်းများမှာ ၅-၉-၀ ဖြစ်သည်။


ကြာသပတေး သားသမီးများ

ကြာသပတေးနေ့ဖွားအပေါင်းတို့သည် ယခုနှစ်တွင် စွန့်စားလုပ်ကိုင်ရသော လုပ်ငန်းများကို မကြာခဏ လုပ်ကိုင်ရတတ်ပေသည်။ မည်သည့်လုပ်ငန်းကို မဆို သစ္စာဆို တိုင်တည်ပြီး ရဲရဲဝံ့ဝံ့သာ လုပ်ကိုင်ပါ။အောင်မြင်မှု ပန်းတိုင် သည် မိမိလက်တကမ်းသို့ ရောက်ရှိနေပါမည်။ လူချစ်လူခင်ပေါများမည်။အထက်တန်း ပုဂ္ဂိုလ်များက မိမိအားအလေးထား ချီးမြှင့် မ,ဆခြင်းကို ခံရ တတ်သည်။ စည်းကမ်းစနစ်တကျ လုပ်ကိုင်ရမည်။ ကာယလုပ်သားများ ဖြစ်ပါက မိမိလုပ်အားခအပြည့်အဝ ရရှိမည်။အခွင့်ထူးများ ရရှိနိုင်သည်။ သို့သော် မိမိ၏ဘဝနစ်မွန်း ခံရတတ်သည်။ ပညာရှိ၊ သူတော်ကောင်း ပုဂ္ဂိုလ် များကိုအမြဲစည်းကပ်ပါ။အကြံဉာဏ်များ ရယူပါ။အပျို၊ လူပျိုများ ဖြစ်ပါက မိမိအားကိုးအားထားပြုရသော ဖူးစာရှင်ကို တွေ့ရတတ်ပြီး ဘဝ တိုးတက်မှု ရှိနိုင်သည်။အိမ်ထောင်ရှင်များအနေဖြင့် မိမိ မိသားစုအပေါ် သစ္စာစောင့်ထိန်းသင့်ပါသည်။အပူကပ်လာသူများကြောင့် ကိုယ်စိတ်နှစ်ပါး ပူလောင်ရတတ်၏။ ပညာရေးကဏ္ဍတွင် ယခုနှစ်အတွက် စိတ်နှစ်ခွ ဖြစ်တတ်သည်။ ပညာဆည်းပူနေသူများလည်း ရှေ့မတိုး နောင်မဆုတ်သာ ဖြစ်တတ်သည်။ သို့သော်အသက်မွေးဝမ်းကြောင်းအတွက် ဘဝရပ်တည် ရေးအတွက် ဦးစားပေး လုပ်ကိုင်ရတတ်သည်။အထူးသဖြင့် ကျန်းမာရေး ကို သတိပြုပါ။ သောကမီးများ ဝန်းရံလာတတ်သဖြင့်အမှားမှားအယွင်း ယွင်းဖြစ်တတ်သည်။ ဆေးစားမှားခြင်း၊ ဆေးကုသရာတွင်အနာတခြား ဆေးတခြား ဖြစ်တတ်သည်။

ဆောင်ရန် - ကြာသပတေး သားသမီးများ ကံကောင်းစေလိုသော်...အနောက်တောင်အရပ်မှာ ဇရပ်ဆောက်လှူခြင်း၊အမိုးအကာပြုပြင်ခြင်း၊ဘုရားစေတီဟောင်း ပြုပြင် ဆေးသုတ်ခြင်းများ ပြူလုပ်ပါ။ ဒါန်းပင် စိုက်ပျိုးပါ။အရှေ့မြောက်အရပ် လမ်းဘေး ဝဲယာတွင် ထနောင်းပင် စိုက်ပျိုးပါ။အဝါရောင်အဆင်း ရှိသော ဥဿဖရား ရတနာကိုဝတ်ဆင်ပါ။

ကံကောင်းသောဂဏန်း - ကြာသပတေး သားသမီးများ ထီထိုးရန်အကျိုးပေးဂဏန်းမှာ (၅)ဖြစ်သည် စပ်တူထီထိုးပါ။


သောကြာသားသမီးများ

သောကြာနေ့ဖွားအပေါင်းတို့သည် ယခုနှစ်တွင် မမျော်လင့်သော စည်းစိမ် ဥစ္စာများ ရရှိခံစားရတတ်သည်။ မိမိတို့၏ ဂုဏ်သတင်းများလည်း ကျော်ဇောတတ်သည်။ မိမိအလိုရှိရာကို ဖန်တီးရယူနိုင်သည်ဖြစ်ပါ၍ စီးပွားရေးလုပ်ငန်းများတွင် ယုံကြည်စိတ်ချစွာ ရင်းနှီးမတည်မှုပြုလုပ်ပါ။ သို့သော် ခိုင်မာတိကျသောလုပ်ငန်းများ၊ ဥပဒေနှင့်ညီညွတ်စွာ လုပ်ကိုင်ပါ။အဖွဲ့အစည်းလုပ်ငန်းများ လုပ်ကိုင်ခြင်းထက် မိမိကိုယ်ပိုင်လုပ်ငန်းများ ပို၍ ကောင်းသည်။ ဝန်ထမ်းလောက လုပ်ကိုင်နေပါက မိမိဆုံးဖြတ်ချက်ကို ဦးစားပေး လုပ်ကိုင်ရန်အကြံပြုပါသည်။ မိမိအကျိုး သူတစ်ပါးအကျိုး လည်းဖြစ်ထွန်းပါမည်။အချစ်ရေးလောကတွင်အထူးမျက်နှာပွင့်လန်းသော နှစ်ဖြစ်သည်။အများအကျိုးဆောင် လုပ်ငန်းများတွင် မိမိဂုဏ်သတင်း ကျော်ကြားမှု ရှိမည်။ ဘွဲ့ထူး၊ ဂုဏ်ထူးများလည်း ရရှိတတ်သည်။အပျို၊ လူပျိုများအိမ်ထောင်ရေးအတွက် စဉ်းစားရမည်။အိမ်ထောင်ပြုရန် သင့်တော်သောနှစ်လည်းဖြစ်သည်။အိမ်ထောင်ရှင်များအတွက် ခင်မင် ရင်းနှီးမှုကိုအကြောင်းပြ ပြောဆို၍ ပေးအပ်လာသောအပိုလက်ဆောင် ပစ္စည်းများ လက်မခံသင့်ပေ။ မိမိကိုယ်တိုင်လည်း မပေးသင့်ပါ။ ပုံမှန်အားကစား တခုခုကိုအမြဲလုပ်ပါ။ လူအများဖြင့် ပြုလုပ်ရသောအားကစား တမျိုးကို လိုက်စားပါ။ ကျန်းမာသန်စွမ်း စိတ်ရွှင်လန်းပါမည်။

ဆောင်ရန် - သောကြာသားသမီးများ ကံကောင်းစေလိုသော်....အနောက်မြောက်အရပ်မှာ တန်ဆောင်းပြုလုပ် လှူဒါန်းခြင်း၊ လှေကားပြုပြင် လှူဒါန်းခြင်း ပြုလုပ်ပါ။ မြောက်အရပ် လမ်းဘေးဝဲယာတွင်အုန်းပင်စိုက်ပျိုးခြင်းများ ပြုလုပ်ပါ။ စိန်ရတနာကို ဝတ်ဆင်ပါ။

ကံကောင်းသောဂဏန်း - သောကြာနေ့ဖွား သားသမီးများ ထီထိုးရန် စပ်တူရှယ်ယာ (သို့မဟုတ်) သူတပါးအား ထီထိုးခိုင်းပြီး ထီလက်မှတ် သိမ်းဆည်းပါ။ ထီပေါက်နိုင်ပါသည်။


စနေ သားသမီးများ

စနေနေ့ဖွားအပေါင်းတို့သည် ယခုနှစ်တွင် မိမိလက်ရှိ လုပ်ကိုင်နေသောအလုပ်အကိုင်မှအကျိုးအမြတ် ထူးထူးခြားခြား ရရှိပါလိမ့်မည်။ သို့သော် မိမိအလိုဆန္ဒပြည့်ဝနိုင်ရန် မိမိကိုယ်တိုင် ကိုယ်ကျ စီမံခန့်ခွဲပြီး လုပ်ငန်း လုပ်ကိုင်ရမည်။ မည်သူကိုမျှ ယုံကြည်၍မရပါ။ ငွေကြေးအရင်းအနှီး စိုက်ထုတ်ပါ။ မနိုင်ဝန်ကို မထမ်းပါနှင့်။ မိတ်သင်္ဂဟအခြွေအရံများ ပေါများ လာအောင် လူမှုရေးကိစ္စများလုပ်ပါ။အများလေးစားကြည်ညို ခံရတတ်ပြီး ဘဝအထွဋ်အထိပ်ကို ရောက်ရှိပါမည်။ တရားသောနည်းလမ်းဖြင့် ငွေကြေး များစွာ ပိုင်ဆိုင်နိုင်ပါသည်။ ဝန်ထမ်းလောကတွင် လုပ်ကိုင်နေပါကအမှောင်နည်းလမ်းဖြင့် ငွေကြေး ရှာဖွေခြင်းကို လုံးဝစွန့်လွတ်ပါ ဒုက္ခရောက်တတ်သည်။အချစ်ရေးသမားများအတွက် မိမိအား ဂုဏ်သိက္ခာ ကျဆင်းစေရန် ရည်ရွယ်ချက်ဖြင့်အမျိုးသား၊အမျိုးသမီးအချို့ ချဉ်းကပ် လာတတ်သည်။အပျို၊ လူပျိုများ မိမိ စိတ်ကြိုက်ရွေးချယ်ရန်အတွက်အခွင့်အလန်းများရှိသည်။ သို့သော်အမုန်းပွားစေတတ်သောအပြစ်မကင်း သောအမှုကိစ္စများ မကြူးလွန်ရန် သတိပြုပါ။ ပညာရေးအတွက် ဤနှစ်သည် စနေသားသမီးများ ဂုဏ်ထူး၊ ဘွဲ့ထူးခံရမည့် မင်္ဂလာရှိသောနှစ် ဖြစ်သည်။ ပညာရေးကဏ္ဍအသီးသီးရှိ လူကြီး၊ လူငယ် လူတန်းစားမရွေး ဆက်လက် ကြိုးစားလုပ်ကိုင်ကြရန်အကြံပြုပါသည်။ကျန်းမာရေးအတွက် စည်းကမ်းစနစ်တကျ စားသောက်ခြင်း၊အနားယူခြင်း၊အပန်းဖြေ ခရီးသွား လာခြင်း၊ ကျန်းမာရေး စင်တာများတွင် စစ်ဆေးခံယူခြင်းများ ပြုလုပ်ပါ။ မထင်မှတ်သော လောကဓံတရားများ ရိုက်ခတ်လာနိုင်သည်။ သဘာဝ ဘေးအန္တရာယ်နှင့် လူ့ပယောဂအမျိုးမျိုးကြောင့် မိမိပိုင်ဆိုင် ထားရှိသမျှအားလုံး တိုက်ခိုက်ခံရ၍ ပျက်စီးရတတ်သည်။ ရန်သူအပေါင်း စုပေါင်း လုပ်ကြံလာတတ်သည်။ သို့ဖြစ်ပါ၍ ယုံကြည်ရာ ဘာသာတရားအတိုင်းအပတ်စဉ်၊ လစဉ်၊ ဒါနကုသိုလ် သီလကုသိုလ် ဘာဝနာကုသိုလ်ပြုလုပ်ပါ။

ဆောင်ရန် - စနေသားသမီးများ ကံကောင်းစေလိုသော်.... တောင်အရပ်မှာ တံခွန် စိုက်ပါ။ ကံ့ကော်ပင် စိုက်ပျိုးခြင်း၊အနောက်တောင်အရပ် လမ်းဘေးဝဲယာ တွင် ကြက်ဆူပင်စိုက်ပျိုးပါ။နက်ပြာရောင်ရှိသော နီလာရတနာကို ဝတ်ဆင် ပါ။

ကံကောင်းသောဂဏန်း - စနေသားသမီးများ ထီထိုးရန် သူတပါးအတွက် ရည်စူး၍ ကြုံရာ ထီဂဏန်းကို ထိုးပါ။ ထီပေါက်နိုင်ပါသည်။


၇ရက်သားသမီး ဦးဆေးမင်္ဂလာပြုလုပ်ရန်

တနင်္ဂနွေနေ့ဖွားအပေါင်းတို့သည်....ဒန်းညွှန့်ကိုအခင်းပြုပြီး၊ ကံ့ကော်ညွှန့် ကိုင်ဆောင်ပါ။အနန္တောအနန္တ(၅)ပါးတို့အား ဦးထိပ် ပန်ဆင်ပြီး၊ ပူဇော်ထိုက်သူ လူ၊နတ်၊ဗြဟ္မာအပေါင်းအား ရှစ်ခိုးဦးချ ပူဇော်ကန်တော့လျက် ဂဟပတိအနောက်တောင် ဒေါင့်အရပ်ကို မျက်နှာမူကာ ဦးခေါင်းဆေးမင်္ဂလာ ဆင်ယင် ကျင်းပရာ၏။

(မှတ်ချက် နံတူရာ ပန်းပွင့်၊ ပန်းညွှန့်များအားလုံးအသုံးပြု နိုင်ပါသည်။)

တနင်္လာနေ့ဖွားအပေါင်းတို့သည်....အုန်းညွှန့်ကိုအခင်းပြုပြီး၊ နေဇာညွှန့် ကိုင်ဆောင်လျက် ဂဟပတိအနောက်အရပ်ကို မျတနင်္လာနေ့ဖွားအပေါင်းတို့သည်....အုန်းညွှန့်ကိုအခင်းပြုပြီး၊ နေဇာညွှန့် ကိုင်ဆောင်လျက် ဂဟပတိအနောက်အရပ်ကို မျက်နှာမူကား ဦးခေါင်းဆေးမင်္ဂလာ ဆင်ယင် ကျင်းပရာ၏။ (မှတ်ချက် နံတူရာ ပန်းပွင့်၊ ပန်းညွှန့်များအားလုံးအသုံးပြု နိုင်ပါသည်။)

အင်္ဂါနေ့ဖွားအပေါင်းတို့သည်....ကံ့ကော်ညွှန့်ကိုအခင်းပြုပြီး၊ ခရေညွှန့် ကိုင်ဆောင်လျက် ဂဟပတိအနောက်မြောက်အရပ်ကို မျက်နှာမူကား ဦးခေါင်းဆေးမင်္ဂလာ ဆင်ယင် ကျင်းပရာ၏။

(မှတ်ချက် နံတူရာ ပန်းပွင့်၊ ပန်းညွှန့်များအားလုံးအသုံးပြု နိုင်ပါသည်။)

ဗုဒ္ဓဟူးနေ့ဖွားအပေါင်းတို့သည်....နေဇာညွှန့်ကိုအခင်းပြုပြီး၊ သပြေညွှန့် ကိုင်ဆောင်လျက် ဂဟပတိ မြောက်အရပ်ကို မျက်နှာမူကား ဦးခေါင်းဆေးမင်္ဂလာ ဆင်ယင် ကျင်းပရာ၏။

(မှတ်ချက် နံတူရာ ပန်းပွင့်၊ ပန်းညွှန့်များအားလုံးအသုံးပြု နိုင်ပါသည်။)

ကြာသပတေးနေ့ဖွားအပေါင်းတို့သည်....ခရေညွှန့်ကိုအခင်းပြုပြီး၊ သီးညွှန့် ကိုင်ဆောင်လျက် ဂဟပတိအရှေ့အရပ်ကို မျက်နှာမူကား ဦးခေါင်းဆေးမင်္ဂလာ ဆင်ယင် ကျင်းပရာ၏။

(မှတ်ချက် နံတူရာ ပန်းပွင့်၊ ပန်းညွှန့်များအားလုံးအသုံးပြု နိုင်ပါသည်။)

သောကြာနေ့ဖွားအပေါင်းတို့သည်....သပြေညွှန့်ကိုအခင်း ပြုပြီး၊ ဒန်းညွှန့် ကိုင်ဆောင်လျက် ဂဟပတိ တောင်အရပ်ကို မျက်နှာမူကား ဦးခေါင်းဆေးမင်္ဂလာ ဆင်ယင် ကျင်းပရာ၏။

(မှတ်ချက် နံတူရာ ပန်းပွင့်၊ ပန်းညွှန့်များအားလုံးအသုံးပြု နိုင်ပါသည်။)

စနေနေ့ဖွားအပေါင်းတို့သည်....သီးညွှန့်ကိုအခင်းပြုပြီး၊အုန်းညွှန့် ကိုင်ဆောင်လျက် ဂဟပတိအရှေ့ မြောက်အရပ်ကို မျက်နှာမူကား ဦးခေါင်းဆေးမင်္ဂလာ ဆင်ယင် ကျင်းပရာ၏။

(မှတ်ချက် နံတူရာ ပန်းပွင့်၊ ပန်းညွှန့်များအားလုံးအသုံးပြု နိုင်ပါသည်။)

ရာဟုနေ့ဖွားအပေါင်းတို့သည်....နေဇာညွှန့်ကိုအခင်းပြုပြီး၊ သပြေညွှန့် ကိုင်ဆောင်လျက် ဂဟပတိအရှေ့တောင်အရပ်ကို မျက်နှာမူကား ဦးခေါင်းဆေးမင်္ဂလာ ဆင်ယင် ကျင်းပရာ၏။

(မှတ်ချက် နံတူရာ ပန်းပွင့်၊ ပန်းညွှန့်များအားလုံးအသုံးပြု နိုင်ပါသည်။)


အတာစားရခြင်း၏အကျိုးကား

ဤနှစ်သည်အတာစက္ကူစာအလိုအရ မာဃနှစ် တည်း၊ နှစ်ကို ဝက်စောင့်၏။ လကို ကျီးစောင့်၏။ ရက်ကို ခွေးစောင့်၏။ မြေကို ဒွန်းစဏ္ဍား စောင့်၏။ ကောင်းကင်ကို ရုတ္တရနတ်စောင့် ၏။ ရေကို ကြွက်စောင့်၏။ မိုးကို ဝမ်းဘဲစောင့်၏။ တောကို ယစ်စောင့်၏။ လူတို့အဓိပတိကား- မင်း၊အခြေ(၄)ခုတို့အဓိပတိကား- တောဝက်၊ ငှက်တို့အဓိပတိကား- စွန်၊ သစ်ပင်တို့အဓိပတိကား- သင်းကနက်၊ ဝါးတို့အဓိပတိကား- သိုက်ဝါး၊ မြက်တို့အဓိပတိကား- မြက်ရဲ၊ နက္ခတ်(၁၃)လုံးငုတ်၏။ (၁၄)လုံး ပေါ်၏။ မြေဩဇာမရှိ။ မိုးဦး နာအံံ့၊ မိုးလယ် မိုးနှောင်း ကောင်းအံ့။ ရေကြီးအံ့၊ လေနှောင်းအံံ့။ မုန်တိုင်းလေပွေထန်အံ့။ မိုးအကြိမ် (၆၀)ရွာအံ့။ ကောက်ပဲအသီးအနှံတို့အဖျင်းမရှိ။ ကျေး၊ တောင်၊တောမကောင်း။ သစ်ပင်ဟူသမျှလည်း မကောင်း။အမြစ်၊အဖု၊အရွက်နာအံ့။ ။အပွင့်၊အသီးနည်းအံ့။ လူတို့အနာအဖျား များကုန်အံ့။ တန်ခူးလဆန်း မိုးသံကြားအံ့။ နယုန်လမှာ ရွာအံ့။ ဝါဆိုလမှာ မိုးမှန်အံ့။ လူတို့ ဝပြောကုန်အံ့။ စစ်မက်မရှိ ပြည်ရှင်မင်း နှလုံးချမ်းသာအံ့။ ထိုနှစ်ဖွားသောသားကား ဥစ္စာ ပရိက္ခရာများအံ့။ ပညာအဆင်အခြင်မရှိ။ လောဘရမ္မက်ကြီးအံ့။အင်္ဂါလက္ခဏာချို့တဲ့အံ့။အဆင်းအဝါတံ့အံ့။အမူအကျင့် ညစ်အံ့။ ချစ်သူခင်သူ နည်းအံ့။အသက်(၇၀)နေရအံ့။

ယခုနှစ်အတွက် မဟာသြင်္ကန်ကျအခါလဂ်သည် ကန်ရာသီလဂ် ဖြစ်ပါ သည်။ သို့ဖြစ်ပါ၍ ပညာရေးကို မြှင့်တင်ခြင်း၊ စာအုပ်၊ စာပေကဏ္ဍကိုအလေးထား ဆောင်ရွက်လာကြမည်။ ထို့အပြင် ဝိဇ္ဇာ၊သိပ္ပံအတတ်ပညာရပ် များ ဦးစားပေး သင်ကြားမှုကို သက်ဆိုင်ရာဋ္ဌာနအသီးသီးမှအစွမ်းကုန် ကြိုးစားကြလတ္တံ့။ မြန်မာနိုင်ငံတော်၏ ပညာရေး ပြောင်းလဲမြှင့်တင်ခြင်း စီမံကိန်းသည်လည်း တဟုန်ထိုး တိုးတက်နိုင်သည်။ ငွေကြေးဆိုင်ရာအပြောင်းအလဲများသည်လည်းအဆင့်မြှင့်တင်မှု ရှိလာနိုင်သည်။ ငွေကြေး ခိုင်မာမှု ရရှိအောင်အဘက်ဘက်မှ ကြိုးစားကြလတ္တံ့။ ငွေကြေး ဖောင်းပွ ခြင်းကိုအထူးစိစစ်အရေးယူ ဆောင်ရွက်မှု ရှိတတ်သည်။ သိပ္ပံနှင့်အဆင့်မြင့် နည်းပညာရပ်များအသုံးချမှု ပေါများလာနိုင်သကဲ့သို့ တစ်ဖန် ဝိဇ္ဇာအတတ်ပညာရပ်များကိုလည်း လူအပေါင်းတို့ စိတ်ဝင်စားမှု များလာအံ့။အထက်လမ်း၊အောက်လမ်း မှော်အတတ်အတိုက်ဓာတ်အမျိုးမျိုးကို လည်း စမ်းသပ်ဖော်ထုတ်ကြအံ့။ စီးပွားဥစ္စာ ချမ်းသာ ကြွယ်ဝသူအပေါင်း တို့သည်လည်း လောကီပညာရပ်များကို ငွေကြေးများစွာအကုန်အကျခံ၍ လိုက်စားကြအံ့။ ဝိဇ္ဇာ၊ သိပ္ပံပညာရှင်အပေါင်းတို့အားတို့၏ ဂုဏ်သတင်း များလည်း ကျော်ကြားမှုရှိတတ်သည်။ ပညာရှိများကို ဖော်ထုတ်ပေးအံ့။ နိုင်ငံတော်အတွက် စည်းကမ်းစနစ် ခိုင်မာသော ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လေးစားလိုက်နာကြအံ့။

(မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့ဝင်)

ဆရာဦးကျော်ဋ္ဌေး

ဗေဒဝိဇ္ဇာလယစာသင်ကျောင်း

မန္တလေးမြို့

( နေကြတ်၊လကြတ်ကျမ်းပြု) ဆရာကြီးဦးဗိုလ်ကြီး၏မြေး

(မာနသာဂရီ၊ နာရဒသံဟိတကျမ်းပြု) ဆရာကြီးဦးအောင်ခိုင်၏သား

ဆရာကြီးဦးကျော်ဋ္ဌေး+ဆရာမကြီးဒေါ်စန်းစန်းဝင်း B.A(H.G.P)

ဆရာဦးအောင်ဇော်လင်း B.Sc(Chem;)




Some text some message..