နှစ်သစ်မှာ ကံပွင့်ကံကောင်းစေမယ့် လောကီနည်းလမ်းများ
lotaya.mpt.com.mm
|
2022-01-26

စိတ်ရောလူပါ ညစ်ညူးပင်ပန်းစရာတွေ များခဲ့တဲ့ ၂၀၂၁ ကုန်ဆုံးလို့ ၂၀၂၂ သာ ရောက်လာတယ်၊ အရင်နှစ်လို စိတ်က မကြည်၊ လူက မလန်းနဲ့အလိုလိုနေရင်း ညစ်ထေးပြီး ကံမကောင်းသေးသလိုများ ခံစားနေရတယ်ဆိုရင် အောက်ဖော်ပြပါ လောကီပညာနည်းလမ်းတွေကို ကျင့်သုံးကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေ…

(၁) ကိုယ့်အိမ် ၊ အလုပ်ခန်း၊ ဆိုင်ခန်း စတဲ့နေရာရဲ့ ထောင့် ၄ ထောင့်မှာ ပင်လယ်ဆားအနည်းငယ်စီ ပုံထားပါ။ ကမ္ဘာ့လောကီပညာအရ ဆားဟာ မကောင်းတဲ့အခိုက်ဓာတ်တွေကို ရှင်းလင်းပေးနိုင်တဲ့အစွမ်းသတ္တိ ရှိပါတယ်။ ဆားပုံလေးတွေကို နှစ်ရက်ကြာထားပြီးမှ ပြန်လှည်းကျင်းစုစည်းပြီး သင့်တော်ရာ အမှိုက်ပုံးမှာ စွန့်ပစ်လိုက်ပါ။

(၂) နောက်တစ်ခုကတော့ သံပရာပါ။ သံပရာသီးဟာ မကောင်းတဲ့ဓာတ်တွေကို ချေဖျက်ရှင်းလင်းပစ်တဲ့အခါမှာ အင်မတန်အစွမ်းထက်ပါတယ်။ လုပ်ရမှာက ဖန်ခွက်အကြည်တစ်ခွက်ထဲ ရေအပြည့်ဖြည့်ပြီး သံပရာသီးတစ်လုံး ထည့်ထားပါ။ ဖန်ခွက်ထဲက ရေကို စနေနေ့တိုင်း အပတ်စဉ် လဲလှယ်ပေးသွားပါ။ ဒါဆိုရင် ကိုယ့်အိမ်ဝန်းကျင် မိသားစုအပေါ် ကျရောက်လာနိုင်တဲ့မကောင်းတဲ့အခိုက်အညံ့တွေကို အလိုအလျောက် ရှင်းပေးနိုင်ပါလိမ့်မယ်။

(၃) အသံသာတဲ့ ဆည်းလည်းလေးတွေကို အိမ်အဝင်ဝ  (သို့) ဆိုင်အဝင်၊ လုပ်ငန်းကုမ္ပဏီ အဝင်တံခါးမကြီးမှာ ချိတ်ဆွဲထားလိုက်ပါ။ အသံသာ ဆည်းလည်းလေးတွေရဲ့ လှုပ်ခတ်သံဟာ ကိုယ်နဲ့ ကိုယ့်မိသားစုဝင်တွေအပေါ် ရိုက်ခတ်လာမယ့် အခိုက်ဓာတ်တွေကို ကြိုတင်ဖယ်ရှား ရှင်းလင်းပေးနိုင်စွမ်း ရှိပါတယ်။

(၄) နှစ်သစ်သာ ရောက်လာပေမယ့် နှစ်ဟောင်းက သုံးမရတော့တဲ့ အသုံးအဆောင်တွေ၊ အသုံးမဝင်တော့တဲ့ ပြက္ခဒိန်လို ပစ္စည်းတွေ စတဲ့ အဟောင်းအမြင်း၊ အမှိုက်သရိုက်တွေကို မရှင်းဖြစ်ဘဲ နှစ်ကူးတတ်ပါတယ်။ ဒီလို အဟောင်းတွေကို မရှင်းထုတ်ရင် မကောင်းတဲ့ဓာတ်တွေ ခိုအောင်းရာ ဖြစ်စေတတ်တာမို့ အမြန်ဆုံး ရှင်းထုတ် သန့်စင်ပစ်လိုက်တာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ နှစ်သစ်မှာ အသုံးအဆောင်တွေပါ သန့်ရှင်းလှပနေပါစေ။

(၅) မိမိတို့ ကိုးကွယ်ရာ ဘာသာတရားအလိုက် ဘုရားကျောင်းဆောင်လို မြင့်မြတ်တဲ့နေရာတွေအပြင် အိမ်နဲ့ ခြံဝန်းနဲ့ နေထိုင်သူတွေဟာ အိမ်စောင့်နတ်၊ ခြံစောင့်နတ်တွေကို ပူဇော်သောအားဖြင့် အမွှေးနံ့သာတိုင်တွေကို နှစ်သစ်ကူးလတွေမှာ ထွန်းညှိပူဇော်ပေးသင့်ပါတယ်။ ကိုယ့်အိမ်ပတ်ဝန်းကျင်ဟာ အမွှေးနံ့သာတွေနဲ့ ဝေဆာပြီး ပျံ့လွင့်နေမယ်ဆိုရင် မကောင်းတဲ့အခိုက်ဓာတ်တွေလည်း အလိုလို ကင်းဝေးသွားမှာ ဖြစ်ပါတယ်။

ဖော်ပြပါ နည်းလမ်းတွေကို နှစ်သစ်အစ ပထမလမှာ ဆောင်ရွက်ခြင်းအားဖြင့် မကောင်းတဲ့ အခိုက်ဓာတ်တွေကို ကင်းစင်စေပြီး ပိတ်ဆို့နေတဲ့ကံဇာတာတွေကိုလည်း ပွင့်လန်းလာစေမှာဖြစ်ပါတယ်။

နှစ်သစ်မှသည် နှစ်ကုန်သည်အထိ ဘေးရန်ကင်းကွာ ချမ်းသာနိုင်ကြပါစေ

ဧက (ဗေဒင်သုတ)

#lotaya_horoscope




Some text some message..