လပြည့်ချိန်ခါ ဆန်၊ ဆီ ၊ ဆား၊ ဆေး ယတြာ
lotaya.mpt.com.mm
|
2020-10-28

လူသားတွေအတွက် အခြေခံကျတဲ့ စားဝတ်နေရေး ပြေလည်စေဖို့နဲ့ ကျန်းမာဘေးကင်း ရောဂါရှင်းစေဖို့ ဆိုပြီး ရှေးတုန်းက လောကီပညာရှင်တွေက လပြည့်နေ့မှာ ဆန်၊ ဆီ၊ ဆေး ၊ ဆား ယတြာအလှူဒါနကို လုပ်ခိုင်းလေ့ ရှိပါတယ်။ တချို့တွေလည်း ကြားဖူး၊ ဖတ်ဖူး၊ လုပ်ဖူးကြမှာပါ။ ဒီနေရာမှာတော့ လိုတရပရိတ်သတ်အတွက် ဒီ ယတြာပြုလုပ်ပုံအသေးစိတ်ကို အများ နားလည်လွယ်အောင်လို့ ပြောပြပေးသွားပါမယ်။

လိုအပ်တဲ့ပစ္စည်းတွေကတော့

ဆန် - ဆန်နို့ဆီဗူးတစ်ဘူး (သို့မဟုတ်) ဆန်အိတ်သေး တစ်အိတ်

ဆီ - ဟင်းချက်ဆီဗူးတစ်ဘူး (သို့မဟုတ်) ဆီပုလင်း တစ်လင်း

ဆား - အိမ်သုံးသား/အိုင်ဒိုဒင်းဆားထုပ် တစ်ထုပ် (သို့မဟုတ်) တစ်ပုလင်း

ဆေး - အင်္ဂလိပ်ဆေးနဲ့ မြန်မာတိုင်းရင်းဆေးဝါးအချို့ ဖြစ်ပါတယ်။

တချို့ ရိုးရာဗေဒင်ပညာရှင်တွေကတော့ လပြည့်နေ့နဲ့ ထပ်တူနဝင်းမိအောင်လို့ အထက်ပါလှူဖွယ်ပစ္စည်းတွေကို ပုလင်းထဲ ထည့်ခိုင်းတတ်ပါတယ်။ လပြည့် ၊ ပုလင်း၊ လင်ဗန်း အားလုံးဟာ နဝင်းရတဲ့ ဂဏန်းတွဲ ဖြစ်ပြီး ဆန်၊ ဆီ၊ ဆား၊ ဆေးက မြန်မာတွေရဲ့ အခြေခံလိုအပ်ချက်ပဲ ဖြစ်ပါတယ်။




ပုလင်း ရှာရခက်တယ်ဆိုရင်တော့ လှူဖွယ်ပစ္စည်းတွေကို မိမိတို့ အဆင်ပြေသလို ပြင်ဆင်ထားနိုင်ပါတယ်။

လပြည့်နေ့ မနက်ကတည်းက လှူဖွယ်ပစ္စည်းတွေကို ပြင်ဆင်ထားပါ။ အဆင်သင့်ပြီဆိုတာနဲ့ လှူဖွယ်တွေကို လင်ဗန်းကြီးတစ်ချပ်ထဲ ထည့်ထားပါ။ လပြည့်နေ့ညရဲ့ ညဦးပိုင်း လရောင်ကျမယ့် အမြင့်တစ်နေရာမှာ အရင် ထားပေးပါ။ (ကိုယ့်အိမ်၊ တိုက်ခန်းအနေအထားအရ အဆင်မပြေရင်တော့ ဒီအချက်ကို ထားခဲ့နိုင်ပါတယ်။)

လပြည့်ည ၉ နာရီ တိတိမှာတော့ အဲဒီ ဆန်၊ ဆီ ၊ ဆေး ၊ ဆားတွေ ထည့်ထားတဲ့ လင်ဗန်းကို အိမ်ကဘုရားမှာ ကပ်လှူရပါမယ်။ လှူဒါန်းရာမှာ အောက်ပါအတိုင်း ပြောပေးပါ။

“ဆန်၊ ဆီ ၊ ဆေး ၊ ဆား ပစ္စည်းများကို မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးအား ကပ်လှူပူဇော်ပါသည်။ ယခု လှူဒါန်းရသော ကုသိုလ်အကျိုးအားကြောင့် (လိုရာဆု တစ်ဆုကို) (ဘယ်အချိန်ဘယ်ကာလအတွင်းလောက်) ပြည့်စုံရပါလို၏” လို့ ဆုတောင်းပေးပါ။ ဥပမာ - အလုပ် အဆင်ပြေပါစေ ၊ စီးပွားတက်ပါစေ ၊ နေရာမြဲပါစေ ငွေများများ ဝင်ပါစေ စသည်ဖြင့် ကိုယ်လိုရာတစ်ခုတည်းကို အလေးအနက်ထား ဆုတောင်းရပါမယ်။

ဒီနေရာမှာ ဓာတ်သဘောအရ ဆက်စပ်နိုင်တာကို ပြောပါမယ်။ သေချာ မှတ်သားစေ့ချင်ပါတယ်။

ဈေးသည်ဆို ကိုယ်ရောင်းတဲ့ကုန်ပစ္စည်းတချို့ကို စတိသဘော ကိုင်ပြီး ဈေးရောင်းကောင်းဖို့ ဆုတောင်းပေးပါ။ ဝန်ထမ်းဆို ကိုယ့်ရာထူး၊ နာမည်ကတ်ပြား (သို့မဟုတ်) ယူနီဖောင်းကို ကိုင်ပြီး ဆုတောင်းပါ။ စီးပွားရေးသမား အရောင်းအဝယ်သမားဆို ကိုယ့်စာရင်းအင်းတွေ၊ စာရွက်စာတမ်းတွေ ကိုင်ပြီး ဆုတောင်းပေးပါ။ ဒါမှ ပိုပြီးတော ဓာတ်ထိမှာ ဖြစ်ပါတယ်။

မြတ်စွာဘုရားထံ လှူဒါန်းထားတဲ့ ဆန်၊ ဆီ၊ ဆေး ၊ ဆားတွေကို နောက်နေ့ မနက် ပြန်စွန့်ပြီးတဲ့အခါ ကိုယ်ပြန် မသုံးပါနဲ့။ သီလရှင်ဆရာလေးတွေ၊ ကိုရင်ငယ်လေးတွေကိုသာ ပြန်လောင်းလှူပေးလိုက်ပါ။

ကြာကြာထားလိုသူများကတော့ တစ်လလောက် ဘုရားမှာ ကပ်လှူပြီးမှ ပြန်စွန့် လှူဒါန်းနိုင်ပါတယ်။ မိမိတို့ အဆင်ပြေသလို ဆန္ဒရှိသလို ပြုလုပ်နိုင်ပါတယ်။ လပြည့်နေ့ ယတြာဟာ အနည်းဆုံး လပိုင်းနဲ့ နှစ်ပိုင်းအထိ အကျိုးသက်ရောက်မှု ရှိလာမှာ ဖြစ်ပြီး ကိုယ့်ရဲ့ ကံဇာတာနဲ့ စိတ်နေစိတ်ထားအရလည်း ကောင်းကျိုးပေးမှု အင်အားတွေ ကွဲပြားသွားမှာ ဖြစ်ပါကြောင်း အသိပေးအပ်ပါတယ်။

လူသားအားလုံး စားဝတ်နေရေး ပြေလည်ပြီး ကျန်းမာဘေးကင်းကြပါစေ

ဧက (ဗေဒင်သုတ)

#lotaya_horoscope


အပတ်စဉ် အသစ်သစ်သော ဗေဒင်ဟောစာတမ်းများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလို ၊ အင်တာနက်ဘေလ် လုံး၀ မကုန်ဘဲ ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။

ဒီလင့်ခ်ကို နှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ်ရယူမည်



Some text some message..