နေကြတ်ဖြစ်စဉ်နှင့် ၁၂ ရာသီခွင်ဗေဒင်
lotaya.mpt.com.mm
|
2021-12-01

ဒီနှစ် ၂၀၂၁ ခုနှစ်ရဲ့ နောက်ဆုံးအကြိမ် နေကြတ်ခြင်းကို ဒီဇင်ဘာ ၄ ရက်နေ့မှာ ကမ္ဘာ့နိုင်ငံဒေသတချို့ကနေ မြင်တွေ့ရမှာ ဖြစ်ပြီး မြန်မာနိုင်ငံကတော့ မြင်တွေ့ရမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီတစ်ခေါက် နေကြတ်ခြင်းဟာ အပြည့်အဝကြတ်တာ ဖြစ်လို့ ရာသီဖွားတိုင်းအပေါ် အနည်းနဲ့အများ ရိုက်ခတ်မှုတွေ ဖြစ်လာနိုင်ပါတယ်။

အထူးသဖြင့် နေကြတ်ပြီး ရက်ပိုင်းနဲ့ လပိုင်းအတွင်းမှာ ၁၂ ရာသီဖွားအလိုက် အောက်ဖော်ပြပါအခြေအနေတွေ နဲ့ ရင်ဆိုင်လာရတတ်ပါတယ်။  ဥပမာ - ကိုယ်က နိုဝင်ဘာ ၂၁ မှာ မွေးဖွားခဲ့တယ်ဆိုရင် (အောက်တိုဘာ ၂၃ - နိုဝင်ဘာ ၂၁) ဟာ ဗြိစ္ဆာရာသီထဲမှာ ကျရောက်လို့ ဗြိစ္ဆာရာသီဖွား ဟောကိန်းကို ဖတ်ရှုရမှာ ဖြစ်ပါတယ်။

မိဿရာသီဖွား (မတ် ၂၁ - ဧပြီ ၁၉) - ရပ်ဝေးခရီး၊ နိုင်ငံခြားခရီးကိစ္စတွေ ခဏဆိုင်းထားတာ ကောင်းလိမ့်မယ်။ လူကြီးသူမတွေ၊အကြီးအကဲတွေနဲ့ အဆင်ပြေအောင် နေရမယ်။ အတွေးအမြင် ပြောင်းလဲတာမျိုး ဖြစ်လာမယ်။

ပြိဿရာသီဖွား (ဧပြီ ၂၀ - မေ ၂၀) - အတိတ်က စိတ်ဒဏ်ရာတွေ၊ ပြဿနာဟောင်းတွေ ပြန်ပေါ်လာတတ်လို့ စိတ်ညစ်ရတတ်တယ်။ ကြွေးမြီကိစ္စ၊ အမွေကိစ္စတွေအတွက် ခေါင်းခဲရလိမ့်မယ်။ စိတ်ပင်ပန်းစရာ များလာမယ်။

မေထုန်ရာသီဖွား (မေ ၂၁ - ဇွန် ၂၀) - ကိုယ့်ပတ်ဝန်းကျင်၊ ဘေးနားက လူတွေနဲ့ ပတ်သက်လို့ ပြန်ဆန်းစစ်ပြီး ပေါင်းသင်းဖို့ လိုလာမယ်။ အစစ်အမှန်ကို ရွေးထုတ်ရမယ့်အချိန် ဖြစ်တယ်။ နှလုံးသားရေးမှာ သောကများမယ်။

ကရကဋ်ရာသီဖွား (ဇွန် ၂၁ - ဇူလိုင် ၂၂) - ကျန်းမာရေး ဂရုစိုက်ရမယ့်ကာလ ဖြစ်တယ်။ နိစ္စဓူဝအလုပ်တွေကို လုပ်ရမှာ စိတ်မပါလက်မပါ ဖြစ်လာတတ်တယ်။ မတတ်သာလို့ လုပ်ရရင်တောင် အကောင်းဆုံး လုပ်လိုက်ပါ။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ - သြဂုတ် ၂၂) -  စိတ်ကူးအကြံအစည်တွေကို တိတ်တိတ်လေး အကောင်အထည် ဖော်တာပဲ ကောင်းမယ်။ လူသိများလေ၊ အာရုံနောက်လေ ဖြစ်မယ်။ အပျော်အပါးကိစ္စတွေမှာ ထိန်းချုပ်ရမယ်။

ကန်ရာသီဖွား (သြဂုတ် ၂၃ - စက်တင်ဘာ ၂၂) - မိသားစု၊ အိမ်တွင်းရေးနဲ့ပတ်သက်လို့ နားလည်မှု လွဲနေတာ၊ မကျေလည်တာတွေကို ဒီကာလမှာ အဖြေရှာရမယ်။ တချို့အဆင်မပြေမှုလေးတွေက ပြန်ပြေလည်မှု ရရှိမယ်။

တူရာသီဖွား (စက်တင်ဘာ ၂၃ - အောက်တိုဘာ ၂၂) - လူအများနဲ့ ဆက်ဆံရာမှာ၊ မက်ဆေ့ဂျ် ပို့ ဖုန်းဆက်တာ စတဲ့ ဆက်သွယ်ရေးပိုင်းတွေမှာ အမှားအယွင်း ဖြစ်တတ်တယ်။ အနီးအပါးခရီးသွားရာမှာ စိတ်ညစ်ရလိမ့်မယ်။

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ - နိုဝင်ဘာ ၂၁) - ငွေအသုံးအစွဲကို ထိန်းချုပ်ရတော့မယ်။ ဝင်ငွေနဲ့ထွက်ငွေ မမျှတာ၊ ငွေအချေးအငှားကိစ္စ ပြဿနာပေါ်တာတွေ ဖြစ်လာနိုင်တယ်။ စုဆောင်းထားတာတွေ ပါသွားနိုင်တယ်။

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ - ဒီဇင်ဘာ ၂၁) - ကျန်းမာရေး ချူချာတာ၊ တွေးစရာ ပိုများလာတာနဲ့ ပူပန်သောက များတာတွေ ဖြစ်လာတတ်တယ်။ ဒါပေမယ့် ကိုယ်လုပ်ချင်တာကို ရဲရဲဝံ့ဝံ့ စတင်သင့်တဲ့ကာလလည်း ဖြစ်တယ်။

မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ - ဇန်နဝါရီ ၁၉) - အိပ်မပျော်တာတွေ၊ ထူးထူးဆန်းဆန်း အိပ်မက်မက်တာတွေ ဖြစ်လာနိုင်တယ်။ အကုန်အကျတွေယိုပေါက်တွေလည်း များလာတတ်လို့ အသုံးအဖြုန်းကို ထိန်းချုပ်ရလိမ့်မယ်။

ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ - ဖေဖော်ဝါရီ ၁၈) - လက်ရှိ လူမှုဆက်ဆံရေးပတ်ဝန်းကျင်အပေါ် စိတ်ကုန်လာပြီး မိတ်သစ်ဆွေသစ်တွေ ရှာဖွေမိလာမယ်။ ငွေရေးကြေးရေးနဲ့ ပတ်သက်လို့ စိတ်ရှုပ်စရာတွေ ဖြစ်လာတတ်တယ်။

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ - မတ် ၂၀) - အသက်မွေးဝမ်းကျောင်း၊ အလုပ်အကိုင်၊ စီးပွားရေးနဲ့ ပတ်သက်လို့ မရှင်းမလင်းကိစ္စတွေ ဖြစ်လာနိုင်တယ်။ အစောတည်းက ပြတ်သားဖို့ လိုတာတွေကို ရှင်းရှင်းလင်းလင်း လုပ်ပါ။

ရာသီဖွားအားလုံး ဘေးရန်ကင်းကွာ လိုရာပြည့်ကြပါစေ

ဧက (ဗေဒင်သုတ)

#lotaya_horoscope




Some text some message..