ထိတ်လန့်ဖွယ်ရာ စက်တဲဟောင်းကြီး
lotaya.mpt.com.mm
|
2021-01-22

၁။

အချိန်က နေ့လယ် ၁နာရီ ထိုးပြီးခါစ။

ရွာလယ်လမ်းမကြီးသည် ခပ်ပြင်းပြင်း နေအပူရှိန်ကြောင့် အငွေ့များ ပျံထနေသည့်အလား တရှိန်ရှိန်နဲ့ ပူခြစ်လျက် ရှိနေ၏။

ကုက္ကိုပင်ကြီး၏ အုပ်ဆိုင်းဆိုင်း အခက်အလက်များကြောင့် အရိပ်ကောင်းစွာ ရနေသော ဒေါ်လှ ကွမ်းယာနှင့်ကုန်စုံဆိုင် တစ်ဘက်ရပ် တဲလေးသည် ထိုရွာလယ်လမ်းမ နံဘေးတွင် ရှိသည်။

ဒေါ်လှသည် ထိုတဲလေးတွင် ရွာထဲက လူငယ်များ ဇယ်တောက်ရန် လက်တောက်ခုံ တစ်ခုချထားပေး၍ အကောက်စားလေ၏။

ဇယ်တောက်ခုံမှ ရသည့် အကောက်ငွေကလည်း ဒေါ်လှအတွက် ဆန်ဖိုးတော့ ရနေသည်ပဲလေ။

လူငယ်များက ဇယ်တောက်ရင်း ကွမ်း၊ဆေးလိပ် ဝယ်ကြသည်မို့ ပို၍ အလုပ်ဖြစ်သည်ဟု ဆိုရမည်။

ရွာထဲက လူငယ်များသည် ဒေါ်လှ၏ ကွမ်းယာဆိုင်တွင် ကွမ်းယာဝယ်စားကြရင်း လက်တောက်ခုံ ထိုင်၊ ဇယ်တောက်လေ့ရှိကြသည်။

ယခုလည်း လူငယ်အချို့သည် နွေအပူကို မေ့ဖျောက်ခါ လက်တောက်ခုံ၌ ဇယ်တောက်နေကြပါသည်။

ထိုအထဲက ဘေးမှ ရပ်ကြည့်နေသော မြဒင်ဆိုသည့် လူငယ်တစ်ဦးက စိတ်မရှည်တော့သည့်ဟန်ဖြင့် လက်တောက်ခုံ၌ ဇယ်ထိုင်တောက်နေတာ ကြာပြီဖြစ်သော တစ်ရွာတည်းသား သူငယ်ချင်း သစ်ပွဲစားကိုဦးကို ဆူအောင့်နေပါ၏။

" ငဦးကတော့ကွာ၊ ညနေဆို မြို့က ကုန်သည်တွေနဲ့ တောပဲ တက်ရတော့မယ်။ အခုထိ ဇယ်တောက် မပျက်သေးဘူး ။အလုပ်ရှိတာကို ပြန်ပါ့လား။

ကြို ပြင်စရာရှိတာတွေ ပြင်ထားရအောင် လို့ ။ငါရော အောင်ဝင်းပါ ဇယ်တောက်ချင်လို့ ဘေးက ထိုင်စောင့်နေတာ ကြာလှပြီ "

" ဟားဟားဟား ... မြဒင်ရာ ငါထွက်မှ မင်းတို့ ဝင်ကစားရမှာမို့ ငါ့ကို နှင်နေတာ မသိဘူးများ မှတ်နေသလားဟ။ ညဘက် တောတက်လည်း ငါက ဘာယူစရာ လိုလို့လဲ။ တောတက်ဓားတစ်ချောင်း ခါးချိတ်သွားရုံပဲဟာ "

" မသိဘူးကွာ ဟေ့ယောင် ၊ မင်းတို့ ဇယ်တောက်နေတာ ကြာလှပြီ။ ငါတို့လည်း တစ်လှည့် ပေးတောက်ပါအုံးဟ ။ ဘေးကနေ ရပ်ကြည့်နေရတာ ညောင်းလှပြီကွ၊ လခွမ်း "

ကိုဦးဆိုသည့် လူငယ်က ၊ ဇယ်တောက်နေရာမှ အပေါ်သို့ မော့ကြည့်ပြီး...

" အေးပါကွာ မြဒင်ရ ၊ ငါ ဒီတစ်ပွဲ ပြီးရင် ထပေးပါ့မယ် ။ ခဏတော့ စောင့် "

တကယ်လည်း ပွဲပြီးသွားတော့ ကိုဦးက နေရာမှ ထပေးလိုက်ပါသည်။ မြဒင်က ကိုဦးနေရာ ဝင်ကာ ဆက်ကစားသည်။

ကိုဦးက ခါးကို အညောင်း ဆန့်ကာ ၊

အိတ်ထောင်ထဲက တစ်ထောင်တန် တစ်ရွက်ကို ထုတ်ယူပြီး ၊

" ဒေါ်လှ ကျနော့်ဖို့ ကွမ်း၅၀၀ဖိုး ယာပေးပါအုံး ၊ ရော့ ဒီမှာ ကွမ်းဖိုးရော အကောက်ရော "

ဒေါ်လှက ကိုဦးအတွက် ကွမ်းယာ ယာပေးရင်း ၊

" ဟဲ့ ... ငဦး ၊ မြို့က ဧည့်သည်တွေ ဆေးလိပ်တို့ ကွမ်းတို့ ဝယ်ချင်ရင် ငါ့ဆီ ခေါ်ခဲ့ပေးဦးလေဟာ ၊ ချော်တောငေါ့ပြီး ဟိုကောင်မ မြသီဆိုင်ကို ခေါ်မသွားနဲ့ဦး "

ကိုဦးက ကွမ်းသွေးကို ပျစ်ကနဲ ထွေးထုတ်လိုက်ပြီး ၊

" အံမယ် ... ခင်ဗျားက ကျုပ်ကို ကော်မရှင် ပေးထားတာကျလို့ ၊ ပိုင်စိုးပိုင်းနင်းနဲ့ လာပြောနေသေးတယ် "

" ဟဲ့ ကော်မရှင် ပေးနေရဦးမှာလား ၊ ကြီးကြီးကျယ်ကျယ် လာပြောနေပြန်ပြီ။ နင်တို့ ပိုက်ဆံပြတ်တော့ ငါ့ဆီကပဲ အကြွေး ဝယ်လို့ ရတာမဟုတ်လား ၊ မြသီဆီက အကြွေးဝယ်လို့ ရလား ပြောကြည့်လေ "

ကိုဦးက စပ်ဖြဲဖြဲနှင့် ...

" ဒါကတော့ ဒါပေါ့ ဒေါ်လှရဲ့ ။ မြသီဆိုင်သွားတယ်ဆိုတာ ကွမ်းယာ ဝယ်စားရုံတင် မဟုတ်ဘူးလေဗျာ ။ မြသီရဲ့ အလှကိုလည်း သွားငေးရင်းငမ်းရင်းပေါ့။

မြသီလေးများ လည်ဟိုက် အကျႌဝတ်ထားပြီး ဈေးရောင်းတဲ့နေ့များဆို ကွမ်းယာဝယ်တဲ့သူတွေများ မြင်မကောင်းဘူး၊ သူ့ဆိုင်မှာ အုံခဲလို့ ဟီးဟီး "

မြသီဆိုတာက သူတို့ရွာ ခေတ်ဆန်ဆန် တစ်ခုလပ်မလေး ဖြစ်သည်။ မြသီက ကွမ်းယာဆိုင် သီးသန့်ဖွင့်ထား၏။ ဒေါ်လှလို ကုန်စုံဆိုင်နဲ့ တွဲဖွင့်ခြင်း မဟုတ်ချေ။

မြသီက တစ်ခုလပ်ပီပီ ဝတ်တာစားတာ ရဲတင်းပွင့်လင်းသည်။ ဈေးဝယ်လာသူများကို သူမ၏ အသံချိုချိုလေးနှင့် ဆွဲဆောင်နိုင်စွမ်းသည်။

ဒေါ်လှက အသက်ဖြင့် ၅၀နားကပ်နေပြီဖြစ်ပြီး ၊ ကလေး ၄ယောက်အမေ အိမ်ထောင်သည်လည်း ဖြစ်ပါ၏။ ဒေါ်လှဆိုင်က လက်တောက်ခုံကြောင့် လူစည်နေခြင်းသာ။

ဒါပေမယ့် ... ဒေါ်လှကလည်း ခေသူမဟုတ်။ ကိုဦးစကားကို ပြန်အငေါ်တူးလေ၏။

" အော်မယ်လေးတော် ... လည်ဟိုက်အကျႌ ဝတ်မှ လူစည်သတဲ့လား ။

ဒီလိုများဆို ဟောဒီက မယ်လှလည်း ရင်ဟိုက်တင်မကပါဘူး။ အပေါ်အကျႌမဝတ်ပဲ ရင်ပါ လျားထားလိုက်ဦးမယ်ဟေ့"

သူတို့နှစ်ယောက်ပြောနေကြသည်ကို ကြားနေရသော လက်တောက်ခုံက လူငယ်များက ဒေါ်လှ၏ အရွဲ့တိုက်စကားကြောင့် တဝါးဝါး တဟားဟားနဲ့ ပွဲကျကုန်လေ၏။

...............

၂။

မောင်ဦးက သစ်ပွဲစား ဖြစ်သည်။သူတို့အရပ်က သစ်တောနဲ့နီး၍ ရွာက လူငယ်တိုင်းလိုလို သစ်ပွဲစား ဖြစ်ကုန်ကြသည်မှာ မဆန်းပေ။

မြို့က လာတဲ့ သစ်ကုန်သည်များကို တောထဲရှိ သစ်ခွဲစက်များထံ ခေါ်သွားပြီး အရောင်းအဝယ် ချိတ်ဆက်ပေးရုံပင်။

အရောင်းအဝယ်တည့်ပါက သူတို့လူငယ်တွေ ပွဲခကောင်းကောင်း ရကြသည်။ တောထဲမှာ ခိုးခွဲထားသည့် သစ်များကို ဝယ်လက်က ကြိုက်ပါက နေရာအရောက်ပို့စနစ်ဖြင့် ရောင်းချကြခြင်း ဖြစ်သည်။

ခိုးခုတ်ထားသည့် သစ်များဆိုတော့ မြို့ပေါ်သို့ ရောက်ရန် ဋ္ဌာနဆိုင်ရာများကို နည်းအမျိုးမျိုးဖြင့် ဖြတ်သန်းရသည်။

ထိုအလုပ်ကို သစ်ခွဲသား ရောင်းသည့် သစ်ခွဲစက်က တာဝန်ရသည်။

မောင်ဦးတို့အလုပ်က ဝယ်လက်ကို အရည်အသွေး ပြည့်မှီသော သစ်ကောင်းသစ်သန့်များကို ပြပေးနိုင်လျင် ပြီးပြီဖြစ်၏။

အခုတလော နယ်မြေခံရဲတပ်ဖွဲ့နှင့် သစ်တောဝန်ထမ်းများက သစ်ခိုးခွဲသည့် သစ်စက်များကို အဖမ်းအဆီး ကြမ်းနေသဖြင့် သစ်ခွဲစက်များမှာ နေရာအတည်တကျ မရှိ။ လူသူအရောက်အပေါက်နည်းရာသို့ ရွေ့ပြောင်းနေရသည်။

အဖမ်းအဆီးကြမ်းသဖြင့် ဝယ်လက်များကလည်း သူတို့ရွာဘက် သိပ်မဆင်းလာကြပေ။

အခု မောင်ဦးအား မြို့က ၎င်း၏အစ်ကိုဝမ်းကွဲက သစ်ခွဲသား ဝယ်လက်နဲ့ ချိတ်ဆက်ပေးခဲ့၍ တောထဲကို လိုက်ပြရမည်ဖြစ်သည်။

အခုဝယ်လက်က အိပ်စပို့ဆိုဒ် သီးသန့် ရချင်သည်မဟုတ်။ ၎င်းအိမ်တွင် တပ်ဆင်မည့် လှေကားအတွက် အနာအဆာကင်းသော အိပ်စပို့တန်းဝင် သစ်ကောင်းကောင်း သန့်သန့်ကို ရချင်၍ တောထဲအထိ လာဝယ်ခြင်း ဖြစ်သည်။

ဝယ်လက်က ကိုယ်တိုင်ကိုယ်ကျ လာသည်တော့မဟုတ်ပါ။ သူ၏ ကိုယ်စားလှယ်ကို လွှတ်လိုက်ခြင်းသာ ဖြစ်လေ၏။

ကိုယ်စားလှယ်က သစ်အကြောင်း နားလည်တတ်ကျွမ်းသူ လက်သမားဆရာ ဖြစ်သည်။

မောင်ဦးသည် ဝယ်လက်၏ စိတ်ကြိုက် သစ်အမျိုးအစား နှင့် ခွဲသားဆိုဒ်ကို ရရန် ဘယ်သစ်ခွဲစက်ကို လိုက်ပို့ရမည်ကို စဉ်းစားထားပြီး ဖြစ်သည်။

ရွေးထားသည်က ဦးကျော်မြင့်ရဲ့ သစ်ခွဲစက်။စက်ပိုင် ဦးကျော်မြင့်က အပေါင်းအသင်းဆန့်သည်။ ဝန်ထမ်းလောကနဲ့လည်း ရင်းနှီးကျွမ်းဝင်မှုရှိသည်။

နောက်ပြီးတော့ သူ၏ လူများက သစ်ခွဲသားများကို ပို့ဆောင်ရာမှာ ကွင်းလမ်း၊ရှောင်လမ်းတွေ ကျွမ်းကျင်ကြသည်။စိတ်ချယုံကြည်ရသည်။ထို့ကြောင့် မောင်ဦးသည် ဦးကျော်မြင့် သစ်စက်ကို ရွေးခြယ်လိုက်ခြင်း ဖြစ်သည်။

ခက်တာက နေ့ဘက်တွင် အရင်ကလို ပေါ်ပေါ်ထင်ထင် သစ်စက်တွေ မလည်ကြ။ခွဲသားတွေကိုလည်း ဝှက်ထားကြသည်။ဒါကြောင့် ညဘက်မှာပဲ အရောင်းအဝယ် ပြုနေကြရသည်။

အဲ့ဒီတော့ ဝယ်လက်ကို ညဘက် လာပြီး ကြည့်နိုင်မလား မေး ရသည်။တစ်ဖက်ကလည်း အရေးတကြီး လိုအပ်နေတော့ ညဘက်ကို လာဝယ်ပါမည်ဟု အကြောင်းပြန်၏။

အဲ့ဒီတော့ မောင်ဦးသည် မြို့ကလာမည့် လက်သမားဆရာ ကိုသံချောင်းဆိုသူကို ညဘက် သစ်တောထဲ လိုက်ပို့ပေးရတော့မည်ဖြစ်သည်။

တလောကမှ ဦးကျော်မြင့်ရဲ့သစ်စက် လုပ်သား လွှဆရာ ကိုဝင်းဖေ ရွာကို ပြန်လာသည်။

ဒါကြောင့် မောင်ဦးသည် ကိုဝင်းဖေအိမ်သို့ ဆိုင်ကယ်ဖြင့် တောအခြေအနေကို စနည်းနာရန် ထွက်လာခဲ့ခြင်း ဖြစ်၏။ကိုဝင်းဖေ၏ အိမ်ရှေ့ရောက်သည့်အခါ ၊

" ဗျို့ ... ကိုဝင်းဖေ ၊ ကျုပ် ဝင်ခဲ့ပြီနော်"

မောင်ဦး ... ဆိုင်ကယ်ကို ကိုဝင်းဖေတို့ ခြံဝိုင်းထဲသို့ မောင်းဝင်လာခဲ့သည်။

" လာဟေ့ မောင်ဦးရေ ၊ ထမင်းစားခဲ့ပြီလားကွ ၊ မစားရသေးရင် တစ်ခါတည်း ဝင်စားကွာ "

ကိုဝင်းဖေ နဲ့ သူ့မိန်းမ မခင်ဆွေတို့က နေ့လယ်စာ ထမင်းစားသည်နှင့် ကြုံနေ၍ တလက်စတည်း ဝင်စားရန် မောင်ဦးအား ဖိတ်ခေါ်လိုက်ကြသည်။

မောင်ဦးက ဆိုင်ကယ်ကို ဘေးဒေါက် ထောက်ကာ ရပ်လိုက်ပြီး ၊

" စား ... စား ကိုဝင်းဖေ ။ ကျနော် ထမင်းစားပြီးမှ ထွက်လာတာ။ ဖြေးဖြေးစားကြ "

မောင်ဦးသည် ကိုဝင်းဖေတို့ ထမင်းဝိုင်းအနီး ဝင်ထိုင်လိုက်သည်။ ကိုဝင်းဖေက ထမင်းစားလျက်တန်းလန်း ...

" မလာစဖူး အလာထူးလို့ ၊ ဘာကိစ္စရှိလို့လဲ မောင်ဦး "

ကိုဝင်းဖေ၏ မေးခွန်းကို မောင်ဦးက ..

" အော် ... သစ်အဝယ် ဝင်လာလို့ ၊ ခင်ဗျားတို့ စက်မှာ ခွဲသား ရှိရဲ့လားလို့ လာမေးတာပါ "

" ခွဲသားတွေက ဝယ်လက် အလာကျဲတော့ ပုံနေတာ မောင်ရေ။ မင်းက ဘာဆိုဒ် လိုလို့လဲ "

"မင်္ဂလာသားတဲ့ဗျို့... လှေကားသားလုပ်ဖို့ ကျွန်း ပေ၂ ကောင်းကောင်းလေးရချင်လို့ "

သူတို့အရပ်က လှေကားပြုလုပ်မည့် သစ်ကို မင်္ဂလာသားဟု ခေါ်ကြသည်။ မင်္ဂလာသားသည် ဗြက် ၁၂လက်မ ၊ ထု ၂လက်မ ရှိသော သစ်ခွဲသားဖြစ်သည်။

(အချို့လည်း ဆယ်၂ ဆိုဒ် ကိုသာ သုံးကြသည်။ငွေကြေးတတ်နိုင်သည့်အပေါ် နှင့် အိမ်အရွယ်အစားပေါ်မူတည်သည်။)

လှေကားပြုလုပ်ရာ၌ များသောအားဖြင့် အမျက် အနာအဆာကင်းသော ကျွန်းသစ်ကို အသုံးပြုကြသည်။

အလွယ်တကူ ပေ၂ဟုလည်း ခေါ်ကြ၏။ဗြက် ၁၀လက်မ ၊ ထု ၂လက်မရှိသော သစ်ခွဲသားကို ဆယ်၂ဟုပင် အလွယ်ခေါ်ကြ၏။

ကိုဝင်းဖေက ...

" အေးဟ ၊ အဲ့သဟာဆို ရှိပါ့ဗျာ ၊ ဒါပေမယ့် သစ်တွေက မင်း အရင်တစ်ခါလာတဲ့ နေရာမှာ မထားတော့ဘူး ။ အဖမ်းအဆီးများလို့ နေရာရွေ့ထားတယ် "

" ဂုံးကြီးတောစပ်မှာ မဟုတ်တော့ဘူးလား ။ ဘယ်နေရာထိ ရွေ့သွားတာလဲဗျ ။ သဟာဆို ကိုဝင်းဖေ ကျုပ်နဲ့အတူ လိုက်ပြီး နေရာပြပေးပါလား ။ ပွဲခ တစ်ယောက်တစ်ဝက် ခွဲယူကြမယ်လေ "

မောင်ဦးက ကိုဝင်းဖေအား အဖော်စပ်သည်။သို့ပေမယ့် ကိုဝင်းဖေက ငြင်း၏။

" နေပါကွာ ၊ ပွဲခလည်း မရချင်ပါဘူးဟ။ ငါ အခုပြန်လာတာ ငါ့မိန်းမ ဗိုက်ကြီးနေတယ်ဆိုလို့ ပြန်လာတာကွ ၊ မနက်ဖြန်ကို ဟိုဘက်ရွာက ဒေသန္တရဆေးခန်မှာ သွားပြရမှာ။ မလိုက်တော့ပါဘူးကွာ "

ကိုဝင်းဖေ မလိုက်ဘူးဆိုတော့ မောင်ဦး စိတ်လေသွားဟန်တူသည်။

" ဟူး ... ဒါဆိုလည်း ကျုပ်ကို နေရာလေးတော့ အတိအကျ ညွှန်ပေးလိုက်ပါဦးဗျာ ၊ မတော် တောထဲ မျက်စိလည်နေရင် ဒုက္ခ "

ကိုဝင်းဖေက ပြုံးရယ်လျက် ၊

" မလည်ပါဘူးကွ ၊ ဂုံးကြီးတောကနေ ၂မိုင်သာသာလောက် ဝင်သွားရင် ၊ ငါတို့ ရေချိုး အဝတ်လျော်တဲ့ စမ်းချောင်းလေး ရောက်တယ်လေ ။ မင်း... တစ်ခါက ငါနဲ့ လိုက် ရေချိုးဖူးပါတယ် ။ အေး အဲ့ဒီ ချောင်းနံဘေးက ရေသဖန်းပင်ကြီးနားမှာ ယာယီ သစ်ခွဲစက်လေး တည်ထားတယ်။ အဲ့ဒီ သစ်ခွဲစက်က ဆရာဦးကျော်မြင့် သစ်ခွဲစက်ပဲ "

မောင်ဦး ခေါင်းကုတ်သည်။ နေရာက အတော်လေး လှမ်းသွားတာပဲဟု တွေးမိသောကြောင့် ဖြစ်သည်။

" အင်းပါ ခင်ဗျားမှ မအားတာပဲ ၊ ကျုပ်ဘာသာပဲ သွားလိုက်ပါ့မယ်။ အခြေအနေတော့ ကောင်းတယ်မဟုတ်လား"

" အခြေအနေက ကောင်းပါတယ်ကွ ၊ ဖမ်းတဲ့ အဖွဲ့တွေက အဲ့ဒီဘက်အထိ မလာပါဘူး ၊ စိတ်ချလက်ချသာ သွားပါ "

" အင်း ဒါဆိုလည်း ကျေးဇူးပဲဗျာ ။ ကျုပ် ပြန်တော့မယ် ၊ မြို့က အဖွဲ့က ညနေ ရောက်မယ် ပြောထားတာ၊ တော်နေကြာ စောရောက်နေရင် ကျုပ်နဲ့ လွဲနေဦးမယ် ၊ ကဲ သွားပြီဗျို့ "

မောင်ဦး သည် ကိုဝင်းဖေတို့လင်မယားအား နုတ်ဆက်၍ အိမ်သို့ တန်း၍ ပြန်လာခဲ့တော့သည်။

....................

၃။

မြို့က သစ်အဝယ် ကိုယ်စားလှယ် ကိုသံချောင်းဆိုသူ ရောက်လာသည်။ သူ ရောက်တော့ ညနေ ၄နာရီခွဲ ရှိပြီ ဖြစ်သည်။

ကိုသံချောင်းသည် လက်သမားဆရာဆိုသည့်အတိုင်း ကျစ်လျစ်သန်မာသော ကိုယ်ထည် ရှိသည်။ အကြမ်းခံနိုင်ပုံရသည်။

ညနေ၅နာရီလောက်တွင် ကိုသံချောင်းနှင့်မောင်ဦးသည် မောင်ဦးအိမ်၌ ညနေစာ အတူစားကြသည်။

စားသောက်ပြီး တခဏ အကြာ မောင်ဦးသည် ကိုသံချောင်းကို ဆိုင်ကယ်ပေါ်တင်၍ ဒေါ်လှ ကုန်စုံဆိုင်ကို ခေါ်သွားခဲ့သည်။

ကုန်စုံဆိုင်မှာ လိုအပ်တာလေးတွေ ဝယ်ယူကြသည်။ ရေသန့်ဘူး၊ ပေါင်မုန့်၊ ဆေးလိပ်၊ ကွမ်းယာ ၊ လက်နှိပ်ဓာတ်မီး စသည့် တောတက်ရန် လိုအပ်မည်ထင်တာလေးတွေ ဝယ်ယူကြခြင်း ဖြစ်သည်။

" ရွာကနေ ဂုံးကြီးတောစပ်အထိ ဆိုင်ကယ်နဲ့ သွားလို့ရတယ်ဗျ ၊ အဲ့ဟိုဘက်ကျ ကျောက်ကမူတွေ ပေါတော့ ဆိုင်ကယ်က လမ်းမပေါက်တော့ဘူး။ ၂မိုင်ခွဲ ၃မိုင်လောက် လမ်းဆင်းလျှောက်ရမယ်။ ကိုသံချောင်း လိုက်နိုင်ပါ့မလား "

" လိုက်နိုင်ပါတယ်ဗျ ။ ဒီအထိတောင် လာခဲ့ပြီးမှတော့ အေးဆေးပါ။ညဘက်ကြီးဆိုတော့ တောကောင်တွေ ဘာတွေများ အန္တရာယ်ရှိနိုင်မလားပဲ စိတ်ပူမိတယ် "

" ဟာ အဲ့အတွက် စိတ်မပူပါနဲ့ ၊ တောက သိပ်မနက်ပါဘူး။ လွှဝိုင်းတွေက ညဘက် ခိုးလည် ခိုးခွဲကြတာဆိုတော့ ဒီအချိန်သွားတာ ပိုကောင်းတယ်။

တောကောင်တွေက လူတွေရှိရာ မလာကြပါဘူး။ သူတို့က လူပိုကြောက်ကြသေးတယ်လေ။

ပြီးတော့ ကျနော်က သွားနေကျပါ။ လမ်းခရီးအတွက် တာဝန်ယူပါတယ်။

တကယ်လို့ ကိုသံချောင်း မလိုက်ချင်ရင် ကျနော့်ကို စိတ်ချလက်ချ စရံငွေ ပေးလိုက်။ ကျနော် အကောင်းဆုံး သစ်ကို ရွေးဝယ်ခဲ့ပေးမယ် "

ကိုသံချောင်းက ပျာပျာသလဲ လက်ခါပြရင်း ...

" ဟာ ရပါတယ်။ လိုက်ခဲ့ပါ့မယ်။ သူဌေးက ကျနော့်ကို သစ်ရွေးဝယ်ဖို့ အသေအချာ လွှတ်လိုက်တာပဲဥစ္စာ။ ကျနော့်သူဌေးကွယ်ရာမှာ လက်လွှတ်စပယ် မလုပ်ချင်ပါဘူး။ လိုက်ခဲ့ပါ့မယ် "

မောင်ဦး သဘောပေါက်ပါသည်။ ဒီလူ့ ကြည့်ရတာ သူ့သူဌေးကို တော်တော်လေး ကြောက်ရွံပုံရသည်။ အမှားအယွင်း မဖြစ်စေရန် သူပဲ တာဝန်ယူထားပုံရ၏။

အိမ်တစ်အိမ်၏ အသက်ကလည်း လှေကားသား (ခေါ်) မင်္ဂလာသားဆိုတော့ အမှားအယွင်း အဖြစ်ခံလို့ မရဘူးမဟုတ်လား။အမျက်၊ အနာ၊ အကာ ကင်းစင်သည့် သစ်ကောင်းကို ကိုသံချောင်းသည် ကိုယ်တိုင် ရွေးခြယ်လိုပုံရ၏။

ထို့ကြောင့် အပင်ပန်းခံကာ ကိုယ်တိုင်လိုက်မည်ဟု ပြောလိုက်ခြင်း ဖြစ်လိမ့်မည်။နောက်ဆုံးတွင် သူတို့နှစ်ယောက်သည် ရွာကလေးမှ ဆိုင်ကယ်ဖြင့် အတူ ထွက်လာခဲ့ကြသည်။

....................

၄။

ဖြတ်သွားရင်းနဲ့ ဆည်းလည်း သံတချွင်ချွင် သာယာစွာ ထွက်ပေါ်နေသော ကျောက်ဂူကြီးကျောင်းအတွင်းက ဆုတောင်းပြည့်စေတီကို ဆိုင်ကယ်နောက်က ထိုင်လိုက်လာသည့် ကိုသံချောင်းက မမေ့မလျော့ လက်အုပ်ချီလိုက်သည်။

ရွာနဲ့ နည်းနည်း အလှမ်းကွာဝေးသော နေရာ၌ ကျောက်ဂူကြီးဘုန်းတော်ကြီးကျောင်းရှိ၏။

ထိုကျောင်းကို လွန်လာတော့ လမ်းက မညီမညာ ချိုင့်တွေ ကျင်းတွေ များလာသည်။လမ်းကလည်း ကျဉ်းသထက် ကျဉ်းလာပါ၏။

မောင်ဦးသည် ဆိုင်ကယ်ကို အတော်လေးပင် ထိမ်းထိမ်းသိမ်းသိမ်း မောင်းနှင်နေရသည်။ လမ်းက ဆိုး၏။

" ဗြော ...ဝေါ ..."

ဆိုင်ကယ်သည် တောင်တက်များနှင့် အကွေ့များတွင် အဆမတန် ရုန်းကန်နေရသဖြင့် အင်ဂျင်သံက ဆူညံစွာ ထွက်ပေါ်လာတတ်သည်။

ထိုအခါမျိုးတွင် ဆိုင်ကယ်မှ ကလပ်ညှော်နံ့က တသင်းသင်း ။

သွားဖူးလာဖူးနေသော မောင်ဦးပင် ခက်ရာခက်ဆစ် မောင်းနေရသည်။မိုးရွာထားလျင် လမ်းအခြေအနေက ပို၍ ဆိုးလိမ့်မည်ဖြစ်သည်။

မတန်တဆ သစ်တင်ထားသော သစ်ကားများစွာ အကြိမ်ကြိမ် ဖြတ်သွားထားသောကြောင့် လမ်းသည် ပျက်စီးနေပါ၏။

လမ်းပြေသည့် နေရာများတွင် တောင်စွန်းတောစွယ်က တိုက်ခတ်လာသော လေသံ တရှဲရှဲနှင့် ဆိုင်ကယ်စက်သံ တဘုတ်ဘုတ်တို့က စည်းချက်ကျနစွာ သံပြိုင် မြည်ဟီးနေကြသည်။

ဆိုင်ကယ် ရှေ့မီးရောင်ကြောင့် တစ်ခါတရံတွင် လမ်းပေါ်ဖြတ်ပြေးတတ်သော ယုန်ငယ်လေးအချို့ ကို မြင်တွေ့ရသည်။

လမ်းဘေး နှစ်ဘက်တွင် လူတစ်ရပ်မက မြင့်မားသော ခြုံနွယ်ပင်ကြီးများ ကြီးစိုးထားကြသည်။

ထိုခြုံကြီးများမှာ ပွင့်နေသော အနီဖျော့ဖျော့ ပန်းပွင့်လေးများကို အပြုံလိုက် အပြွတ်လိုက် မြင်နေရသည်။

တခါတရံ လမ်းအမြွှာလေးများ ခွဲထွက်သွားကြသည်။ မောင်ဦးကတော့ သွားနေကျမို့ သူ သွားရမည့်လမ်းကို ရွေးခြယ် သွားနေ၏။

ချိုင့်ခွက်တွေ များသည့်လမ်းကို နာရီဝက်လောက် ဖြတ်မောင်းအပြီးမှာ၊

" ကိုမောင်ဦးရေ ... နားလို့ရတဲ့နေရာလေး တစ်နေရာရောက်ရင် ခဏနားပါဦးလား။ ဆိုင်ကယ်က ခုန်လွန်းတော့ ကျနော် ရင်ဘတ်တွေရော ၊ ခါးတွေရော အောင့်ပြီး နာလာလို့ပါ "

လက်သမားဆရာ ကိုသံချောင်းက တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

မောင်ဦးသည် ဆိုင်ကယ်ကို လမ်းဘေးတစ်နေရာ ထိုးရပ်လိုက်သည်။ သူလည်း အပေါ့သွားချင်နေတာနဲ့ အတော် ဖြစ်သွားသည်မဟုတ်လား ။

ကိုသံချောင်းက မြေပေါ် ခြေပစ်လက်ပစ် လှဲချရင်း အနားယူ၏။ ဆေးလိပ်ကို မီးညှိပြီး ဖွာသည်။

" ဟဲဟဲ သွားနေကျ ခရီးမဟုတ်တော့၊ ခါးတွေနာသဗျ ။ ကျုပ်ကို ကျုပ် အတော် အကြမ်းခံနိုင်ပြီ အောက်မေ့ထားတာ၊ဒီခရီးကျမှ အကြမ်းမခံနိုင်မှန်း သိသွားပြီ ကိုမောင်ဦးရ။ ကျုပ်က လူပျော့ပဲ "

လက်သမားဆရာ ကိုသံချောင်းသည် ရိုးဖြောင့်သူ တစ်ဦးဖြစ်လိမ့်မည်ဟု မောင်ဦး ခန့်မှန်းမိသည်။

ပုံမှန်ဆိုလျင် စတွေ့ခါစ လူနှစ်ဦးသည် မိမိကိုယ်ကိုယ် ၊ ကိုယ်ရည်သွေးသည့်စကားများကိုသာ အရင်ဦးစတမ်း ပြောလေ့ရှိကြသည်။

ကိုသံချောင်းကတော့ ထိုသို့မဟုတ်။ အရှိကို အရှိအတိုင်း ရိုးသားစွာ ပြောတတ်သည်ကို သူ သတိထားမိသည်။

" တောထဲ တောင်ထဲ ၊ ပြောစကောင်းရဲ့လားတော့ မသိဘူး ၊ လမ်းခရီးမှာ လုတဲ့ယက်တဲ့သူရော ရှိနေမလားဗျ ၊ ပြီးတော့... ဟို... ဟို"

ကိုသံချောင်းက အခုမှ ကြောက်လန့်ပြီးမေးတော့ မောင်ဦးက ရယ်၏။

" ဟားဟား မရှိပါဘူး ကိုသံချောင်းရ။

ခင်ဗျားကလည်း ရွာမှာတုန်းက မမေးပဲ အခုမှ မေးရသလားဗျ ။ "

" ဒီလောက် ခရီးဝေးမယ် ထင်မထားလို့ ၊ မမေးမိတာပါ ။ အခုက သွားရင်းနဲ့ လူသူ အတော်ပြတ်လေတော့ စိုးရိမ်စိတ်လေး ဝင်လာသဗျို့ "

"စိတ်မပူပါနဲ့၊ ကျုပ်တို့ ဒေသခံတွေက

လှေထိုးလွှတိုက် လူကြမ်းကြီးတွေဆိုကြပေမယ့် လူမိုက်တွေ လူရမ်းကားတွေ မဟုတ်ကြပါဘူး။ဆင်းရဲလို့ ခွန်အားကို အရင်းပြု ပြီး လုပ်ကိုင်စားကြတာပေါ့။ ကျုပ်တစ်သက် တစ်ခါဖူးမှ လုယက်ခံရတယ်လို့ မကြားဖူးပါဘူး "

" ဒီလိုဆိုလည်း ဝမ်းသာပါရဲ့ဗျာ။ ကျုပ်သူဌေးက စရံငွေဆိုပြီး ငွေ၅သိန်း ထည့်ပေးလိုက်တာ ၊ လိုတဲ့ငွေကိုတော့ သစ်ခွဲသားတွေ သူ့အိမ်ရောက်မှ ရှင်းပေးမယ်တဲ့ ။ အဲ့ဒီငွေကို ထိမ်းသိမ်းထားရတာ အိပ်မပျော်၊ စားမဝင်ပါဘူးဗျာ "

" ကျုပ်နဲ့ သွားရင် အဲ့တာတွေ တွေးမပူပါနဲ့ ကိုသံချောင်းရယ်။ အဓိကက ခင်ဗျားလည်း သစ်ကောင်းရစေ၊ စက်ပိုင်လည်း ငွေပေါ်စေဆိုတဲ့ စေတနာအရင်းခံနဲ့ ကျုပ်လိုက်ပို့ပေးတာပါ ။ ပွဲခဆိုတာကတော့ ခင်ဗျားတို့ စေတနာ ရှိသလောက်ပေါ့ဗျာ။ ကျုပ်က ငွေကို အဓိက မထားပါဘူး "

မောင်ဦးက ပွဲစားပီပီ စကားကို လိမ္မာပါးနပ်စွာ ပြောတတ်သည်။ သူပြောသော စကားသည် လာဘ်မျှော်သော စကားဖြစ်၏။

ပုံမှန်အားဖြင့် သစ်ခွဲစက်ပိုင်ရှင်များက သူတို့လို ပွဲစားများကို အရောင်းအဝယ်တည့်ပါက သစ်တန်အလိုက် ကော်မရှင် ပေးထားပြီးဖြစ်သည်။

ဝယ်သည့်ဘက်မှ ပေးစရာမလိုပေ။

ဒါပေမယ့် ဝယ်လက်ဖြစ်သူကလည်း ပွဲစားက အကျိုးဆောင်ကောင်းပါက ပေးသွားတတ်ကြသည်။

အချို့ပွဲစားလူလည်များသည် စက်ပိုင်များနှင့် လက်ဝါးကြိုရိုက်ထားကြပြီး သစ်တစ်တန်ကို ဘယ်လောက်နှုန်းဆိုပြီး ဈေးတင်ထားကြတတ်သေးသည်။

ထို့ထက်ဆိုးတာကတော့ ဝယ်ယူထားသည့် တန်ပေအတိုင်းအတာထက် တန်ပေပိုတွက်ယူကြခြင်း ဖြစ်၏။မသမာသော လိမ်ညာမှုဟု မြင်မိသည်။

မောင်ဦးမှာ ထိုသို့သော သစ်ပွဲစားတော့ မဟုတ်ချေ။ ဝယ်ယူသူ မနစ်နာအောင် တိတိကျကျ တိုင်းတာပေးတတ်သည်။

ခုနက လက်သမားဆရာ ကိုသံချောင်း မေးခွန်းက မဆုံးသေး၊ တဟိုဟိုနဲ့ ထစ်ငေါ့နေသည်ကို မောင်ဦး သတိရသွားသည်။

" ခင်ဗျား ခုနက ဘာမေးဖို့ ကျန်နေတာလဲ ၊ ပွင့်ပွင့်လင်းလင်း မေးလေဗျာ"

ကိုသံချောင်းက ဘေးဘီဝဲယာကို ကျီးကန်းတောင်မှောက် ကြည့်လိုက်ပြီး။

" စိတ်တော့ မဆိုးပါနဲ့ဗျာ ၊ ဒီလို ညကြီး တောထဲကို လာရတာ ဟိုတွေးဒီတွေးနဲ့ဆိုတော့ ကြက်သီးဖျန်းဖျန်း ထမိတယ်လေ။ ဒီလို တောကြီးမျက်မည်းထဲမှာ တစ္ဆေ သရဲတွေများ ခြောက်တတ်သလားလို့ပါ "

ကိုသံချောင်း ပြောလိုက်မှ မောင်ဦးပင် ကြက်သီး ဖျန်းကနဲ ထသွားသည်။

"ဟာဗျာ ... အဲ့သလိုတော့ မကြားဖူးပါဘူး ။ ရှိလည်း ကြောက်စရာလားဗျ ။ ကျုပ်တို့က ယောက်ကျားကြီးတွေပဲဟာ"

ဒီစကားကို မောင်ဦးသည် ဟန် ကိုယ်ဖို့ ဆိုသည့်အတိုင်း အားတင်းကာ ပြောလိုက်ခြင်းပင်။ ဒီတောကို သူ မကြာခဏ သစ် အရောင်းအဝယ်ကိစ္စဖြင့် လာခဲ့ဖူးသည်။

အခုလို ၂ ယောက်တည်းတော့ မဟုတ်။ ထိုစဉ်က အရောင်းအဝယ်ကကောင်း၊ အဖမ်းအဆီးကလည်း မရှိဆိုတော့ ၊ သူငယ်ချင်း လေးငါးခြောက်ယောက် အဖော်အသင်းဖွဲ့ လာခဲ့ခြင်း ဖြစ်သည်။

လမ်းမှာ သောက်ကြ၊စားကြနဲ့ ပျော်ပွဲစားထွက်ကြသည့်အတိုင်းပင်။ထိုစဉ်က တစ္ဆေ သရဲဆိုတာကို သတိမရကြပေ။

မောင်ဦးသည် ကိုသံချောင်းက သရဲ တစ္ဆေအကြောင်း မေးလာသည့်အခါ ဒီနေရာမှာ ဆက်မနားလိုတော့ပေ။

သူလည်း သရဲတစ္ဆေဆိုတာကို ကြားရုံမျှနဲ့ ကျောချမ်းတတ်သူမဟုတ်လား။

ထို့ကြောင့် ခရီးဆက်ကြရန် ပြောပြီး ၊ ဆိုင်ကယ်ဖြင့် ခရီးဆက်ခဲ့ကြသည်။

.....................

၅။

သစ်စက်ဟောင်းများ ရှိသည့် ဂုံးကြီးတောစပ်မှာ သူတို့ ဆိုင်ကယ်ကို ထားခဲ့ကြသည်။ ဆိုင်ကယ်လမ်းက ဒီမှာပဲ ဆုံးပြီ ဖြစ်၏။

အတွင်းပိုင်းထဲကို နောက်ထပ် ၂မိုင်သာသာ လမ်းလျှောက် ဝင်သွားမှသာ ဦးကျော်မြင့်၏ သစ်ခွဲစက်ကို ရောက်မည်ဖြစ်သည်။

စက်ဟောင်းများထားသည့်နေရာတွင် စက်တဲကြီးများ ရှိကြသည်။ လူသူတစ်ယောက်မျှ မနေကြတော့ပဲ။ ဟာလာဟင်းလင်း ဖြစ်နေ၏။

တိတ်ဆိတ် ငြိမ်သက်နေပုံက သူတို့နှစ်ယောက်ကို တစ္ဆေသိုက်တစ်ခုက ကြိုလင့်နေသည့်အတိုင်းပင် ရှိလေ၏။

လွှဝိုင်း မရှိသော လွှခုံဟောင်းများသည် တောအလယ်တွင် ငုတ်တုတ် ထိုင်နေသော သရဲသဘက်ကြီးများလို ၊ ငိုက်မြည်းနေသော တစ္ဆေကြီးတစ်ကောင်လို ထီးထီးကြီး ရှိနေကြသည်။

လွှစက်ဖြင့် ဘေးပုတ်ထားသည့် ပကာသားများမှာ စီစီရီရီ မရှိ။ ထိုးထိုးထောင်ထောင်နှင့်ဆိုတော့ ဘီလူးသရဲတစ်ကောင်က သူ၏ လက်တံခြေတံများကို ကားယားကြီး ထောင်ထားသလိုဖြစ်နေသည်။။

ဆီချေးများ မည်းမှောင်နေသော ဆီပေပါအဟောင်းများကလည်း မှင်စာလေးများ မတ်တတ်ရပ်နေကြသလိုပင်။ပုအိုက်အိုက် ထောင်ထား၏။

တစ်ခါတရံ၌ ညဘက် အစာရှာထွက်သော ညဥ့်ငှက်ဆိုးများ၏ အော်သံကို စက်တဲ၏ ခေါင်ပေါ်မှ စူးရဲစွာ ကြားရပြန်၏။

" ဂစ် ... ဂစ် ... ဂစ် "

မောင်ဦးသည် ဆိုင်ကယ်ပေါ်မှ ယူစရာ ရှိတာတွေကို ခပ်မြန်မြန် ယူလိုက်ပြီး ...

" လာ ... ကိုသံချောင်း ။ သွားကြရအောင် "

နေရာဒေသ အစိမ်းမှာ အနည်းငယ် ကြောက်ရွံနေသော ကိုသံချောင်းကို မောင်ဦးက လက်ဆွဲ ခေါ်လိုက်ခြင်း ဖြစ်သည်။

ထိုနေရာမှ သူတို့ ခပ်သုတ်သုတ် ထွက်လာခဲ့ကြသည်။ လူသွားလမ်းသည် ကျဉ်း၏။ ပြီးတော့ ကုန်းမြင့်တစ်ခုကို တက်နေရခြင်းလည်း ဖြစ်၏။

လက်နှိပ်ဓာတ်မီးကိုယ်စီဖြင့် လူသွားလမ်းလေးကို ခက်ရာခက်ဆစ် လျှောက်လှမ်း တက်လာရသည်။ မောင်ဦးက ကိုသံချောင်းကို လက်ဆွဲ ကူနေရသေးသည်။

ကုန်းမြင့်ကို တက်ပြီး နောက်မှာတော့၊ လူသွားလမ်းက ပြေပြစ်သွားသည်။ နည်းနည်းလည်း ကျယ်သွား၏။

ထိုအခိုက် ... ကောင်းကင်မှ၊

" ဂျိန်း ! ဒလိမ်း ... "

ရုတ်တရက် ကောင်းကင်က ကြယ်ရောင်တွေ ပျောက်ကွယ်သွားသည်။ တိမ်မည်းတွေ တဖြည်းဖြည်း တက်လာပြီ ညသည် မှောင်အတိကျသွားသည်။

" ဂျိန်း ဂျိန်း ဒလိမ်း "

ကောင်းကင်၌ လျှပ်စီးကြောင်းကြီးများ

ကြောက်စရာကောင်းလှအောင် ပြိုးကနဲ ပြက်ကနဲ လက်သွားသည်။သို့ပေမယ့် မိုးက မရွာပါ။ လေက ခပ်ပြင်းပြင်းကြီး တိုက်ခတ်လာ၏။ ကုန်းမြင့်ပေါ် ရပ်နေသူ သူတို့နှစ်ဦးသည် လွင့်သွားမတတ် ယိမ်းယိုင်သွားကြသည်။

" ဝေါ ... ဝေါ "

လေသံကြီးက တောရိုင်းတိရစ္ဆာန်ကြီးတစ်ကောင်၏ အော်ဟစ်သံကြီးလို အဝေးဆီကနေ လာနေ၏။

ကိုသံချောင်းသည် တော၏ သဘာဝကို မသိနားမလည်၍ ကြောက်လန့်တကြား မောင်ဦးအား ပြေးဆွဲထားသည်။

" ကိုမောင်ဦး ဘာသံကြီးလဲ ၊ လုပ်ပါဦးဗျ ၊ ဘာဖြစ်တာလဲ "

မောင်ဦးလည်း ယခုလို တစ်ခါဖူးမျှ မကြုံဖူးခဲ့၍ ဘာလုပ်ရမှန်း မသိချေ။ ဒါပေမယ့် ကြားဖူးနာဝ ရှိထား၏။ မိုးမရွာပဲ မိုးခြိမ်းသံနှင့်လေသံကို ကြားရလျင် သို့မဟုတ် တိရစ္ဆာန်အော်သံကြီးကြားရလျင် တောခြောက်သည်ဟု လူကြီးသူမများထံက ကြားဖူးထားသည်။

မောင်ဦးက ကိုသံချောင်းလက်ကို ဆွဲယူပြီး မြေပေါ်သို့ ထိုင်စေလိုက်သည်။

သူတို့နှစ်ယောက်သည် တစ်ယောက်လက်ကို တစ်ယောက်တွဲထားပြီး မြေပေါ်သို့ ဒူးတုပ်ထိုင်လိုက်ကြခြင်း ဖြစ်သည်။

တဝေါဝေါနဲ့ အသံကြီးသည် စဉ်ဆက်မပြတ် မြည်ဟီးလာသည်။ သစ်ရွက်ကြွေများသည် အစုလိုက်အပြုံလိုက် လေနဲ့အတူ လွင့်မြောလာကြသည်။ထိုသစ်ရွက်များသည် သူတို့ခေါင်းပေါ်မှ၎င်း၊ ခန္ဓာကိုယ်ပေါ်မှ၎င်း ပွတ်တိုက်သွားကြသည်။

မောင်ဦးက မျက်စိကို မှိတ်ထားပြီး အသံကျယ်ကျယ်ဖြင့်၊

" ကိုသံချောင်း မကြောက်နဲ့။ ဒါ တောခြောက်တာ ထင်တာပဲ။ အဓိက က လူစုမကွဲစေနဲ့ ၊ ကျုပ်မပါပဲ ဘယ်မှ မပြေးနဲ့ "

သိပ်မကြာပါ ။ တခဏအကြာမှာတော့ သူတို့ အနီးတွင် မိုးစက် မှုန်မှုန်လေးများ တဖျောက်ဖျောက် ကျလာသည်။

မိုးသံလေသံတွေ ငြိမ်သက်သွားသည်။ ကောင်းကင်သည် ပြန်လည် ကြည်လင်လာ၏။ ကြယ်ရောင် လရောင် ပြန်လည် ထွက်ပေါ်လာသည်။

သူတို့ နှစ်ယောက် သက်ပြင်းချကာ မတ်တတ်ထရပ်လိုက်ကြသည်။

မောင်ဦးက ကိုယ်ပေါ်က သစ်ရွက်များ ဖုန်မှုန်များကို ခါချနေသည်။ ကိုသံချောင်းက တစ်နေရာသို့ စူးစိုက်ကြည့်ကာ ...

" ဟို ... ဟို ...ဟိုမယ် ကိုမောင်ဦး "

ဖုန်ခါနေတဲ့ မောင်ဦးက ကိုသံချောင်း လက်ညှိုးထိုးပြရာဘက်သို့ လှမ်းကြည့်လိုက်သည်။

" ဟင် ! ရသေ့ တစ်ပါးပါလား "

သူတို့ သွားမည့် လမ်းကြောင်းတူရူတည့်တည့်တွင် သစ်ခေါက်ရည်ဆိုး သင်္ကန်းအား ကိုယ်ပေါ်ရုံထားသော ရသေ့တစ်ပါးသည် ကျောပေး၍ လမ်းလျှောက်သွားနေ၏။

ရသေ့ဟု ဆိုရခြင်းမှာ ခေါင်းပေါ်၌ ဒေါက်ချာ ဆောင်းထား၍ ဖြစ်ပါသည်။ ရသေ့သည် တရွေ့ရွေ့ တလှုပ်လှုပ်ဖြင့် င်္ကြန်လျှောက် သွားနေခြင်း ဖြစ်သည်။

ညဘက်ကြီး တော၌ မည်သည့် အကြောင်းဖြင့် စင်္ကြန် လျှောက်သွားနေတာပါလိမ့်ဟု မောင်ဦးသည် ဇဝေဇဝါ ဖြစ်သွားသည်။သူ တစ်ခါမှ မမြင်ဖူး။

မောင်ဦး စိတ်ဝင်စားသွားသဖြင့် ထိုရသေ့ကြီးနောက်လိုက်ရန် ကိုသံချောင်းအား လက်ဆွဲခေါ်၏။

သူတို့ နှစ်ယောက်သည် တရွေ့ရွေ့ လှုပ်တုတ်လှုပ်တုတ်ဖြင့် လျှောက်နေသော ရသေ့ နောက်ကို စိတ်ဝင်စားစွာ ခပ်သုတ်သုတ်လေး မပြေးရုံတမယ် လိုက်သွားကြသည်။

ဒါပေမယ့် ထူးဆန်း၏။ ရှေ့က ခပ်နှေးနှေး လျှောက်နေသော ရသေ့ကို သူတို့ လိုက်မမှီကြပေ။ ရသေ့သည် သူတို့နှင့် ဝေးကွာသွားသည်။

အကိုင်းအခက်များ အုပ်ဆိုင်းဆိုင်း ဖြစ်နေသော လမ်းတစ်နေရာအရောက်တွင် ရသေ့အား သူတို့သည် ခပ်ဝါးဝါးသာ မြင်ရတော့သည်။

မောင်ဦးရော သံချောင်းပါ ရသေ့အား သင်္ကာမကင်း ဖြစ်လာသည်။

မောင်ဦးသည် ထိုအခါမှ လက်ထဲက ကိုင်ထားသည့် လက်နှိပ်ဓာတ်မီးကို သတိရကာ ရသေ့ထံ မီးဖြင့် လှမ်းထိုးကြည့်ရင်း အော်ခေါ်လိုက်သည်။

" ရသေ့ကြီး ရသေ့ကြီး ... ခဏလောက် ရပ်ပါဦးဘုရား "

သူတို့နှစ်ဦးရဲ့ ဓာတ်မီး အလင်းရောင်က ရသေ့၏ ကိုယ်ပေါ်သို့ ကွက်ကွက်ကွင်းကွင်းကြီး မြင်သာအောင် ကျရောက်သွားသည်။

ထိုအခါ နှစ်ယောက်စလုံး၏ပါးစပ်တွေက အာမေဋိတ်သံပြိုင် ထွက်သွားကြသည်။

" ဟင် ! ဘာကြီးတုန်း "

သူ လက်နှိပ်ဓာတ်မီးဖြင့် ထိုးကြည့်ရင်း အော်ခေါ်လိုက်သည့်အခါ သူတို့ မြင်နေရသည့် ရသေ့သည် ရသေ့အသွင် ပျောက်ကွယ်သွားပြီး ခြေတစ်လှမ်းခြင်း အိနြေ္ဒရစွာ လျှောက်လှမ်းနေသော ဦးချိုနှစ်ဘက်ပါ အညိုရောင် ဒရယ်ကြီးတစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားသည်။

ဒရယ်ကြီး၏ အစိမ်းရောင် တောက်ပနေသော မျက်လုံးအစုံက သူတို့ဘက်သို့ လှည်ကြည့်လာ၏။ ဒရယ်ကြီးရဲ့အကြည့်က ရင်ထဲသို့ ထိုးဖောက်မွှေနှောက်သွားသလို ခံစားလိုက်ရသည်။

ပြေးလိုက်နေသော မောင်ဦး နှင့် သံချောင်းတို့ ခြေလှမ်းတွေ တုန့်ကနဲ ရပ်တန့်သွားသည်။

သူတို့ အံဩထိတ်လန့်သွားကြသည်။ဒရယ်ညိုကြီးသည် မီးရောင်ကို မြင်သည့်အခါ ကဆုန်ပေါက် ထွက်ပြေးသွားသည်။

သူတို့နှစ်ယောက် မတိုင်ပင်ပဲ တစ်ဦးကို တစ်ဦး ကြည့်မိလိုက်ကြ၏။သူတို့အား တောခြောက်နေခြင်းပင် ဖြစ်လေ၏။

ကိုသံချောင်းက ထွက်ပြေးသွားသည့် ဒရယ်ကြီး သွားရာလမ်းဘက်ကို ကြည့်၍ ...

" ကြောက်စရာကြီးဗျာ ၊ အမှောင်ထဲက ဒရယ်ကြီး မျက်လုံးတွေက ကျုပ်ရင်ဘတ်ထဲက ကလီစာတွေ တုန်နေအောင် ကြည့်နေလိုက်တာများ ... "

" ဟုတ်ပါ့ဗျာ ၊ ကျုပ်ဖြင့် ဒီတောထဲ မကြာမကြာ ရောက်ပါတယ်။ ဒီနေ့ညလိုမျိုး တစ်ခါမှ မကြုံဖူးခဲ့ဘူး "

ကိုသံချောင်းက စဉ်းစားသလို လုပ်လိုက်ပြီး ၊

" ကျုပ်တို့ လမ်းမှားလာတာတော့ မဟုတ်ပါဘူးနော် ၊ ဒီလမ်းဆိုတာတော့ သေချာရဲ့လားဗျာ "

မောင်ဦး ... ကိုသံချောင်းစကားကြောင့် ဇဝေဇဝါ ဖြစ်သွားသည်။ သူလည်း စက်တဲဟောင်းကိုသာ ရောက်ဖူးခဲ့သည်မဟုတ်လား။

ဒါပေမယ့် ကိုဖေဝင်း ပြောသည့် လမ်းကိုပဲ သူ သွားနေခြင်းဖြစ်သည်ဟု ယုံကြည်ကာ ၊

" ဒီလမ်းပါပဲဗျ ၊ ရှေ့နားဆို ရောက်လုပါပြီ "

သူတို့ ဆက်လျှောက်ခဲ့ကြသည်။ ပို၍ အံအားသင့်သွားကြသည်။ ဘာကြောင့်လဲဆိုတော့ သူတို့ နှစ်ယောက် ခြေလှမ်း ၂၀ခန့် လှမ်းရုံမျှ ရှိသေးသည်။

သူတို့ ရှေ့တွင် မီးရောင်များ လင်းထိန်နေအောင် ထွန်းလင်းနေသည့် သစ်စက်တစ်ခုသို့ ရောက်သွားသောကြောင့် ဖြစ်ပါသည်။

လျှပ်စစ်မီးချောင်းများသည် ဘုရားပွဲဈေးတစ်ခုအလား သစ်ခွဲစက် ပတ်ဝန်းကျင်တွင် ချိတ်ဆွဲ လင်းလက်နေကြသည်။

သူတို့ရှေ့ မလှမ်းမကမ်းတွင် မီးစက်ကြီးသည် တဝုန်းဝုန်းဖြင့် လည်ပတ်နေသည်။

သစ်စက် အလုပ်သမားများသည် သစ်ခွဲစက် လွှဝိုင်းတွင် သစ်လုံးများကို တက်ညီလက်ညီဖြင့် ခွဲနေကြသည်။

" ဖျော .... ဖလပ် ဖလပ် "

" ဂျုန်း ဂျုန်း ဂျုန်း "

" ဂျီ .. ဘရော ဘရော "

သစ်ခွဲစက်မှ ပတ်တာကြိုးသံ၊ အင်ဂျင်လည်ပတ်သံ၊ သစ်ခွဲသား ထိုးခွဲသည့် လွှဝိုင်းလည်သံ အသံမျိုးစုံ ဆူညံစွာ ထွက်ပေါ်နေသည်။

လွှဆရာသည် သစ်ခွဲသားကို ချိန်သားကိုက် ထိုးခွဲပေးနေသလို ၊ ရှေ့ဆွဲ လုပ်သားသည်လည်း ခွဲစက်က ထွက်လာသော သစ်ခွဲသားကို စနစ်တကျ ဆွဲယူကာ သစ်ပုံ၌ စီနေ၏။

အခြားသော သစ်လုပ်သားတို့လည်း ခွဲသား စီသူက စီ၏။ သစ်လုံးထိုးတင်သူက ထိုးတင်နေကြ၏။

အနည်းဆုံးတော့ သစ်ခွဲစက်တွင် အလုပ်သမား ၆ ယောက်ခန့် ရှိလိမ့်မည်။

အလုပ်သမားများသည် သစ်စက်အနီး သူတို့နှစ်ဦး ရောက်လာသည်ကို ဂရုမစိုက်ကြသည်လား ၊ သတိမပြုမိသည်လား မသိချေ။ တစ်ချက်မျှ မော့၍ မကြည့်ကြချေ။ သူတို့အလုပ်ကိုသာ သူတို့ လုပ်နေကြလေ၏။

မောင်ဦးသည် စက်တဲဝန်းကျင်ကို အကဲခတ်လိုက်သည်။

တစ်နေရာတွင် ကိုသံချောင်း လိုအပ်နေသော ပေ၂ ၊ အရှည် ခွဲသားများ စီထပ်ထားသည်ကို မြင်လိုက်၏။

ကျွန်းသားများ ဖြစ်သည်။ မောင်ဦးက ကိုသံချောင်းကို ထိုနေရာသို့ ခေါ်သွားပြီး ကြိုက်ရာ သစ်ကို ရွေးခြယ်ရန် ပြော၏။

ကိုသံချောင်းလည်း သစ်ခွဲသားများကို ရွေးခြယ်ရန်အတွက် ...

" ပေရှည်တွေဆိုတော့ ကြိုက်ပြီဗျို့ ၊ အော် ဒါနဲ့ ကိုမောင်ဦး ။ စက်ပိုင်ကို မခေါ်တော့ဘူးလားဗျ "

" ရတယ် ကိုသံချောင်း ၊ အရင်ဆုံး ခင်ဗျား စိတ်ကြိုက် ရွေးလိုက်ဦး။ ခင်ဗျား စိတ်ကြိုက်ရွေးပြီး ပေတိုင်းခါနီးမှ စက်ပိုင်ဦးကျော်မြင့်ကို ခေါ်ခိုင်းလိုက်မယ် "

သို့ဖြင့် ကိုသံချောင်းသည် ခွဲသား သစ်ပုံထဲမှ စိတ်တိုင်းကျ သစ်ခွဲသားကို ရွေးချယ် လေ၏။

သစ်ခွဲသား မကြိုက်သည်များကို ဘေးသို့ ချ၏။ တစ်ချောင်းချင်း သေသေချာချာ အမျက်၊အနာ၊ဘေးအကာသား မပါသည်ကို ရွေးလေသည်။မောင်ဦးက ကိုသံချောင်းအား ကူရွေးပေး၏။

ရွေးနေရင်း ကိုသံချောင်းနဲ့မောင်ဦးသည် တစုံတရာကို သင်္ကာမကင်းသလို ခံစားလာရ၍ သူတို့ ကျောပေးထားသော သစ်ခွဲစက်ဘက်သို့ ပြိုင်တူ လှည့်ကြည့်လိုက်ကြသည်။

သစ်ခွဲသံ မကြားရ၍ ဖြစ်ပါ၏။

" ဟင် ! ... "

သစ်ခွဲစက်ထဲက အလုပ်သမားများသည် သစ်မခွဲပဲ သူတို့နှစ်ဦးအား အေးစက်စက် မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်ကို အံအားသင့်ဖွယ် မြင်တွေ့ လိုက်ကြသည်။

သစ်ခွဲစက်ထဲက လူတွေတင်မဟုတ်။ သစ်လုံး တစ်လုံးကို လွှခုံပေါ်ရောက်အောင် တွန်းတင်ပေးကြရသည့် လုပ်သား နှစ်ဦးသည်လည်း သူတို့အား ခပ်စိမ်းစိမ်းကြီး ကြည့်နေကြပါသည်။

သူတို၏ သစ်တင်သည့် ကုတ်(သစ်မာသား)ဖျားတွင် အခေါင်းပေါက်ပါသည့် သစ်လုံးတစ်လုံးကို တွေ့ရသည်။

တူညီသောအချက်က သူတို့ စိုက်ကြည့်နေသော မျက်လုံးများက ဖော်ပြနေကြသည်။ အဲ့တာကတော့ မလိုလားဟန် မုန်တီးဟန် စိုက်ကြည့်နေကြခြင်း ဖြစ်ပါ၏။

သံချောင်းနဲ့မောင်ဦးတို့က သူတို့အား ပြန်ကြည့်သည်ကို သိသွားသော်အခါ ထိုလူများသည် သူတို့ထံမှ အကြည့်ကို လွှဲလိုက်ကြသည်။ ဖာသိဖာသာဖြင့် သူတို့အလုပ် သူတို့ ဆက်လုပ်ကြသည်။

သံချောင်းနဲ့မောင်ဦးတို့ နှစ်ယောက်မှာ ခွဲသားတွေကို ဆက်မရွေးရဲပဲ ရှိနေ၏။

၎င်းတို့အား ကျောပေး၍ နှစ်ယောက်သား မြေပေါ် ထိုင်ချလိုက်သည်။

သံချောင်းက ...

" ဟိတ်လူ ကိုမောင်ဦး ၊ ဒီလူတွေ အကြည့်က တစ်မျိုးကြီးပဲဗျ ၊ ကျုပ်တို့ကို အန္တရာယ်များ ပြုနေကြမလား "

" အင်း ... အဲ့ဒါကိုပဲ ကျုပ်လည်း စဉ်းစားနေတာ ။ သူတို့က ဘာလို့ ကျုပ်တို့ နှစ်ယောက်ကို စိုက်ကြည့်နေကြတာလဲလို့ "

မောင်ဦး တွေးသည်။ သူ တစုံတစ်ခုကို စဉ်းစားမိသွားဟန်တူသည်။ သစ်ခွဲစက်ထဲသို့ လည်ပြန်ကြည့်လိုက်သည်။

" ဟာ ! အခုမှ သတိထားမိတယ်။ ဒီလူတွေကို ငါ တစ်ခါမှ မမြင်ဖူးပါလား ။ ဦးကျော်မြင့် သစ်ခွဲစက်က လူတွေကို ငါ မြင်ဖူးပါတယ်။အခု ငါမြင်ဖူးတဲ့သူ တစ်ယောက်မှလည်း မပါပါလား "

မောင်ဦး ကျောချမ်းသွားသည်။ စိတ်ထဲလည်း သရိုးသရီ ဖြစ်လာသည်။ သူ့ခေါင်းထဲတွင်တော့ ...၊

' သစ်စက်လုပ်သားများ၏ မျက်နှာများက ဖြူလျော်လျော် ဖွေးထေးထေးနှင့် ။ အရယ်အပြုံးလည်း မရှိသလို ၊ အချင်းချင်းလည်း စကား မပြောကြဘူး။ လူတွေမှ ဟုတ်ရဲ့လား ။ '

' ပြီးတော့ ငါတို့ ဒီသစ်စက်ကို တွေ့ရတာ မြန်လွန်းနေတယ်။'

' ဗြုန်းစားကြီး တွေ့ရတာ။ အင်ဂျင်သံတွေ၊ သစ်ခွဲစိပ်သံတွေကို မကြားပဲ ရုတ်တရက်ကြီး တွေ့ခဲ့ရတာပဲ။ အမှန်သာဆို စက်သံတွေ အရင်ကြားရမှာမဟုတ်လား။ တစ်ခုခုတော့ မှားနေပြီနဲ့ တူတယ်။ '

မောင်ဦးသည် သေချာအောင် သစ်စက်ထဲက လူတွေကို မတ်တတ်ရပ်ပြီး လှမ်းကြည့်လိုက်သည်။

' ဟင်! တစ်ယောက်မှ ခန္ဓာကိုယ် အရိပ် မထွက်ကြဘူး ... ၊ ဒါဆို သေချာပြီ။

မောင်ဦးက ချက်ချင်းပဲ ကိုသံချောင်းကို

" ဟိတ်လူ ကိုသံချောင်း ထ ထ ၊ ကျုပ်တို့ ဒီနေရာက ထွက်ပြေးကြစို့ "

ကိုသံချောင်းက နားမလည်။ သစ်ခွဲစက်ဘက်ကို လှည့်ကြည့်သည်။

" ဟိတ်လူ အဲ့ဒီဘက် မကြည့်နဲ့ "

မကြည့်နဲ့ဆိုပေမယ့် ၊ သံချောင်းက ကြည့် ပြီးနေပြီ။

သစ်ခွဲသည့် လွှဝိုင်းထဲသို့ ခါးလယ်တွင် အခေါင်းပေါက်ပါသည့် သစ်လုံးက တိုးဝင်သွားပြီ ဖြစ်သည်။

သစ်ခွဲစက် လုပ်သားများသည် တုတ်များ၊ သစ်ခုတ်သည့် ပုဆိန်များ ၊ သစ်ရွေသည့် ဓားကြီးများကို အသီးသီး ကိုင်ထားကြပြီး သူတို့ နှစ်ဦးဘက်သို့ ဒေါသမျက်ဝန်းများဖြင့် ကြည့်နေကြသည်။

၎င်းတို့သည် လူကြမ်းစိတ်ကြမ်း ကာယလုပ်သားကြီးများ ဖြစ်ကြသည်။

အကြောင်းတစုံတရာကြောင့် သူတိုနှစ်ယောက်ကို ဤတောထဲမှာ သတ်ဖြတ်လိုက်ပါက ဘယ်သူမှ သိလိုက်မည်မဟုတ်။

သူတိုသည် ဘာကြောင့် ဒေါသထွက်နေကြသည်မသိ။ သိရန်လည်းမလို ။ သူတို့ အလျင်အမြန် ပြေးရန်သာ လို၏။

မောင်ဦးက စ၍ ပြေး၏။ မောင်ဦး ပြေးသည့်အခါ သံချောင်းလည်း မနေနိုင်။ တပါတည်း လိုက်ပြေးတော့၏။

ဝါးတစ်ရိုက် နှစ်ရိုက်ခန့် ရောက်သည့်အခါ သူတို့၏ အနောက်မှ ...

" ဝုန်း ဒုန်း "

သစ်စက်ထဲမှ အသံကျယ်ကြီး ထွက်ပေါ်လာသည်။ သူတို့လှည့်ကြည့်လိုက်သည်။

သစ်စက်တဲကြီးတစ်ခုလုံး မီးဟုန်းဟုန်းတောက်ပြီး လွင့်စင်ပေါက်ကွဲကုန်သည်။ ကြောက်မက်ဖွယ်ရာ မီးတောက်ကြီးများ ပေါ်ထွက်လာသည်။

ခုနက သစ်စက်လုပ်သားများကို အသက်ရှင်လျက် တစ်ယောက်မှ မတွေ့ရတော့။အားလုံးသည် ခြေပြတ် လက်ပြတ်ဖြစ်ကာ ပြန့်ကျဲကုန်သည်။

မြင်ကွင်းမှာ သွေးပျက်စရာ အတိပင်။သံချောင်းနဲ့မောင်ဦး ထိုမြင်ကွင်းကို ကြည့်ရင်း ကြည့်ရင်း သွေးပျက်ချောက်ချားကာ သတိလစ် မေ့မျောသွားကြ၏။

................

၆။

မောင်ဦး နှင့် သံချောင်း သတိပြန်ရလာတော့ ဦးကျော်မြင့် သစ်ခွဲစက်က နားနေဆောင်မှာ ရောက်နေကြသည်။

ဦးကျော်မြင့်၏ သစ်ခွဲစက်က အလုပ်သမား ၂ယောက်က သူတို့အား လမ်းမှာ မေ့မျောနေသည်ကို တွေ့ရ၍ ချီပိုး ခေါ်လာကြသည်ဟု သိရသည်။

မောင်ဦးက သူတို့နှစ်ဦး ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များကို စက်ပိုင်ဦးကျော်မြင့်အား ပြောပြသည်။

တောထဲတွင် နှစ်ချီပြီး သစ်ခွဲစက် လုပ်လာသူ ဦးကျော်မြင့်က အံဩသွားသည်။

" အေး ဒါဆို ၊ မင်းတို့ မြင်ခဲ့တာ လွန်ခဲ့တဲ့ ၇နှစ်လောက်က ဗုံးဆံကွဲပြီး သေကုန်ကြတဲ့ ချောင်းဝရွာက တင်ထွန်းတို့ သစ်စက်ဟောင်းက အဖွဲ့သားတွေပဲ ဖြစ်လိမ့်မယ်။

ဒီလိုကွ လွန်ခဲ့တဲ့ ၇ နှစ်က တင်ထွန်းတို့ အဖွဲ့ ၆ယောက် သစ်ခွဲနေတုန်း ၊ သစ်လုံး ခလောင်းပေါက်ထဲ ကျန်နေတဲ့ ဗုံးဆံ က လွှဝိုင်းနဲ့ ထိပြီး ထ ပေါက်ကွဲတာ ။ စက်ထဲ ရှိတဲ့ လူ အကုန် သေပါလေရောလား၊ မင်းတို့ တွေ့ခဲ့တာ အဲ့ဒီ သစ်ခွဲလုပ်သား ၆ယောက်ရဲ့ ဝိဉာဉ်တွေပဲ မောင်ဦး "

" ဗျာ ... ဒါဆိုရင် ကျုပ်တို့ မနေ့ညက တွေ့ခဲ့တာ လူတွေ မဟုတ်ပဲ ၊ တစ္ဆေတွေ ဝိဉာဉ်တွေ ဖြစ်နေတာပေါ့ "

စက်ပိုင် ဦးကျော်မြင့်က ခေါင်းငြိမ့်ပြလိုက်သည်။

" အေးကွာ ၊ ငါထင်တာတော့ သူတို့ခမျာ ဗုံးကွဲပြီး ပွဲချင်းပြီး သေကြတာဆိုတော့ ၊ သူတို့ကိုယ် သူတို့ သေလို့ သေမှန်း သိကြသေးဟန်မတူဘူး ။

အဲ့ဒီတော့ သူတို့ လုပ်နေကျအတိုင်း အလုပ်တွေ ဆက်လုပ်နေကြတာနေမှာပေါ့ ။

ငါတို့လည်း ကိုယ်နဲ့မဆိုင်တော့ သူတို့အတွက် ဆွမ်းသွပ်တာ ရေစက်ချ အမျှဝေတာ မလုပ်ဖြစ်ကြဘူး။

ကုသိုလ်အမျှရရင်တော့ သူတို့ ကျွတ်ချင် ကျွတ်ကြလိမ့်မယ်ထင်ပါရဲ့။ ဘုန်းကြီးတစ်ပါးလောက် တောထဲကို ပင့်လို့ရရင်လည်း အကောင်းသားကွာ "

မောင်ဦးကတော့ နောက်နောင် ညဘက်ဆိုလျင် ဘယ်လောက်ပဲ ပိုက်ဆံရရ တောထဲကို မလာတော့ပါဟု သံဓိဌာန်ချလိုက်ပါ၏။

လက်သမားဆရာ ကိုသံချောင်းကတော့ ၊ သင်္ကန်းဒွိစုံ တစ်စုံ ဝယ်ရန် ပိုက်ဆံပေးခဲ့ပါမည်။ ဦးကျော်မြင့်ကပဲ ဘုန်းကြီးပင့်၍ ထိုသစ်စက်အလုပ်သမားများအား ပရိတ်တရားနာစေပြီး မေတ္တာပို့ အမျှဝေပေးကြရန် တောင်းဆိုလိုက်လေတော့သည်။

သူတို့ အပြန်ခရီးတွင် နေ့ဘက်ဖြစ်ပေမယ့် သံချောင်းရော မောင်ဦးပါ မပြန်ရဲတော့၍ ဦးကျော်မြင့်သစ်စက်က အလုပ်သမား ၄ယောက်က ရွာအထိ လိုက်ပို့ပေးရလေ၏။

ထိုလေးယောက်ကပင် ကျောက်ဂူကြီးကျောင်းက သံဃာတစ်ပါးအား တောထဲက စက်တဲဟောင်းအထိ အရောက်ပင့်ကာ သေလွန်ပြီးသော တင်ထွန်းတို့ သစ်စက်လုပ်သား ၆ဦး နှင့် မကျွတ်မလွတ်သေးသော ပရလောကသားများအတွက် ရည်စူးကာ သင်္ကန်းဒွိစုံ တစ်စုံ လှူဒါန်းပြီး ရေစက်ချ အမျှဝေပေးခဲ့ကြလေသည်။

ပြီးပါပြီ

ပီပီ(မန္တလေး)

#lotaya_shortstory


MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ဝတ္ထုတိုများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။

ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။



Some text some message..