မြန်မာနှစ်သစ် အလုပ်စီးပွားကံဇာတာ ဟောစာတမ်း
lotaya.mpt.com.mm
|
2021-04-18

မြန်မာနှစ်သစ် ၁၃၈၃ ခုနှစ်အတွင်းမှာ (၇) ရက်သားသမီးတွေရဲ့ အသက်မွေးဝမ်းကျောင်းမှုအခြေအနေ၊ တနည်းအားဖြင့် အလုပ်အကိုင်နဲ့ စီးပွားရေးရာကံဇာတာကို အောက်ပါအတိုင်း တွက်စစ်ဖော်ပြပေးလိုက်ပါတယ်။ ဒီဟောဆိုချက်တွေဟာ ယေဘုယျသာ ဖြစ်ပြီး အသေးစိတ်ကတော့ တစ်ဦးချင်းရဲ့ မူလဇာတာပေါ် မူတည်ပြောင်းလဲသွားနိုင်ပါတယ်။

တနင်္ဂနွေနေ့ဖွား

ဒီနှစ်မှာ တနင်္ဂနွေသားသမီးတွေရဲ့ အလုပ်အကိုင်ကံဇာတာ ကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ အလုပ်မှာ နေရာကောင်း ရတာ၊ အခွင့်ထူး ခံစားရတာတွေ ကြုံရတတ်ပါတယ်။ ဒါပေမယ့် အတိုက်အခံတွေ၊ အနှောင့်အယှက်တွေလည်း ရှိနေပြီး အလုပ်တွေလည်း ခါတိုင်းထက် ပိုများမယ့်အခြေအနေ ရှိပါတယ်။ စိတ်ပင်ပန်းလူပင်ပန်း ဖြစ်မယ့်နှစ်လို့လည်း ဆိုရမှာပါ။

တနင်္လာနေ့ဖွား

တနင်္လာသားသမီးတွေက ဒီနှစ်မှာ အလုပ်တွေ ကောင်းချင်ရက်နဲ့ အရှိန်တန့်သွားတာမျိုး မကြာခဏ ဖြစ်တတ်ပါတယ်။ လုပ်ငန်း တိုးချဲ့ရတာ၊ အလုပ်သစ်နေရာသစ် ပြောင်းလဲရတာတွေ ရှိလာနိုင်သလို ကိုယ့်ကိုမှ ရွေးပြီး အခွင့်အရေးတွေ ပေးလာတာမျိုးလည်း ကြုံရတတ်ပါတယ်။ သွေးရိုးသားရိုး မဟုတ်တဲ့အလုပ်တွေ ပေါ်လာရင်တော့ ရှောင်ဖို့ လိုပါတယ်။

အင်္ဂါနေ့ဖွား

အထိုင်တကျ အလုပ်တွေထက် လှုပ်ရှားသွားလာရတဲ့ လုပ်ငန်းတွေက ပိုကောင်းလာနိုင်ပါတယ်။ အသက်မွေးဝမ်းကျောင်း ဘဝအခြေအနေ မတည်ငြိမ်တာတွေလည်း ဖြစ်တတ်ပါတယ်။ ရေတိုကြည့်လုပ်ရတဲ့ အရောင်းအဝယ်၊ ကုန်သွယ်မှုတွေနဲ့ အကျိုးပေးအောင်မြင်တတ်ပါတယ်။ တစ်နေရာတည်းမှာ အတည်တကျ မဖြစ်တော့ဘဲ အခြေအနေ ကြည့်လုပ်ရပါမယ်။

ဗုဒ္ဓဟူးနေ့ဖွား

ဒီနှစ်မှာ အလုပ်တွေ တစ်ခုပြီးတစ်ခု ပြောင်းလဲလုပ်ကိုင်ရတတ်ပါတယ်။ တစ်ချိန်တည်း တစ်ပြိုင်တည်းမှာ အလုပ်အမျိုးမျိုး ယှဉ်တွဲ လုပ်ကိုင်ရတတ်ပြီး နောင်ရေး မသေချာတဲ့အခြေအနေတွေကို ကြုံတွေ့ရတတ်ပါတယ်။ ကိုယ်တိုင်ကလည်း စိတ် ဂဏှာမငြိမ်ဘဲ တစ်ခုမဟုတ်တစ်ခု ပြောင်းလုပ်ချင်စိတ်တွေ များနေတတ်ပါတယ်။ သေချာရေရာမှုကိုပဲ အားပေးရပါမယ်။

ကြာသပတေးနေ့ဖွား

နှစ်သစ်မှာ အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေ စတင်ဖြစ်ပေါ်လာနိုင်ပါတယ်။ အကူအညီ၊ အထောက်အပံ့တွေလည်း ရရှိလာပြီး စပ်တူ၊ အကျိုးတူလုပ်ငန်းတွေလည်း အောင်မြင်မှု ရရှိတတ်ပါတယ်။ မိမိကိုယ်တိုင်က အရွေးလွန် ၊ စိတ်များပြီး အလုပ်တစ်ခုတည်းကို အာရုံမစိုက်တတ်တာကိုတော့ သတိထားရပါမယ်။ သေချာ ကြိုးစားရင် စီးပွားဖြစ်လာနိုင်ပါတယ်။

သောကြာနေ့ဖွား

သောကြာသားသမီးတွေအဖို့ ဒီနှစ်မှာ ပရဟိတဆန်တဲ့ အလုပ်တွေ လုပ်ကိုင်ရတတ်တယ်။ ကိုယ့်အတွက် သိပ်အကျိုးမရှိ၊ အမြတ်အစွန်းမကျန်တဲ့လုပ်ငန်းမျိုးတွေ ဖြစ်တတ်ပြီး လူရောစိတ်ပါ အပင်ပန်းခံရုန်းကန်ရတာတွေလည်း ရှိလာနိုင်ပါတယ်။ နိုင်ငံရပ်ခြား၊လူမျိုးကွဲနဲ့ဆက်နွယ်တဲ့အလုပ်တွေဆိုရင် အကျိုးပေးနိုင်ပြီး ရပ်ဝေးမြေခြားတွေမှာ အလုပ်လုပ်ရတတ်ပါတယ်။

စနေနေ့ဖွား

ဒီနှစ်ထဲမှာ စနေသားသမီးတွေက အသက်မွေးဝမ်းကျောင်းနဲ့ပတ်သက်လို့ စိုးရိမ်သောကတွေ များရတတ်ပါတယ်။ အလုပ် ရာထူးနေရာအတွက် ပြိုင်ဆိုင်ရတာ၊ လုပ်ငန်းခွင်ထဲမှာ မကျေနပ်စရာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ အကူအညီ ပေးမလိုနဲ့ ဒုက္ခပေးသူတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။ ဒါပေမယ့် ကိုယ့်အပေါ် စေတနာထားပြီး ကူညီပံ့ပိုးမယ့်သူတွေလည်း ရှိပါတယ်။

အထက်ပါဟောကိန်းတွေဟာ လာမယ့် ၂၀၂၂ ၊ ဧပြီ ၁၆ ရက်အထိ သက်ရောက်မှု ရှိနေမှာ ဖြစ်ပါတယ်။ ဒီဟောကိန်းအရ အလုပ်အကိုင် အညံ့လည်း ရှိနေမယ် ၊ ရောက်ဆဲအသက်ကို တည်ပြီး ၇ နဲ့စားလို့ (၆) ကြွင်း သို့မဟုတ် (၂) ကြွင်းနေတယ် ဆိုရင်တော့ ဒီနှစ်မှာ ကိုယ့်ရဲ့ အသက်မွေးဝမ်းကျောင်းနဲ့ ပတ်သက်လို့ သေချာ ကြိုတင်ပြင်ဆင်ထားဖို့ မှာချင်ပါတယ်။

နေ့ဖွားအားလုံး နှစ်သစ်မှာ အလုပ်စီးပွားကံတွေ ကောင်းကြပါစေ

ဧက (ဗေဒင်သုတ)

#lotaya_shortstory


MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ဝတ္ထုတိုများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။

ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။



Some text some message..