ခွေးမွေးနိမိတ်အကြောင်း သိကောင်းစရာ
lotaya.mpt.com.mm
|
2020-09-16

ကိုယ်မွေးထားတဲ့ ခွေးကနေ သားပေါက်လာတာပဲဖြစ်ဖြစ်၊ သူများခွေးတွေ ကိုယ့်အိမ်မှာ လာမွေးတာပဲဖြစ်ဖြစ် ဒါကို နိမိတ်ကောက်ယူလို့ ရပါတယ်။ ခွေးက သူ့ဖာသာ သားပေါက်တာ ကိုယ်နဲ့ ဘာဆိုင်လဲဆိုရင် ဒီနေရာမှာ နည်းနည်း ရှင်းပြချင်ပါတယ်။

ခွေးနဲ့ လူသားဟာ သမိုင်းဦးခေတ်ကတည်းက တပူးပူးတတွဲတွဲ ယှဉ်တွဲ နေထိုင်လာခဲ့တဲ့ မိတ်ဆွေကောင်းတွေ ဖြစ်တာရယ်၊ မြန်မာ့လောကီပညာမှာ ခွေးနဲ့ပတ်သက်တဲ့ နိမိတ်တွေ၊ ခွေးစာကျွေးတဲ့ယတြာတွေ တစ်ပုံတစ်ပင် ရှိနေတာရယ်ကို ထောက်ဆကြည့်ရင် ခွေးမွေးတဲ့ကိစ္စကလည်း နိမိတ်တစ်ခု ဖြစ်လာတာ မဆန်းပါဘူး။

ကဲ .. ခွေးမွေးနိမိတ်တွေအကြောင်း လေ့လာကြည့်ရအောင်ဗျာ..

(၁) ကိုယ့်အိမ် အတက်အဆင်း လှေကားအောက်မှာ ခွေးမက သားလာပေါက်ရင် ၊ သားပေါက်တဲ့အခါမှာလည်း ဘာအန္တရာယ်မှ မရှိဘဲ ချောမွေ့မယ်ဆိုရင် စီးပွားတက်မယ်၊ ဥစ္စာဓန တိုးမယ်၊ သားသမီး တပည့်လက်သားတွေ အကျိုးပြုမယ်လို့ ယူဆပါတယ်။

(၂) ကိုယ့်အိမ် ကြမ်းပြင်ပေါ်မှာပဲ ခွေးတွေ မွေးလာရင်တော့ မိသားစုထဲမှာ ပူပန်သောက ရောက်စရာ ပေါ်မယ်။ ဘယ်လောက်ပဲ နှစ်တွေ ကြာကြာ ပေါင်းလာတဲ့ လင်မယားပဲ ဖြစ်ပါစေ ရန်ဖြစ် စကားများရတတ်ပါတယ်။




(၃) တကယ်လို့ မီးဖိုချောင်အောက်မှာ ခွေးတွေ လာပေါက်နေရင်တော့ ဝမ်းသာလိုက်ပါ။ အောက်လူငယ်သား ၊ ဝန်ထမ်း၊ အလုပ်သမားများက ကိုယ့်ကို အကျိုးပြု ကူညီမယ့် နိမိတ် ဖြစ်ပါတယ်။

(၄) ခွေးတွေက အိမ်အောက်မှာ လာမွေးတယ်ဆိုရင်လည်း နိမိတ်ကောင်းပါတယ်။ အိမ်မှာ လူပျို၊ အပျိုတွေများ ရှိရင် လင်ကောင်း၊ ဇနီးကောင်း ရမယ့် နိမိတ်အဖြစ် ကောက်ယူပါတယ်။

(၅) ခွေးတွေက ကိုယ့်အိပ်ယာ၊ အထူးသဖြင့် အိမ်ထောင်ဦးစီးရဲ့ အိပ်ယာခြေရင်းမှာ လာမွေးတယ်ဆိုရင်တော့ ကျပ်ကျပ် သတိထားရပါမယ်။ နာမကျန်း ဖြစ်တတ်တယ်။ သေကိန်းတောင် ရှိတယ်လို့ ဆိုပါတယ်။

(၆) မီးဖိုနား၊ မီးဖိုဘေးမှာ ခွေးလာပေါက်ရင်လည်း သတိထားရပါမယ်။ မီးကိန်း ရှိတဲ့ နိမိတ် ဖြစ်ပါတယ်။

(၇) နယ်မြို့ ၊ တောရွာတွေက စပါးကျီထဲမှာ ခွေးလာမွေးရင်တော့ သိပ်ကောင်းတဲ့ နိမိတ် ဖြစ်ပါတယ်။ စီးပွား တက်မယ်၊ စည်းစိမ်ဥစ္စာ တိုးပွားမယ်၊ ကူညီမစသူ ပေါများမယ့် နိမိတ်ကောင်း ဖြစ်ပါတယ်။ မြို့ကြီးပြကြီးမှာဆို ငွေထည့်တဲ့ အာမခံသေတ္တာ၊ ငွေသိမ်းတဲ့နေရာမှာ ခွေးလာမွေးရင် ကောင်းတယ်လို့ ယူဆရမှာ ဖြစ်ပါတယ်။

နိမိတ်တဘောင် ဗေဒင်သုတ တိုးပွားရရှိကြပါစေလို့ ဆန္ဒပြုပါတယ်။

ဧက (ဗေဒင်သုတ)

#lotaya_horoscope


အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလို ၊ အင်တာနက်ဘေလ် လုံး၀ မကုန်ဘဲ ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။

ဒီလင့်ခ်ကို နှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ်ရယူမည်



Some text some message..