ဖေဖော်ဝါရီ ၅ ရက်နေ့အတွက် (၇) ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2021-02-05

တနင်္ဂနွေ - အကြီးအကဲတွေက ကိုယ့်ကို ကူညီဖေးမလာလိမ့်မယ်။ ကိုယ်တိုင်ကလည်း အများကို ဦးဆောင်ပြီး လုပ်နိုင်ကိုင်နိုင်စွမ်းတွေ ပြသလာနိုင်မယ်။ နေရာ ပေးခံရတာ၊ အသိအမှတ်ပြု ခံရတာတွေ ရှိမယ်။ ဒါပေမယ်လို့ လူများစုနဲ့ တွဲလုပ်ရာမှာတော့ စိတ်တိုင်းမကျတာတွေ ဖြစ်မယ်။ အတိုက်အခိုက်တွေ ကြုံရမယ်။ အလုပ်ကိစ္စမှာ အားမရတာ၊ ပျက်လိုက် လုပ်လိုက်နဲ့ လည်နေတာတွေ များမယ်။ ငွေကြေးပိုင်းမှာတော့ ဝင်ငွေရလမ်း ပေါ်မယ်။ ငွေဝင်ကိန်း ရှိတယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ စိတ်အနှောင့်အယှက် ဖြစ်စရာတွေ၊ ဆူဆူပူပူတွေ ဖြစ်မယ်။ ဒီနေ့ မနက် ၈ နဲ့ ၉ ကြား ကံကောင်းချိန်ဖြစ်တယ်။ ယတြာအနေနဲ့ ဘုရားမှာ အချိုရည်အအေးတစ်ခုခု ကပ်ပါ။

သင့်

တနင်္လာ - ကံဇာတာ အားနည်းနိုင်တဲ့နေ့ ဖြစ်တယ်။ အလုပ်၊ အကြံအစည်၊ ရည်ရွယ်ချက်တွေ မဖြစ်မြောက်တာ များလိမ့်မယ်။ အလုပ်မှာ ယတိပြတ် မဆုံးဖြတ်နိုင်ဘဲ ဟိုဟာကောင်းနိုး ဒီဟာကောင်းနိုးနဲ့ ဖြစ်နေတတ်တယ်။ ဒါကြောင့်လည်း အကျိုးအမြတ်မှာ အားနည်းသွားတတ်တယ်။ လုပ်လက်စတွေ မပြီးနိုင်ဘဲ ကြာနေတတ်တယ်။ ဒီနေ့ငွေကြေးကိစ္စမှာ အထူးသတိထားရမယ်။ အကုန်အကျ များတတ်တယ်။ ကျန်းမာရေးပါ ဂရုစိုက်ရလိမ့်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ သာယာပျော်ရွှင်ရမယ်။ အချင်းချင်း ကူညီဖေးမမှုတွေ ပေးနိုင်မယ်။ ဒီနေ့ မွန်းလွဲ ၁၂ ခွဲနဲ့ ၁ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ ငွေ ၂၀၀ (သို့) ၅၀၀ ကို ပံ့သကူ ပစ်ပေးပါ။

ညံ့

အင်္ဂါ - ဖခင် (သို့) အကြီးအကဲတွေနဲ့ မသင့်မမြတ် ဖြစ်တတ်တယ်။ အစိုးရအာဏာပိုင်ကိစ္စ သတိထားရမယ်။ ကိုယ်က နည်းနည်းမှားတာကို များများ အထင်လွဲခံရတတ်တယ်။ အလုပ်ကိစ္စ၊ စီးပွားရေးကိစ္စတွေမှာ ကံဇာတာ အတော်သင့် ကောင်းမွန်မှု ရှိနေတယ်။ ဒါပေမယ့် ကိုယ်တိုင်က စိတ်မပါလက်မပါ ဖြစ်နေလို့ ကံပေးသလောက် မရဘဲ ဖြစ်မယ်။ ငွေကြေးကိစ္စမှာတော့ ကြံလို့ဖန်လို့ အဆင်ပြေမယ်။ ငွေများများစားစား ဝင်ကိန်းတွေ ရှိနေမယ်။ အိမ်တွင်းရေးနဲ့ ပတ်သက်လို့ စိတ်ညစ်ရတတ်တယ်။ အချစ်ရေးမှာလည်း တစ်ဖက်သတ် အထင်လွဲခံရနိုင်တယ်။ ဒီနေ့ ညနေ ၄ ခွဲနဲ့ ၆ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ နွားနို့ပူပူလေးတစ်ခွက် ကပ်လှူ ဆုတောင်းပါ။

သင့်

ဗုဒ္ဓဟူး - ဘုန်းကံမြင့်မားတဲ့နေ့မျိုး ဖြစ်လို့ ကြံစည်လုပ်ဆောင်သမျှတွေလည်း အောင်မြင်အဆင်ပြေမှု ရှိနေမယ်။ ဒါပေမယ့် အလုပ်ကိစ္စမှာတော့ လူပင်ပန်းစိတ်ပင်ပန်းခံနိုင်မှ အဆင်ပြေလိမ့်မယ်။ နေ့စဉ် လုပ်နေကျ အလုပ်တွေ တာဝန်တွေတောင်မှ ဒီနေ့မှာ ခက်ခဲသွားတတ်တယ်။ လုပ်ငန်းလည်ပတ်မှု တုံ့ဆိုင်းတတ်တယ်။ တာဝန်ကြီးတွေ ကိုယ့်ပခုံးပေါ် ကျလာတတ်တယ်။ ငွေကြေးကိစ္စမှာ အတိုက်အခံ လုပ်နိုင်မှ ရမယ်။ နှလုံးသားရေး ညံ့လိမ့်မယ်။ ဒီနေ့ မနက် ၁၀ ခွဲနဲ့ ၁၁ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအဖြစ် ဘုရားမှာ အုန်းရည် ကပ်လှူပေးပါ။

သင့်

ရာဟု - ရတာလေးနဲ့ ကျေနပ်ရမယ့်နေ့ ဖြစ်တယ်။ လောဘတကြီးနဲ့ လျှောက်လုပ်နေရင် အလိုကြီးပြီး အရနည်း ဖြစ်လိမ့်မယ်။ အလုပ်နဲ့ မိသားစုဘဝ ပြန်ညှိရမယ်။ အလုပ်ချည်း ဖိလုပ်နေလည်း မထူးသလို မိသားစုဘက်ကို အချိန်မပေးမိလို့လည်း ပြဿနာ ဖြစ်တတ်တယ်။ ကိုယ့်အတွက် အကျိုးပြုမယ့် အဆက်အသွယ်ကောင်းတွေနဲ့ ပြန်ချိတ်မိလိမ့်မယ်။ အလုပ်နေရာ ပြောင်းချင်သူတွေ ဒီနေ့ ကြိုးစားကြည့်သင့်တယ်။ ငွေကြေးပိုင်းမှာ အလိုမကျ မကျေနပ်စရာတွေ ကြုံရတတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ အများအားဖြင့် အေးချမ်းမှု ရရှိမယ်။ ဒီနေ့ နေ့ခင်း ၁ ခွဲနဲ့ ၂ ကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအဖြစ် အရဟံဂုဏ်တော်ကို သက်စေ့ ပွားများပါ။

သင့်

ကြာသပတေး - ဘာလုပ်လုပ် အဆင်မပြေတာတွေချည်း ကြုံရတတ်တဲ့နေ့မျိုး ဖြစ်တယ်။ ငွေရေးကြေးရေးကိစ္စ ပိုပြီး သတိထားရမယ်။ အကုန်အကျ များတာ၊ ဝင်သမျှငွေ အဖတ်မတင်တာ၊ ငွေအတွက်နဲ့ စိတ်ညစ်ရတာတွေ ဖြစ်တတ်တယ်။ ကိုယ်တိုင်ကလည်း အတွေးအကြံ စဉ်းစားဆုံးဖြတ်တာတွေ မှားယွင်းမယ်။ အလုပ်စီးပွားရေးမှာ စိတ်ပူနေရမယ်။ အေးအေးချမ်းချမ်း မရှိဘဲ လုပ်နေရမယ်။ နှလုံးသားရေးမှာ တွေဝေစရာတွေ သိပ်များလာမယ်။ ဒီနေ့ ညနေ ၃ နဲ့ ၄ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားစေတီ၊ ဘုန်းကြီးကျောင်းမှာ သန့်ရှင်းရေး လုပ်ပေးပါ။

ညံ့

သောကြာ - ကိုယ့်နေရာ ၊ ကိုယ့်အခွင့်အရေးအတွက် အတိုက်အခံ လုပ်ရတတ်တယ်။ ဘယ်ကိစ္စမှာမဆို ယှဉ်ရ လုရတာတွေ ၊ စိတ်ရှုပ်တာတွေ ဖြစ်ပြီးမှ အဆင်ပြေသွားတတ်တယ်။ ကိုယ်တိုင်ကလည်း စိတ်မြန်လက်မြန်တွေ ဖြစ်လာပြီး ဘာမဆို ရင်ဆိုင်ယှဉ်ပြိုင်ချင်တာတွေ ဖြစ်လာမယ်။ အလုပ်စီးပွားကံဇာတာ ကောင်းမယ်။ အလုပ်ကံ ကောင်းပြီး နေရာအခွင့်ထူးတွေပါ ရလာနိုင်တယ်။ ငွေကြေးကံလည်း ပွင့်လန်းမယ်။ လာဘ်လာဘတွေ ရွှင်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာလည်း စိတ်ချမ်းသာစရာတွေ ကြုံရမယ်။ မိသားစုထဲမှာ အကူအညီတွေ ပေးမယ်။ ဒီနေ့ မနက် ၉ နဲ့ ၁၀ ကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ ဘုရားမှာ ယိုတစ်မျိုးမျိုး ကပ်လှူပေးပါ။

ကောင်း

စနေ - လုပ်ပိုင်ခွင့်တွေ၊ နေရာအခွင့်ထူးတွေ ရလာတတ်တယ်။ တစ်နေ့တာ လုပ်ကိုင်သမျှက အဆင်ချောပြီး ဖြစ်မြောက်လွယ်နေမယ်။ အကြီးအကဲတွေ၊ မင်းစိုးရာဇာ အုပ်ချုပ်မှုပိုင်းကနေ အကူအညီကောင်းတွေ ရမယ်။ ကိုယ်တိုင်ကလည်း ခါတိုင်းနဲ့မတူဘဲ လုပ်နိုင်ကိုင်နိုင်စွမ်းတွေ မြင့်မားနေမယ်။ အတိုက်အခိုက်တွေကို ရင်ဆိုင် ကျော်လွှားနိုင်မယ်။ ဒီနေ့မှာ စကားများ၊ ပဋိပက္ခ ဖြစ်တာမျိုး ကြုံရတတ်တယ်။ ငွေကြေးကံတော့ ကောင်းတယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ စိတ်ဆင်းရဲစရာတွေ ဖြစ်တတ်တယ်။ ပြဿနာကြီးငယ် ပေါ်တတ်တယ်။ ဒီနေ့ နေ့ခင်း ၂ နဲ့ ၃ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ အလင်းတိုင် ၁၀ တိုင် ပူဇော်ပြီး ယတြာပြုပေးပါ။

ကောင်း

#lotaya_horoscope


MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ဗေဒင်ဟောစာတမ်းများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။

ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။



Some text some message..