ကိုဗစ်ကပြောင်းလဲလိုက်သည့် ဗေဒင်ဆရာများ၏ ကံကြမ္မာ
mmtimes.com
|
2021-01-14



ကြွေဗေဒင်ဟောနေစဉ်။ ဓာတ်ပုံ-အောင်ဌေးလှိုင်/မြန်မာတိုင်းမ်

ကိုဗစ်ကပြောင်းလဲလိုက်သည့် ဗေဒင်ဆရာများ၏ ကံကြမ္မာ

နက္ခတ္တဗေဒပညာရှင်တစ်ဦးဖြစ်သည့် ဆရာဦးအောင်ဇံသည် ဘဲငန်းတံဆိပ် စွပ်ကျယ်အင်္ကျီအဖြူကိုဝတ်လျက် သူ၏ဟောခန်းရှေ့က ခုံတန်းလျားလေးပေါ်တွင်ထိုင်ပြီး ညိုပြောင်လက်နေသော ဦးပြည်းကို လက်ဖြင့်ပွတ်နေသည်။ ပါးစပ်မှနေ၍လည်း ဘုရားစာ၊ ဂါထာများကို နှုတ်တက်ရွရွရွတ်နေရင်း ၎င်း၏ဗေဒင်ဟောခန်းရှေ့က ကွန်ကရစ်လမ်းပေါ် ဖြတ်လျှောက်သွားသူတိုင်း၏ မျက်လုံးများကို လိုက်၍ကြည့်နေသည်။

ရွှေဘုန်းပွင့်ဘုရား၊ တောင်ဘက်မုခ်ရှိ ဗေဒင်ဟောခန်းများရှေ့က ထိုကွန်ကရစ်လမ်းပေါ်တွင် လျှောက်နေကြသူအများစုမှာ အခက်အခဲရှိသောကြောင့် ၎င်းတို့ထံလာလေ့ရှိသူများဖြစ်ကြရာ ဦးအောင်ဇံက လာသမျှလူများကို ကူညီချင်သည့်မျက်လုံးဖြင့် ကြည့်၍ ကြိုဆိုနေခြင်းဖြစ်သည်။ အကယ်၍ တစ်စုံတစ်ယောက်က သူနှင့် မျက်လုံးချင်းဆုံမိသွားပြီး ထိုမျက်လုံးများက “ဗေဒင်မေးရင်ကောင်းမလား” ဟူသည့် ဝေခွဲရခက်နေသည့် အဓိပ္ပာယ်ပေါ်နေပြီဆိုလျှင် “ဘယ်လိုအကူအညီလိုသလဲ” ဆိုပြီး သူက လှမ်း၍ နှုတ်ဆက်စကားပြောဆိုမည်ဖြစ်သည်။

သို့သော် ထိုနေ့က သူ၏မျက်လုံးနှင့်ဆုံသည့် အခြားမျက်လုံးများမှာ ဝေခွဲရခက်နေသော မျက်လုံး များ မဟုတ်ကြပါ။ ထို့ကြောင့် သူ၏ဟောခန်းက ခါတိုင်းနေ့များလိုပင် တစ်နေ့လုံး ဟောင်းလောင်းသာဖြစ်နေခဲ့သည်။

ကိုဗစ်ကာလတွင် ဗေဒင်လုပ်ငန်း ၇၅ ရာခိုင်နှုန်းခန့် ရပ်ဆိုင်းသွားရာ ထိုအထဲတွင် ဆရာအောင်ဇံ၏ ဟောခန်းလည်း အပါအဝင်ဖြစ်သည်။ သို့သော် ဆရာဦးအောင်ဇံက ဗေဒင်မေးရန်လာသူများကို မျှော်ကိုးနေခြင်းထက် ကိုဗစ်ကိုဆန့်ကျင်ပြီး တိုက်ထုတ်နေသည့် ရည်ရွယ်ချက်ဖြင့် ဟောခန်းကို ကပ်ရောဂါကာလအတွင်း ဖွင့်ထားခြင်းဖြစ်သည်ဟု ဆိုသည်။

“ငါတို့ကို ကိုဗစ်က နှိပ်စက်လို့မရဘူး၊ ငါတို့ကို ကိုဗစ်က အနိုင်ယူလို့မရဘူးဆိုတဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အရသာလျှင် ငါတို့ဗေဒင်ဟောခန်းကို ဖွင့်ထားတာဖြစ်တယ်။ ကိုဗစ်ကို ငါတို့သည် စိတ်ဓာတ်ပိုင်းဆိုင်ရာအရ လုံးဝဆန့်ကျင်တယ်။ ခံစစ်နဲ့ ပြန်တိုက်သောအားဖြင့် ဟောခန်းကို ဖွင့်ထားခြင်းဖြစ်တယ်” ဟု သူက ဟောခန်းဖွင့်ထားရသည့် အကြောင်းအရင်းကို မျက်စိမှိတ်အာရုံယူလျက်ဆိုသည်။

သူသည် ထိုကဲ့သို့ပင် မျက်စိမှိတ်လျက် ကိုဗစ်ကို ဘယ်ဂြိုလ်က ကိုယ်စားပြုသလဲ၊ ဘယ်ဂြိုလ်က ဇာတ်ဆောင်ဖြစ်သလဲဟု အမြဲတစေ တွက်ချက်နေလေ့ရှိသည်။

ဗေဒင်ဆရာအများစုက ကိုဗစ်နှင့်ပတ်သက်သည့် ကြေငြာချက်များအပေါ်အခြေခံပြီး ဟောခန်းကို ဖွင့်ကြခြင်းဖြစ်ပြီး ကိုဗစ်ကာလအတွင်း ဟောခန်းဖွင့်ထားသူများသည် သတ္တိရှိသူများဖြစ်သည်ဟု သူက သတ်မှတ်ထားသည်။

“ကိုယ့်အပေါ် ကိုဗစ်ဖြစ်တာ၊ မဖြစ်တာကို ခေါင်းထဲသိပ်မထည့်ဘူး။ ဒီကပ်ရောဂါ ဘယ်အချိန်ပြီးပျောက်သွားမလဲဆိုတာကိုပဲ အာရုံစိုက်တယ်၊ ဒီသဘောတရားနဲ့ နှစ်ပါးသွားပြီး လမ်းလျှောက်နေတယ်” ဟု အသက်ငါးဆယ်ခန့်ရှိပြီဖြစ်သည့် ဆရာဦးအောင်ဇံက ဆိုသည်။

အချို့သော မြန်မာလူမျိုးများသည် ဘဝအတွက် ဗေဒင်၊ အင်္ဂဝိဇ္ဇာ၊ လက္ခဏာ၊ အကြားအမြင်ဆရာများကို အားကိုးလေ့ရှိသည်။ ဗေဒင်ကြည့်ရင်းစွဲရှိသည့်၎င်းတို့၏ စိတ်ထဲ၌ အခန့်မသင့်တာ တစ်ခုခုဖြစ်လျှင်၊ မကောင်းသည့်အရာတစ်ခုခုနှင့် ကြုံရလျှင် ဗေဒင်ဆရာဆီသို့ ရောက်အောင်ပြေးပြီးသား။ ယတြာဆိုလည်းချေပြီးသား။ ၎င်းတို့အတွက် ဗေဒင်သည် ပြဿနာဖြေရှင်းနည်းတစ်နည်း ဖြစ်သည်။

ဗေဒင်ဆရာများကလည်း Counselling ဟု ခေါ်ကြသည့် ဆွေးနွေးတိုင်ပင်မှုအခန်းကဏ္ဍတွင် အထူးကျွမ်းကျင်ကြသည်။ ဟောခြင်းပြောခြင်းက မှန်သည် မှားသည် အပထား။ မေးလာသူ၏ ပူဆွေးသောကများ သက်သာအောင်၊ ပြဿနာများကို ခေါင်းအေးအေးထား ဖြေရှင်းနိုင်အောင် ကူညီရာတွင် ဗေဒင်ဆရာများက အထူးကျွမ်းကျင်သည်။ ထို့ကြောင့်လည်း လူများက အခက်အခဲဖြစ်တိုင်း ၎င်းတို့ဆီပြေးခြင်းဖြစ်သည်။

သို့သော် အရာရာတွင် အရှုံးနှင့်ချည်းရင်ဆိုင်ရပြီး သောကများရသည့် ခုလိုကာလမျိုးရောက်တော့ ဗေဒင်ဆရာဆီကို ပြေးမလာနိုင်ကြတော့။ ရောဂါကိုကြောက်လို့လည်းဖြစ်သလို ဉာဏ်ပူဇော်ခပေးရန် စီးပွားရေးအခြေအနေမကောင်းကြသောကြောင့်ဖြစ်သည်။ သို့ဖြင့် ဗေဒင်ဆရာများ၏ အခန်းသည်လည်း တစ်နှစ်ပတ်လုံး ဟောင်းလောင်းဖြစ်နေတော့သည်။

ဟောခန်းမရှိဘဲ ဘုရားစောင်းတန်းများတွင် ထိုင်၍ဟောသည့် ဗေဒင်ဆရာများဆိုလျှင် နေရာပင်ပျောက်သွားသည်။ တစ်ချို့ဗေဒင်ဆရာများက ဗေဒင်မဟောရသဖြင့် ခေတ်စားနေသည့် အွန်လိုင်းဈေးရောင်းသူများ ဖြစ်လာကြတော့သည်။

“ဗေဒင်ဆရာတွေက ကိုယ်တိုင်ခက်ခဲလာတော့ မရှိရှိတာတွေ ထုတ်ရောင်းစားကြတာတွေ ဖြစ်ကုန်ကြတယ် တစ်ချို့ကလည်း စားကုန်သောက်ကုန်၊ မုန့်လုပ်ငန်း၊ ဟင်းချက်ရောင်း၊ အထည်ရောင်းပေါ့” ဟု စမ်းချောင်းမြို့နယ်၊ ဇေယျသုခလမ်းက အိမ်တွင် ဟောခန်းဖွင့်ထားသော တဲရော့ဗေဒင်ပညာရှင် ဆရာမစောလဲ့နွယ်က ဆိုသည်။

ဆရာမစောလဲ့နွယ်က ကိုဗစ်ကာလအတွင်း ဗေဒင်မေးသူများကို အိမ်ကိုမလာခိုင်းသလို အွန်လိုင်းကနေ၍လည်း မဟောပေးပေ။ သားသမီးတွေက အွန်လိုင်းကဟောပြောခြင်းကို သဘောမတူသည့်အပြင် အရေးကြီးသည့်အရာများ မှားယွင်းမည်စိုးသည့်အတွက်ကြောင့်လည်းဖြစ်သည်။

ဗေဒင်၊ နက္ခတ်ဆရာအများစုကလည်း အွန်လိုင်းက ဟောနေရခြင်းကို သိပ်ပြီး အားမရကြ။ လူချင်းတွေ့ပြီး အခက်အခဲကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးဟောပြောရခြင်းဖြစ်သည့်အတွက် ဖုန်းကတစ်ဆင့် စကားပြောရသည်မှာ သိပ်ပြီးခရီးမတွင်။ ထို့ပြင် မှန်ကန်သည့်ရာခိုင်နှုန်း ပို၍နည်းသည်ဟုလည်း ယူဆကြသည်။

“ကျွန်တော်တို့က လက်တွေ့ဟောရတဲ့ သူတွေဆိုတော့ အားမရဘူးပေါ့ကွာ။ လူလူချင်းတွေ့ပြီး ဟောရတာက ပိုပြီးအနှစ်သာရရှိတာပေါ့” ဟု ဆရာဦးကျော်မင်းသိန်းက ဆိုသည်။

ဆရာဦးကျော်မင်းသိန်းက အိန္ဒိယနိုင်ငံတွင် သင်လာခဲ့သည့် မော်ဒန် နက္ခတ်ဗေဒင်ပညာဖြင့် ဗေဒင်ဟောသူဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲအတွက် ငါက ရက်ကိုရွေးပေးခဲ့တာ၊ ဆရာသန်းဝင်လှိုင် စာပေဆုရမယ်လို့ ငါပဲ ဟောခဲ့တာလေ” ဟု သူက အသိမိတ်ဆွေများနှင့် စကားလက်ဆုံကျလျှင် မကြာခဏဆိုတတ်သည်။

လတ်တလောတွင်တော့ သူ၏ဟောခန်းမှနေ၍ ကချင်၊ ရှမ်း၊ ကရင်သာမက ဘန်ကောက်၊ အင်္ဂလန်ပြည်ပနိုင်ငံများအထိ လှမ်း၍တွက်ချက်ပေးနေရသည်။

မေးသူအများစုက စီးပွားရေးအဆင်မပြေမှုများအပြင် ကိုဗစ်ဘယ်အချိန်ပြီးမလဲ ဆိုတာတွေကိုမေးပြီး ကိုဗစ်ရှောင်ယတြာများ တောင်းကြသည်။

ဗေဒင်ဆရာများကတော့ ဘာသာရေးလုပ်ရန်၊ ကုသိုလ်ကောင်းမှုတွေလုပ်ရန်၊ ဓာတ်ကြီးလေးပါးပူဇော်ရန်၊ ဆွမ်းကပ်၊ ပရိတ်ရွတ်ရန်၊ တိရိစ္ဆာန်အစာကျွေးရန်တို့ကိုသာ နာနာပြောရလေသည်။

ပြီးခဲ့သည့် နှစ်တုန်းကတော့ စနေဂြိုလ်နှင့် ရာဟုဂြိုလ်ပူးပေါင်းတိုက်ခိုက်မှုကြောင့် ကိုဗစ်လို ကပ်ရောဂါမျိုးဖြစ်ရသည်ဟု ဗေဒင်ဆရာများက ခန့်မှန်းသည်။ ယခုတော့ ခရစ်သက္ကရာဇ်အရ နှစ်သစ်ကိုရောက်လာခဲ့ခြင်းနှင့်အတူ စနေဂြိုလ်သည်လည်း လွပ်လပ်သွားပြီ။ ဗေဒင်ဆရာအများစုက နှစ်သစ်တွင် အဆိုးတရားများနည်းပါးသွားမည်ဟု ခန့်မှန်းကြသည်။

ဆရာဦးအောင်ဇံကတော့ ၂၀၂၁တွင် ၂၀၂၀ တုန်းကလို ကိုဗစ်ရောဂါများ ရက်ရက်စက်စက်မဖြစ်ပွားနိုင်ဟု ဆိုသည်။

“ရက်စက်တဲ့ ဒုတိယလှိုင်းလိုမျိုး တတိယလှိုင်းတွေ မဖြစ်လာနိုင်တော့ဘူးလို့ တွက်ထားပါတယ်” ဟု ၎င်းက မျက်လုံးမှိတ်လျက် ဆိုသည်။ သူ၏အဆို မှန်ခြင်း၊ မမှန်ခြင်းကိုတော့ သူက အာမမခံပေ။ သို့သော် ၅၅ ရာခိုင်နှုန်းတော့ နီးစပ်မှုရှိသည်ဟု ဆိုသည်။

ဆရာမစောလဲ့နွယ်ကလည်း မကောင်းသည့် ဂြိုလ်က ကုန်ဆုံးပြီး လွင့်စင်သွားပြီဟု ဆိုသည်။ "ကောင်းတဲ့အချိန်အခါကိုရောက်ပြီလို့ပြောလို့ရပြီ” ဟု သူကဆိုသည်။

ဆရာကျော်မင်းသိန်းကတော့ ခရစ်နှစ်သစ်သည် ငလျင်မီးလောင်မှုများဖြင့် အစပြုလိမ့်မည်ဟုဆိုသည်။ လူတွေ၏လောဘ၊ ဒေါသစိတ်များသည်လည်း ယခင်ကထက်ပိုများလာပြီး သူခိုး၊ ဓားပြများ ပို၍တိုးလာဖို့ရှိသည်ဟု ဟောကိန်းထုတ်သည်။

“ဘာမှခေါင်းထဲမှာ ထည့်မနေနဲ့တော့၊ ကိုဗစ်က ပိုကောင်းလာဖို့ပဲရှိတယ်” ဟု ကိုဗစ်နှင့်ပတ်သက်ပြီးတော့ ၎င်းက တစ်ထိုင်တည်း ဟောကိန်းထုတ်သည်။

သူ့ဟောခန်းထဲတွင် ထိုင်နေသည့် အမျိုးသမီးကတော့ “ဒီဆရာကြီးက သိပ်မှန်တယ်၊ သူခန့်မှန်းရင် မှန်တယ်” ဟု ထောက်ခံနေလေသည်။

ကိုဗစ်၏ရိုက်ခတ်မှုဒဏ်ကို တလူးလူးတလွန့်လွန့် ခံစားနေရသည့် လူအများစုကလည်း ထိုဟောကိန်းများ မှန်ကန်စေဖို့ ဆန္ဒရှိကြပေလိမ့်မည်။




Some text some message..