
လူတစ်ယောက်နဲ့ တစ်ယောက် ငွေရှာပုံခြင်း မတူသလို ငွေသုံးနည်းလည်း မတူကြပါဘူး။ တချို့က ငွေရှာလို့ လွယ်သလောက် တချို့ကျ ငွေရှာရတာ သိပ်ခက်နေတတ်ပါတယ်။ ဂဏန်းဗေဒင်ပညာမှာ မွေးရက်/လ/နှစ်တွေ အားလုံးကို တစ်လုံးရအောင် ပေါင်းကြည့်လို့ (၁) (၃) (၅) (၆) (၉) ဂဏန်းတွေ ရရင် ငွေရှာရဖွေရ လွယ်ကူပြီး ပွပေါက်တိုးတတ်ပါတယ်။ (၂) (၄) (၇) (၈) ဂဏန်းတွေ ရနေရင်တော့ ငွေရှာရ ခက်တာမျိုး၊ ဘယ်အရာမှ အလွယ်နဲ့ အချောင် မရဘဲ ရုးန်ကန်ကြိုးစားယူရတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီတော့ .. နမူနာလေးတွေ တွက်ကြည့်ရအောင်…
Facebook ဆိုတဲ့ လူမှုကွန်ရက်ကို တည်ထောင်ရင်း ထိပ်တန်းဘီလျံနာ (၁၀) ဦးထဲအထိ စာရင်းဝင်လာခဲ့တဲ့ မတ်ခ်ဇူကာဘတ်ဂ်ျဟာ မေ ၁၄ ၊ ၁၉၈၄ မှာ မွေးဖွားသူ ဖြစ်ပြီး ရက်၊ လ ၊ နှစ် ဂဏန်းတွေကို တစ်လုံးတည်း ကျန်အောင် ပေါင်းကြည့်တဲ့အခါ ( မွေးလ ၅ လပိုင်း ဖြစ်လို့ ၅ ဂဏန်း) (မွေးရက် ၁၄ ကို ပေါင်းတော့ ၁+၄ = ၅) မွေးနှစ် (၁+၉+၈+၄ = ၂၂ = ၄) ရမယ်။ အားလုံးကို ထပ်ပေါင်းတဲ့အခါ (၅+၅+၄= ၁၄ = ၅ ဂဏန်း) ကို ရရှိပါတယ်။ (၅) ဂဏန်းဟာ ငွေရှာလို့ ကောင်းတဲ့ ဂဏန်းတွေထဲမှာ ပါဝင်နေပါတယ်။
နောက်တစ်ခါ ဒီနှစ်ထဲ ကိုဗစ်ကပ်ရောဂါ မွှေလို့ လူတွေအကုန်လုံးနီးပါး ဒုက္ခရောက်နေကြတဲ့ ကာလဆိုးထဲမှာ ထိပ်တန်းဘီလျံနာစာရင်းထဲ နံပါတ်တစ် လာချိတ်တဲ့ Amzon တည်ထောင်သူ ဂျက်ဖ်ဘီဇော့ကို ဂဏန်းဗေဒင် ပညာနဲ့ လေ့လာတဲ့အခါ သူ့မွေးသက္ကရာဇ် (ဇန်နဝါရီ ၁၂ ၊ ၁၉၆၄) အားလုံးပေါင်းခြင်းဟာ ၆ ဂဏန်း ရနေတာ တွေ့ရပါတယ်။ အလားတူပဲ ထိပ်တန်းဘီလျံနာစာရင်းမှာ အမြဲပါလေ့ရှိတဲ့ စတော့ဈေးကွက် ရင်းနှီးမြှုပ်နှံသူကြီး ဝါရင်းဘူဖေးရဲ့ မွေးသက္ကရာဇ် (သြဂုတ် ၃၀ ၊ ၁၉၃၀) ကို ပေါင်းကြည့်တဲ့အခါ ၆ ဂဏန်းကိုပဲ ရရှိပါတယ်။ (၆) ဂဏန်းဟာလည်း (၅) ဂဏန်းလိုပဲ စီးပွားရှာလို့ လွယ်ကူစေတဲ့ စွမ်းအား ရှိပါတယ်။
ဒါလောက်ဆိုရင် ကိုယ့်ရဲ့ အင်္ဂလိပ်လို မွေးရက်အလိုက် ငွေကြေးကံဇာတာ ဘယ်လို ရှိမယ်ဆိုတာ အကြမ်းဖျင်း သိလောက်ပါပြီ။ နောက်ထပ် ဂဏန်းဗေဒင်ပညာကို စီးပွားရေးလုပ်ငန်းမှာ ဘယ်လို အသုံးပြုမလဲဆိုတာ ဆက် ရှင်းပြပါမယ်။ ဂဏန်းဗေဒင်အရ ဆွေးနွေးညှိနှိုင်းမှုနဲ့ အရောင်းအဝယ်ကိစ္စတွေကို အခုလိုမျိုး ရက်၊ လ ၊ နှစ်တွေ အားလုံးပေါင်းခြင်း (၅) ဂဏန်းတဲ့ နေ့မျိုးတွေမှာ လုပ်သင့်ပါတယ်။ အလွယ်တကူ ပြီးမြောက်စေတတ်ပါတယ်။
ငွေကြေးအပေးအယူတွေ အဆင်ပြေချောမွေ့ချင်တယ်ဆိုရင် ရက်၊ လ ၊ နှစ် အားလုံး ပေါင်းခြင်း (၂) ဂဏန်း ရတဲ့နေ့ကို အသုံးပြုရပါမယ်။ ဘဏ်နဲ့ ပတ်သက်တာမျိုးဆိုရင်တော့ အားလုံးပေါင်းခြင်း (၃) ဂဏန်း သုံးရပါမယ်။ အစိုးရပိုင်း၊ အုပ်ချုပ်ရေးပိုင်းတွေနဲ့ ပတ်သက်ရတဲ့ ကိစ္စဆိုရင် ပေါင်းခြင်း (၁) ဂဏန်းရတဲ့နေ့ကို သုံးရပါမယ်။ ဒီလောက်ဆို ဂဏန်းဗေဒင်နဲ့ ငွေကြေးကံဇာတာ ဆက်စပ်မှုကို ဗေဒင်သုတ ရရှိကြမယ်လို့ မျှော်လင့်ပါတယ်။
အားလုံးပဲ ကံကောင်းချမ်းသာ မင်္ဂလာရှိကြပါစေ
ဧက (ဗေဒင်သုတ)
#lotaya_horoscope
ဗေဒင် ဟောစာတမ်း အမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။