ရေရှည်ပေါင်းဖက်ဖို့ ခက်ခဲတဲ့ ရာသီခွင်စုံတွဲများ
lotaya.mpt.com.mm
|
2020-11-25

မြန်မာ့ရိုးရာဗေဒင်ပညာမှာ ဘဝလက်တွဲဖော် ရွေးချယ်တဲ့အခါ နေ့နံချင်းသင့်မသင့်၊ မူလမဟာဘုတ်ဇာတာအရ ပေါင်းဖက်လို့ ရ၊ မရ တွေကို တွက်ချက်စစ်ဆေးကြသလို အနောက်တိုင်းနက္ခတ်ဗေဒင် ရာသီခွင်စနစ်မှာလည်း စရိုက်သဘာဝအရ လက်တွဲဖော်ချင်း အဆင်ပြေ၊ မပြေကို အလွယ်တကူ သိနိုင်မယ့် နည်းလမ်းတွေ ရှိပါတယ်။ 
ဥပမာ ရာသီခွင်အလိုက် မီး၊ ရေ ၊ မြေ ၊ လေ ဓာတ်သဘာဝချင်း မကိုက်ညီတဲ့ ရာသီခွင်အတွဲတွေ ရှိသလို မူလ စရိုက်လက္ခဏာတွေအရ ဘယ်လိုမှ ညှိနှိုင်းလို့ မရဘဲ ပေါင်းဖက်ဖို့ ခက်ခဲတဲ့ ရာသီခွင်စုံတွဲတွေလည်း ရှိပါတယ်။ ရည်ရွယ်သူနဲ့ ကိုယ်နဲ့က ဒီရာသီခွင်တွေထဲမှာ ပါနေသလား၊ သူနဲ့ ကိုယ်နဲ့ ရေရှည်လက်တွဲလို့ အဆင်ပြေမလား ဆိုတာကို “လိုတရ” ပရိတ်သတ်အတွက် ဗေဒင်ဗဟုသုတအဖြစ် ဖော်ပြပေးလိုက်ပါတယ်။



ကရကဋ်ရာသီဖွား (ဇွန် ၂၁ - ဇူလိုင် ၂၂ )  နဲ့ ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ - ဖေဖော်ဝါရီ ၁၈ )
ခံစားချက်ကို ဦးစားပေးပြီး အားပေးဖော်လိုတဲ့ ကရကဋ်တွေနဲ့ အတွယ်အတာနည်းပြီး လွတ်လပ်မှုကို မြတ်နိုးတဲ့ ကုမ်ရာသီဖွားတွေဟာ ရေရှည်မှာ လက်တွဲလို့ အဆင်မပြေတတ်ပါဘူး။ နားလည်ဖေးမမှုတွေ လိုကို လိုပါတယ်။
မိဿရာသီဖွား (မတ် ၂၁ - ဧပြီ ၁၉) နဲ့ ပြိဿရာသီဖွား (ဧပြီ ၂၀ -  မေ ၂၀)
နှစ်ဦးစလုံးက ခေါင်းမာပြီး လွတ်လပ်ချင်တဲ့စရိုက်ချင်း တူညီတဲ့အချက်ဟာ ပြဿနာပါပဲ။ ပြီးတော့ မိဿတွေက စိတ်မြန်လက်မြန် ရှိသလောက် ပြိဿတွေက အေးရာအေးကြောင်းလို့ မြင်နေတာကလည်း ပြဿနာတစ်ခုပါပဲ။
သိဟ်ရာသီဖွား (ဇူလိုင် ၂၃ -  သြဂုတ် ၂၂) နဲ့ ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ - နိုဝင်ဘာ ၂၁)
ဘယ်သူ့ကိုမှ အကျော မပေးချင်တဲ့ ၊ ဆရာလုပ်မခံချင်တဲ့ ရာသီခွင်နှစ်ခု ထိပ်တိုက်တိုးတဲ့အခါ အတ္တမာန်မာနတွေ ထိပါးသွားမှာ အသေချာပါပဲ။ သူတပါးရဲ့ အလွှမ်းမခံချင်ဘဲ ကိုယ်သာ ဦးဆောင်ချင် လို့ ညှိနှိုင်းရခက်ပါလိမ့်မယ်။
ကန်ရာသီဖွား (သြဂုတ် ၂၃ - စက်တင်ဘာ ၂၂) နဲ့ ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ - ဒီဇင်ဘာ ၂၁)
လုပ်ချင်ရာလုပ်တတ်တဲ့ ဓနုတွေဟာ အနုစိတ်လွန်းပြီး စေ့စပ်သေချာချင်တဲ့ ကန်တွေနဲ့ ဘယ်လိုမှ အဆင်မပြေဘဲ ကန့်လန့် ဖြစ်နေတတ်ပါတယ်။ ကန်တွေက အေးဆေးကြင်နာချင်ပေမယ့် ဓနုတွေက သိပ်ဂရုမစိုက်တတ်ပါဘူး။



မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ - မတ် ၂၀) နဲ့ မေထုန်ရာသီဖွား (မေ ၂၁ - ဇွန် ၂၀)
ပျော်သလိုနေတတ်တဲ့ မေထုန်တွေနဲ့ စိတ်ခံစားချက်ကို ရှေ့တန်းတင်တဲ့ မိန်တွေဟာ သိပ်အစေးမကပ်တတ်ဘဲ ရေရှည်လက်တွဲဖို့ ခက်ပါတယ်။ မိန်တွေက အလေးထားပေမယ့် မေထုန်တွေက ဖာသိဖာသာ နေတတ်ပါတယ်။
ကန်ရာသီဖွား (သြဂုတ် ၂၃ - စက်တင်ဘာ ၂၂)  နဲ့ မေထုန်ရာသီဖွား (မေ ၂၁ - ဇွန် ၂၀)
ရာသီပိုင်ဂြိုဟ်ချင်း တူညီလို့ အစပိုင်းမှာ အဆင်ပြေသလိုလိုနဲ့ နောက်ပိုင်းမှာတော့ ကြာလေခါးလေ ဖြစ်တတ်တဲ့ အတွဲပါပဲ။ အရာတိုင်းမှာ ပြီးပြည့်စုံမှုကို လိုချင်တဲ့ ကန်နဲ့ ပေါ့ပေါ့ပါးပါးနေတတ်တဲ့ မေထုန်က ညှိရခက်ပါတယ်။
မိဿရာသီဖွား (မတ် ၂၁ - ဧပြီ ၁၉) နဲ့ ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ - နိုဝင်ဘာ ၂၁)
ရာသီပိုင်ဂြိုဟ်ချင်း တူပေမယ့် ဓာတ်သဘာဝ ခြားနားတဲ့ ဒီအတွဲကလည်း တာရှည်ခိုင်မြဲဖို့ ခက်ပါတယ်။ ထစ်ခနဲ ဆိုရင် စိတ်လိုက်မာန်ပါ လုပ်ချင်တဲ့ မိဿနဲ့ သွေးအေးပြီး နှေးကွေးတဲ့ ဗြိစ္ဆာဟာ သိပ်ကြာကြာ မတွဲနိုင်ကြပါဘူး။
ဖော်ပြထားတဲ့ ရာသီခွင်စုံတွဲတွေဟာ မူလစရိုက်သဘာဝချင်း ကန့်လန့်ဖြစ်နေပြီး ရေရှည်မှာ လက်တွဲသွားကြဖို့ ခက်ခဲတဲ့အတွက် ပေါင်းဖက်ဖို့ရာ အတော်နားလည်ပေးရပါလိမ့်မယ်။ ဒါပေမယ့် မူလဇာတာတွေနဲ့ အသေးစိတ် တွက်ချက်တာ မဟုတ်တဲ့အတွက် ယေဘုယျဟောကိန်းအဖြစ်သာ ရှုမြင်ပေးစေလိုပါတယ်။
စုံတွဲတွေအားလုံး လိုက်ဖက်ညီညာ ခိုင်မြဲသာယာကြပါစေ
ဧက (ဗေဒင်သုတ)

#lotaya_horoscope


အပတ်စဉ် အသစ်သစ်သော ဗေဒင်ဟောစာတမ်းများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလို ၊ အင်တာနက်ဘေလ် လုံး၀ မကုန်ဘဲ ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။

ဒီလင့်ခ်ကို နှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ်ရယူမည်



Some text some message..