ဇန်နဝါရီ ၂၂ ရက်နေ့အတွက် (၇) ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2021-01-22

တနင်္ဂနွေ - ငွေရေးကြေးရေး ကံကောင်းတတ်တဲ့နေ့ ဖြစ်တယ်။ ရစရာနဲ့ပေးစရာတွေ ဒီနေ့မှာ အဆင်ပြေသွားပြီး တခြားဝင်ငွေရလမ်းတွေ၊ ကံထူးတာတွေလည်း ကြုံရတတ်တယ်။ ဒါပေမယ့် အလုပ်ကိစ္စမှာတော့ အကြိမ်ကြိမ် လုပ်ရတာ၊ စိတ်တိုင်းမကျတာ၊ ပြန်ပြင်ရ ပြန်လုပ်ရတာတွေ ဖြစ်မယ်။ ကိုယ့်နေရာ၊ ရပိုင်ခွင့်အတွက် ကြိုးပမ်းရ ရုန်းကန်ရတတ်တယ်။ အကြီးအကဲ၊ ဆရာသမားတွေက ကူညီနိုင်ပေမယ့် မိတ်ဆွေကြောင့်တော့ စိတ်ညစ်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ အခြေအတင်တွေ ဖြစ်တတ်တယ်။ နှစ်ဦးကြား သူများဝင်နှောင့်ယှက်တတ်တယ်။ ဒီနေ့မနက် ၈ နဲ့ ၉ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဖခင် (သို့) အကြီးအကဲတစ်ဦးကို စားချင်တာ ကျွေးလိုက်ပါ။

သင့်

တနင်္လာ - ဒီတစ်နေ့လုံး လူရောစိတ်ပါ မနေမနား ပြေးလွှား သွားလာနေရတတ်တယ်။ အထိုင်ချ လုပ်သူတွေ အချိန်ကြာ မထိုင်နိုင်ဘဲ သွားစရာနဲ့လုပ်စရာတွေ တန်းစီ ပေါ်လာမယ်။ နေရာအထားအသို အရွှေ့အပြောင်း၊ အလုပ်နေရာ အပြောင်းအလဲ စတာတွေ ကြုံရတတ်တယ်။ ခရီးကိစ္စ ပေါ်လာခဲ့ရင် ကောင်းတဲ့ ခရီး ဖြစ်မယ်။ အလုပ်မှာ စိတ်ညစ်စရာတချို့ ဖြစ်တတ်တယ်။ နှလုံးသားရေးမှာ ကံကောင်း စိတ်ချမ်းသာရမယ့်နေ့ ဖြစ်တယ်။ ဒီနေ့ မွန်းလွဲ ၁ နဲ့ ၁ ခွဲကြား ကံကောင်းတတ်တယ်။ ယတြာအနေနဲ့ လမ်းဘေးခွေးတွေကို အစာကျွေးရမယ်။

ညံ့

အင်္ဂါ - အကြီးအကဲတွေ၊ အုပ်ချုပ်သူ အာဏာပိုင်တွေကြောင့် စိတ်သောက ဖြစ်ရမယ်။ အတိုက်အခံ လုပ်သူနဲ့ ရန်လိုသူတွေ များနေပြီး ကိုယ့်ကိုကိုယ် ကာကွယ်နိုင်ဖို့ ကြိုးစားရလိမ့်မယ်။ ဒီနေ့မှာ အပြောအဆို ဆင်ခြင်ဖို့ လိုအပ်ပြီး စကားမှားရင် ပိုဆိုးသွားတတ်တယ်။ မလိုအပ်ဘဲ အင်အားသုံး ဖြေရှင်းတာ၊ ဇွတ်လုပ်တာမျိုးတွေကို ရှောင်ရှားပါ။ ဘာပြဿနာ ဖြစ်ဖြစ် စိတ်အေးအေးထား ရင်ဆိုင်ပါ။ ငွေကြေးကိစ္စမှာတော့ အဆင်ပြေနေမယ်။ နှလုံးသားရေးမှာ စိတ်အခန့်မသင့်စရာ များမယ်။ တစ်ယောက်နဲ့တစ်ယောက်ကြား ရန်လိုအမုန်းပွားမိလိမ့်မယ်။ ဒီနေ့ ညနေ ၄ ခွဲနဲ့ ၅ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ထောပတ်သီးဖျော်ရည် ကပ်လှူ ဆုတောင်းပါ။

သင့်

ဗုဒ္ဓဟူး - ဒီနေ့ အလုပ်အကိုင်၊ အသက်မွေးဝမ်းကျောင်းမှာ အရင်နေ့တွေထက် ခက်ခဲပင်ပန်းရတာတွေ ရှိမယ်။ အစုအဖွဲ့ ၊ ရှယ်ယာအလုပ်တွေ ဆုံးရှုံးတတ်လို့ သတိထားရမယ်။ လူအများနဲ့ စုပေါင်းစပ်ပေါင်း လုပ်တဲ့အခါမှာ ကိုယ့်အတွက် နစ်နာမှုတွေ ရှိလာနိုင်တယ်။ အလုပ်၊ စီးပွားရေး ညံ့တတ်တဲ့နေ့ ဖြစ်ပေမယ့် တခြားကိစ္စတွေမှာ အဆင်ပြေပြေ ဖြစ်နေမယ်။ ငွေကြေးကိစ္စမှာတော့ စိတ်ရှုပ်ရတာလေးတွေ ရှိမယ်။ လုပ်ငန်းဝင်ငွေအမြတ်အစွန်း နည်းပါးတတ်တယ်။ အချစ်ရေး ကံခေတ်တယ်။ အိမ်ထောင်ရှင်တွေကတော့ ဒီနေ့မှာ သာယာအေးချမ်းမယ်။ ဒီနေ့ မနက် ၁၀ ခွဲနဲ့ ၁၁ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအဖြစ် ဘုရားမှာ အချိုရည် ကပ်လှူပေးပါ။

သင့်

ရာဟု - အရင် ပြဿနာဟောင်း၊ မပြီးမပြတ်သေးတဲ့ကိစ္စတွေက ဒီနေ့မှာ ပြန်ပေါ်လာတတ်တယ်။ ငွေကြေးကိစ္စ၊ အလုပ်ကိစ္စတွေမှာ ကိုယ်ရသင့်တဲ့ အခွင့်အရေးကို သူတပါးက လုယူတတ်တယ်။ နေရာထိုင်ခင်း၊ ရာထူးဌာနနဲ့ ပတ်သက်လို့ ပြောရဆိုရတာတွေ ဖြစ်တတ်တယ်။ ငွေကြေးပိုင်းမှာ စိတ်ထဲ မတင်မကျတွေ များရတတ်တယ်။ အကြီးအကဲတွေနဲ့ ငြင်းရခုံရ ဖြစ်လာနိုင်တယ်။ နှလုံးသားရေးမှာလည်း ဒီနေ့က ပြဿနာတွေ အဖြစ်များမယ်။ ဒီနေ့ နေ့ခင်း ၁ ခွဲနဲ့ ၂ ကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ ဘုရားမှာ အမွှေးတိုင် ၈ တိုင် ပူဇော်ပါ။

သင့်

ကြာသပတေး - ကိုယ်တိုင်က ခေါင်းမာတယူသန်လို့ ဒီနေ့မှာ ပြဿနာတွေ ဖြစ်တတ်တယ်။ အတွေးအခေါ်တွေ လွဲချော်တတ်တယ်။ တစ်ယောက်တည်း ကြံစည်လုပ်ကိုင်တာထက် မိတ်ဆွေ၊ အကြီးအကဲတွေနဲ့ တိုင်ပင်ပြီးမှ လုပ်တာ ကောင်းမယ်။ လုပ်ငန်းကိစ္စမှာ ဆူဆူပူပူတွေ ဖြစ်မယ်။ တိုက်ရခိုက်ရ ယှဉ်ပြိုင်ရတာတွေ ပေါ်လာမယ်။ စိတ်မချမ်းသာစရာတွေ များမယ်။ ငွေကုန်ကြေးကျလည်း များတတ်တယ်။ ငွေအတွက်နဲ့ စကားများရလိမ့်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ အရှုပ်အရှင်းတွေ ထဖြစ်တတ်တယ်။ မဖုံးနိုင်မဖိနိုင် ပြဿနာတွေ ပေါ်နိုင်တယ်။ ဒီနေ့ ညနေ ၃ ခွဲနဲ့ ၄ ကြား ကံကောင်းချိန် ဖြစ်တယ်။ အိမ်ခြေရာမဲ့တွေကို ပေါင်မုန့်တွေ ဝယ်ကျွေးပြီး ဒါနပြုပါ။

ညံ့

သောကြာ - တစ်နေ့တာလုံးမှာ စိတ်အားထက်သန်မှုအပြည့်နဲ့ အရာရာကို အင်တိုက်အားတိုက် လုပ်ပြနိုင်မယ်။ အလုပ်တွေလည်း ကောင်းလာဖို့ ရှိတယ်။ စီးပွားရေးသမားတွေဆို အခွင့်အရေးကောင်းတွေ ဖမ်းဆုပ်ရရှိမယ်။ မမျှော်လင့်တဲ့နေရာက လာဘ်လာဘတွေ ဝင်လာနိုင်တယ်။ ငွေဝင်ကိန်းလည်း ရှိနေတယ်။ ရပေါက်ရလမ်းတွေ ပေါများမယ်။ ကံတရားက ကိုယ့်ဘက် ရှိနေမယ်။ အလုပ်မှာ အစိုးရ၊ အာဏာပိုင်တွေက ကူညီပံ့ပိုးတတ်တယ်။ မေတ္တာရေးမှာလည်း စန်းပွင့်၊ ဇာတာတက်နေမယ်။ လူပျိုလူလွတ်တွေ မျှော်လင့်တဲ့ အခြေအနေမျိုး ရရှိမယ်။ ဒီနေ့ မနက် ၉ နဲ့ ၁၀ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ နို့ထမင်းဆွမ်း ကပ်လှူပြီး ဆုတောင်းပေးရမယ်။

ကောင်း

စနေ - ကိုယ့်အစွမ်းအစကို အများသိအောင် ထုတ်ပြနိုင်မယ့်နေ့ ဖြစ်တယ်။ အလုပ်အကိုင် စီးပွားရေးကံဇာတာ ကောင်းမွန်နေပြီး ကြိုးစားသလောက်လည်း ခရီးပေါက်လိမ့်မယ်။ လူအများနဲ့ တွဲလုပ်တဲ့ကိစ္စတွေမှာ အကျိုးပေး အောင်မြင်ဖို့ လွယ်ကူမယ်။ အလုပ်မှာ ကောင်းနေပေမယ့် ကိုယ့်နေရာ၊ ရာထူးနဲ့ ပတ်သက်လို့ နည်းနည်း ပြောရ ဆိုရတတ်တယ်။ လုပ်ပိုင်ခွင့်တွေ ပြတ်သားဖို့ လိုလိမ့်မယ်။ ငွေကြေးကံကောင်းပြီး လာဘ်ရွှင်မယ့်နေ့ ဖြစ်တယ်။ အချစ်ရေးတော့ ညံ့တယ်။ ပြဿနာလေးကနေ ပြဿနာ ကြီးတတ်တယ်။ အိမ်ထောင်ရေးတော့ ပုံမှန်ပဲ ရှိမယ်။ ဒီနေ့ နေ့ခင်း ၂ နဲ့ ၃ ကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအဖြစ် ဘုရားမှာ အုန်းနို့ခေါက်ဆွဲ ကပ်လှူပေးပါ။

ကောင်း

#lotaya_horoscope


MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ဗေဒင်ဟောစာတမ်းများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။

ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။



Some text some message..