၂၀၂၂ အတွက် ရာသီခွင် သော့ချက်ဟောကိန်း
lotaya.mpt.com.mm
|
2022-01-19

အနောက်တိုင်းသာယနနက္ခတ်ဗေဒင်အရ ကောဇာရာဟုနဲ့ ယူရေးနပ်စ်ဂြိုဟ်တွေဟာ ပြိဿရာသီခွင်မှာ အတူ ယှဉ်တွဲ ရပ်တည်လာမှာ ဖြစ်လို့ ၂၀၂၂ တစ်နှစ်လုံးမှာ ရာသီဖွားအားလုံးအတွက် အထင်ကရဖြစ်ပွားလာနိုင်တဲ့ ကိစ္စရပ်တွေနဲ့ သတိပြုရှောင်ကျဉ်ရမယ့်အချက်တွေကို သော့ချက်ဟောကိန်းအဖြစ် ဖော်ပြလိုက်ပါတယ်။

မိဿရာသီဖွား (မတ် ၂၁ - ဧပြီ ၁၉)

တစ်နှစ်တာလုံးမှာ ငွေရေးကြေးရေးကိစ္စမှန်သမျှဆုံးဖြတ်တော့မယ်ဆိုရင် နှစ်ခါပြန်မကစဉ်းစားဖို့ လိုပါလိမ့်မယ်။ ငွေအချေးအငှားတွေ၊ ရင်းနှီးထည့်ဝင်တာတွေ သတိပြုရမှာ ဖြစ်သလို ကျန်းမာရေးကိုလည်း ဂရုစိုက်ရပါမယ်။

ပြိဿရာသီဖွား (ဧပြီ ၂၀ - မေ ၂၀)

အရင်နဲ့ မတူတဲ့စိတ်ထားနဲ့ ခံယူချက်တွေ ဖြစ်ပေါ်လာတတ်ပြီး အတွေးအခေါ်ဟောင်း၊ အယူအဆဟောင်းတွေ ခွာချမယ့်နှစ် ဖြစ်တယ်။ လုံခြုံမှုထက် စွန့်စားမှုကို ပိုစိတ်ဝင်စားလာမယ်။ ဒါပေမယ့် သတိရှိဖို့တော့ လိုအပ်မယ်။

မေထုန်ရာသီဖွား (မေ ၂၁ - ဇွန် ၂၀)

ဒီနှစ်မှာ အသုံးအစွဲတွေ ပိုများပြီး လက်ဖွာမိလာလိမ့်မယ်။ အိတ်ပေါက်နဲ့ဖားကောက်သလို ဖြစ်နေမယ်။ ငွေတွေ ဘယ်ရောက်ကုန်လဲလို့တောင် အံ့အားသင့်မိမယ်။ ဘာသာရေးနဲ့ နာမ်ပိုင်းဆိုင်ရာတွေကို ပိုစိတ်ဝင်စားလာမယ်။

ကရကဋ်ရာသီဖွား (ဇွန် ၂၁ - ဇူလိုင် ၂၂)  

ဆက်ဆံနေကျ လူမှုပတ်ဝန်းကျင်အသိုင်းအဝိုင်း ပြောင်းလဲသွားမယ့်နှစ် ဖြစ်တယ်။ မိတ်ဆွေအပေါင်းအသင်းနဲ့ လူမှုရေးမှာ မရိုးမသားကိစ္စတွေ၊ မျက်နှာပျက်ရတာတွေ ဖြစ်တတ်တယ်။ လူမှုရေးကိစ္စတိုင်းကို သတိထားရမယ်။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ - သြဂုတ် ၂၂)

ဒီနှစ်မှာ လုပ်ငန်းစီးပွား (သို့) အသက်မွေးမှုအလုပ်အကိုင်တွေ အပြောင်းအလဲကြီးကြီးမားမား ဖြစ်လာနိုင်တယ်။ မတတ်သာလို့ ပြောင်းလဲရပြီဆိုရင် အကောင်းဆုံး ဖြစ်အောင်သာ ပြင်ဆင်ထားပါ။ မရိုးသားတာမျိုးကို ရှောင်ပါ။

ကန်ရာသီဖွား (သြဂုတ် ၂၃ - စက်တင်ဘာ ၂၂)

မရောက်ဖူးတဲ့နေရာတွေ သွားလာဖြစ်သလို မလေ့လာဖူးတဲ့အကြောင်းအရာ၊ဘာသာရပ်တွေကိုလည်း လေ့လာ ဆည်းပူးခွင့် ရလာလိမ့်မယ်။ ဒါပေမယ့် ကိုယ့်စိတ်တိုင်းကျဘယ်အရာမှမဖြစ်တတ်ဘူးဆိုတာ ကြိုသတိပြုရမယ်။

တူရာသီဖွား (စက်တင်ဘာ ၂၃ - အောက်တိုဘာ ၂၂)

ဒီနှစ်မှာ ရုတ်တရက် ကျန်းမာရေး ကျဆင်းသွားနိုင်ပြီး မတော်တဆမှုတွေလည်း ဖြစ်ပွားတတ်တယ်။ ကျန်းမာမှု နဲ့ ဘာနဲ့မှ မလဲပါနဲ့။ ဒီနှစ်ရဲ့နောက်ထပ် သော့ချက်တစ်ခုက လုပ်ချင်တာထက် လုပ်သင့်တာကို ဦးစားပေးဖို့ပါပဲ။

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ - နိုဝင်ဘာ ၂၁)

လူလိမ်လူညာတွေ၊ ကိုယ့်အပေါ် မရိုးသားသူတွေနဲ့မှ ထိပ်တိုက်တိုးမိတတ်တဲ့နှစ် ဖြစ်တယ်။ လူငယ်လူရွယ်တွေ အချစ်ရေး၊ အိမ်ထောင်ရေး ကံအားနည်းပြီး တစ်နှစ်လုံးမှာ စိတ်မချမ်းမြေ့စရာတွေချည်း ကြုံတွေ့ရတတ်တယ်။

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ - ဒီဇင်ဘာ ၂၁)

ဒီနှစ်မှာ အရင်လို ရှင်သန်နေကျဘဝမျိုး မဟုတ်တော့ဘဲ နေထိုင်မှုအသစ်၊ ဖြတ်သန်းမှုပုံစံအသစ် ဖြစ်လာမယ်။ နေ့စဉ်လုပ်ငန်းဆောင်တာတွေလည်း ပြောင်းလဲသွားမယ်။ ကျန်းမာရေးကိုလည်း ပိုဂရုစိုက်ရမယ့်နှစ် ဖြစ်တယ်။

မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ - ဇန်နဝါရီ ၁၉)

အပျော်အပါးကိစ္စ၊ လောင်းကစားကိစ္စတွေကို ကြပ်ကြပ် ရှောင်ရမယ့်နှစ် ဖြစ်တယ်။ အဲဒီဘက်တွေ အာရုံကျရင် အမှားအယွင်းတွေ များတတ်တယ်။ လူငယ်တွေအဖို့ နှလုံးသားရေးမှာ မထင်မှတ်တာတွေ ဖြစ်လာတတ်တယ်။

ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ - ဖေဖော်ဝါရီ ၁၈)

ဒီနှစ်ထဲမှာ အိုးအိမ်နေရာ အပြောင်းအလဲကံတွေ အသက်ဝင်လာလိမ့်မယ်။ အိမ်ပြောင်း၊ အလုပ်ပြောင်းတာမျိုး ဖြစ်လာနိုင်တယ်။ မိသားစုထဲမှာလည်း မမျှော်လင့်တာတွေ ဖြစ်ပွားလာနိုင်တယ်။ အိမ်မှာမပျော်ဘဲ ဖြစ်နေမယ်။

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ - မတ် ၂၀)

တစ်နှစ်တာအတွင်း လူတွေနဲ့ ဆက်သွယ်ပြောဆိုရာမှာ နားလည်မှု လွဲတာ၊ အထင်အမြင်မှားတာတွေ ခံရမယ်။ ဖြစ်နိုင်ရင် ဒဲ့ဒိုးတာ ပြောလိုက်တာ အကောင်းဆုံး ဖြစ်မယ်။ အသွားအလာ ဆင်ခြင်ရမယ့်နှစ်လည်း ဖြစ်တယ်။

ရာသီဖွားအားလုံး ဘေးကင်းကျန်းမာ လိုရာပြည့်ကြပါစေ

ဧက (ဗေဒင်သုတ)

#lotaya_horoscope




Some text some message..