အကြွင်းဖွားအလိုက် အိုးအိမ်နေရာကံဇာတာ
lotaya.mpt.com.mm
|
2021-09-15

တချို့က ဘဝတွင် စီးပွားဥစ္စာမချမ်းသာသည့်တိုင် အမွေရခြင်း၊အမှီကောင်းခြင်းကြောင့် အိမ်ကြီးအိမ်ကောင်းနှင့် နေထိုင်ရသည့် ကံဇာတာမျိုး ပါလာသည်။ တချို့မှာ ဝင်ငွေကောင်း၊ စီးပွားကောင်း၍ အိုးအိမ်တိုက်တာကောင်း ပိုင်ဆိုင်သည့်တိုင် ကိုယ့်အိမ်မှာကိုယ် ကောင်းစွာ နေခွင့်မရဘဲ ခရီးချည်း ပတ်သွားနေရသည့် ကံမျိုး ဖြစ်သည်။

တချို့ကား အိမ်မှာ အနေများ၍ စီးပွားမဖြစ်၊ အပြင်ထွက် သွားလာလှုပ်ရှားမှ စီးပွားဖြစ်တော့သည်။ တချို့မှာမူ အိမ်မှာ အနေမြဲ ၊ အထိုင်မြဲလွန်းပါမှ အိမ်နှင့်ဆိုင်ကို တွဲဖွင့်၍ အလုပ်လုပ်ပါမှ စီးပွားချမ်းသာ ရရှိတတ်သည်။

မြန်မာ့ရိုးရာဗေဒင်ပညာတွင် မွေးဖွားရာ မြန်မာသက္ကရာဇ်ကို (၇) နှင့်စား၍ ရလာသော အကြွင်းပေါ် မူတည်ကာ အိုးအိမ်နေရာအဆောက်အဦးနှင့်ပတ်သက်သော ကံဇာတာကို ထောက်လှမ်းတွက်ဆနိုင်သောနည်း ရှိသည်။ မိမိ မွေးဖွားရာ မြန်မာခုနှစ်ကို (၇) နှင့်စား၍

(၁) ကြွင်းပါက ဘဝတစ်သက်တာတွင် အိမ်ပြောင်းအိမ်ရွှေ့ အလွန် များတတ်သူများ ဖြစ်သည်။ နေရာတစ်ခုမှာ အတည်တကျ မရှိဘဲ ဟိုပြောင်းဒီရွှေ့ လုပ်တတ်ကြသည်။ အိမ်မကပ်သူများလည်း ဖြစ်တတ်သည်။ အိမ်နေရာ ကောင်းကောင်း၊ ခမ်းခမ်းနားနားနှင့် မနေဖြစ်ဘဲ အိမ်မှာ အနေများလာလျင်လည်း ကံအားနည်းလာတတ်သည်။

(၂) ကြွင်းပါက ဘဝတွင် နေရာကောင်း၊ အိုးအိမ်ဌာနကောင်းများ၌ နေထိုင်ခွင့် ရတတ်သည်။ မူလဇာတာအရ တကယ့် အိမ်ကြီးအိမ်ကောင်းများ၌ နေထိုင်ပါမှ စီးပွားဖြစ်၊ ကျန်းမာချမ်းသာတတ်သည်။ နေထိုင်ရာအိုးအိမ်မှာ အကောင်းစား မဖြစ်သည့်တိုင် သပ်ယပ်သန့်ရှင်း၍ နေချင်စဖွယ် ဖြစ်အောင်ထားပါက ကံကောင်းပါလိမ့်မည်။

(၃) ကြွင်းပါက အကြီးအကဲများထံမှ အမွေဆက်ခံခြင်း (သို့) ကြီးကဲသူများကို အမှီပြု၍ အိုးအိမ်တိုက်တာနှင့် နေစရာကံကောင်းခြင်းတို့ ခံစားရတတ်သည်။ နေထိုင်ရာအိမ်ကို ကောင်းသည်ထက်ကောင်း၊ လှသည်ထက် လှအောင် ပြင်ဆင်နိုင်လေ အကျိုးပေးလေဖြစ်မည်။ အိမ်ကိုပင် အမှီပြုပြီး စီးပွားဖြစ်ကာ ချမ်းသာရတတ်သည်။

(၄) ကြွင်းပါက အိမ်မှာ ရေရှည်နေလေ အိမ်သူအိမ်သားများနှင့် မသင့်မြတ်လေ ဖြစ်တတ်သည်။ အိမ်နေရာဌာန ကောင်းစွာ ရရှိတတ်သော်လည်း ကိုယ်တိုင်က စိတ်တိုင်းမကျသလို ဖြစ်နေမိမည်။ တော်ရုံသင့်ရုံ အိုးအိမ်မျိုးနှင့် အဆင်ပြေအကျိုးပေးနိုင်သည်။ အိမ်ပူအိမ်ဆူတတ်သော သဘာဝ ရှိ၍ ထိုအချက်ကိုမူ သတိပြုထားရလိမ့်မည်။

(၅) ကြွင်းပါက ရှေးဟောင်းအိမ်၊ အမွေဆိုင်အိမ်၊ အစွန်အဖျားကျသော အိမ် (သို့မဟုတ်) အိမ်အဟောင်းအနွမ်းနှင့် အကျိုးပေးတတ်သည်။ အိမ်ကို သစ်လွင်တောက်ပစွာ ပြင်ဆင်လိုက်ပါက စီးပွားမဖြစ်ခြင်း၊ မကျန်းမာခြင်းတို့ကို ကြုံရတတ်သည်။ အိမ်နှင့်စီးပွား တွဲ၍ မကောင်း၊ အိမ်မှာ အမြဲနေ၍ မသင့်သော နေရာဌာနကံဇာတာ ဖြစ်သည်။

(၆) ကြွင်းပါက အိုးအိမ်နေရာ ခမ်းခမ်းနားနားနှင့် ကောင်းမွန်စွာ နေထိုင်ခွင့်ရတတ်သည်။ အိမ်နေရာကောင်း၍ အချက်အချာလည်း ကျပြီး စီးပွားရှာရန် အခွင့်အလမ်းသာသောနေရာမျိုး ဖြစ်တတ်သည်။ အမွေအနှစ်သဘော ရရှိခြင်း၊ ထီပေါက်ငွေဝင်၍ ဝယ်ဖြစ်ခြင်းတို့ဖြင့် အိမ်ကောင်း ရတတ်သည်။ အိမ်ကို အမှီပြု၍ စီးပွားရှာနိုင်သည်။

(ဝ) ကြွင်းပါက ဘဝတွင် အိမ်တစ်လုံးမက ပိုင်ဆိုင်ရတတ်သော်လည်း နေရာဌာန မတည်မြဲဘဲ ဟိုအိမ်ပြောင်း၊ ဒီအိမ်ပြောင်းနှင့် အခြေမကျဘဲ ဖြစ်တတ်သည်။ မည်မျှပင် အိမ်ကို ခမ်းနားစွာ ပြင်ဆင်နေထိုင်လိုသည်ဖြစ်စေ ကြာကြာနေခွင့် မရဘဲ အပြောင်းအလဲ လုပ်ရတတ်သည်။ နေရာအတည်တကျ မရှိဘဲ ရွေ့လျားရတတ်သည်။

အထက်ဖော်ပြပါ အိုးအိမ်နေရာကံဇာတာများသည် မူလမွေးခုနှစ်ကိုသာ အခြေခံ၍ တွက်ချက်ထားခြင်းကြောင့် လူတစ်ဦချင်းစီ၏ ဇာတာနှင့် တွက်စစ်သည်လောက် ထိရောက်မှန်ကန်မှု မရှိနိုင်သော်လည်း ဗေဒင်ဗဟုသုတ အဖြစ် မှတ်သားလေ့လာနိုင်ရန်အလို့ငှာ ဖော်ပြရခြင်း ဖြစ်ပါသည်။

နေ့ဖွားအားလုံး အိုးအိမ်နေရာဌာနကောင်းများ ပိုင်ဆိုင်ခွင့် ရရှိကြပါစေ

ဧက (ဗေဒင်သုတ)

#lotaya_horoscope

MPT4U မှတစ်ဆင့် လိုတရ၏ အသစ်အသစ်သော ဗေဒင်ဟောစာတမ်းများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။

ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။



Some text some message..