
တရုတ်ရိုးရာဖုန်းရွှေပညာအရ လာဘ်ရွှင်ငွေဝင်လွယ်စေမယ့် ပိုက်ဆံအိတ်အစီအရင်ကို အများအကျိုးအတွက် လမ်းညွှန်ပေးလိုက်ပါတယ်။ ကိုယ်သုံးနေကျ ပိုက်ဆံအိတ်ဟာ ဖုန်းရွှေပညာနဲ့ ကိုက်ညီမှု ရှိ ၊ မရှိကို ကြည့်ပြီး ဆောင်ရန် ရှောင်ရန်တွေ လိုက်နာနိုင်ဖို့ ရည်ရွယ်ပါတယ်။
ပိုက်ဆံအိတ်အတွက် အရောင်ရွေးခြင်း
ဖုန်းရွှေပညာအရ အနက်ရောင်ပိုက်ဆံအိတ်ဟာ အလုပ်အကိုင်ဘဝအဆင့်အတန်း မြင့်သထက် မြင့်မားစေမယ့် ၊ ချမ်းသာကြွယ်ဝစေမယ့် မင်္ဂလာအရောင် ဖြစ်ပါတယ်။ အခွင့်အလမ်းသစ်တွေကိုလည်း ဆွဲဆောင်နိုင်ပါတယ်။
အနီရောင်ပိုက်ဆံအိတ်ကို သုံးမိရင်တော့ ရှာဖွေရရှိသမျှ ငွေကြေးတွေ မြန်မြန် ပြန်ကုန်တတ်ပါတယ်။ ထိလိုက်ရုံ နဲ့ လောင်ကျွမ်းပစ်တဲ့ မီးဓာတ် ဖြစ်လို့ အနီရောင်ပိုက်ဆံအိတ်ဟာ ရှိတာပြောင်းစေမယ့် နိမိတ်မျိုး ဖြစ်ပါတယ်။
ပန်းရောင်ပိုက်ဆံအိတ်ဟာ စီးပွားရှာသူအတွက် မသင့်ပါဘူး။ ဒါပေမယ့် အမျိုးသမီးတွေအတွက် နှလုံးသားရေး ကံကောင်းပြီး စန်းပွင့်ချင်ရင် အသုံးပြုနိုင်ပါတယ်။
အစိမ်းရောင်ပိုက်ဆံအိတ်ဟာ ဝင်ငွေတိုးစေပြီး အကြံကောင်းဉာဏ်ကောင်းတွေလည်း ဖြစ်ပေါ်စေတတ်ပါတယ်။ အညိုရောင်ပိုက်ဆံအိတ်ကတော့ အသုံးကြမ်းသူတွေ ဆောင်ရမယ့်အရောင် ဖြစ်ပြီး ငွေစုနိုင်စွမ်း ရှိနေပါတယ်။
အဝါရောင်တောက်တောက်ပိုက်ဆံအိတ်ကို အသုံးပြုရင် ငွေအဝင်အထွက် မြန်ဆန်တတ်ပြီး အဝါဖျော့ရောင်ကို သုံးမှသာ ဝင်လာသမျှ ငွေကြေးဓနကို စနစ်တကျ စုဆောင်းနိုင်ပါလိမ့်မယ်။
ဒါကတော့ တစ်ဦးချင်းဇာတာအလိုက် ကံကောင်းစေမယ့်အရောင်ကို ရွေးချယ်တာ မဟုတ်ဘဲ ဖုန်းရွှေအရ လူတိုင်းအတွက် လာဘ်ရွှင်စေမယ့် ပိုက်ဆံအိတ်အရောင်ကို ရွေးချယ်ခြင်း ဖြစ်ပါတယ်။
ပိုက်ဆံအိတ်အတွက် နေရာအထားအသို
သုံးနေကျပိုက်ဆံအိတ်ကို ရိုရိုသေသေ ထားလေလေ ပိုက်ဆံအိတ်ကလည်း စီးပွားလာဘ်လာဘကို ပြန်လည် ဆွဲငင်ပေးလေလေပါပဲ။ အဲဒီတော့ ပိုက်ဆံအိတ်ကို ကြုံသလို ကြမ်းပြင်တွေ၊ မသန့်တဲ့နေရာတွေပေါ် ပစ်ချတာ၊ ဒေါသထွက်လို့ ကိုင်ပေါက်ပစ်တာတွေ မလုပ်ပါနဲ့။ သန့်ရှင်းသပ်ယပ်တဲ့အမြင့်တစ်နေရာမှာ ပုံမှန်ထားရှိပေးပါ။
ပိုက်ဆံအိတ်ထဲမှာ ထည့်သင့်၊ မထည့်သင့်တာ
ပိုက်ဆံအိတ်ကို အမှိုက်ပုံးသလို သဘောထားပြီး ရှိသမျှ တိုလီမုတ်စတွေ၊ ရက်လွန်စာရွက်တွေ၊ ပြေစာစုတ်တွေ ထည့်ထားမိရင် ဝင်လာမယ့်လာဘ်က ပိတ်သွားတတ်ပါတယ်။ အဲဒီလို အမှိုက်သရိုက်တွေကို အရင်ရှင်းထုတ်ပြီး တန်ဖိုးအမြင့်ဆုံး ငွေစက္ကူတစ်ရွက်ကို ပုံသေ သိမ်းထားပေးပါ။ (မြန်မာမှာဆိုရင်တော့ တစ်သောင်းကျပ်တန်ပါ) ပြီးရင် အောက်ဖော်ပြပါ ဖုန်းရွှေအဆောင်လေးကို တရုတ်တန်းမှာ မေးမြန်းပြီး ဝယ်ယူအဆောင်ပြုနိုင်ပါတယ်။

နောက်ဆုံးအနေနဲ့မှာချင်တာကတော့ ကိုယ်ကြာကြာသုံးမယ့်ပိုက်ဆံအိတ်ဟာ Second Hand တွေ၊ သုံးပြီးသား အိတ်ဟောင်းတွေ ဖြစ်မနေဖို့နဲ့ ဝင်ငွေ များများ ရလာတိုင်း၊ လစာတွေဘာတွေ ရလာတိုင်း လာဘ်ဦးလာဘ်ဖျား ငွေကြေးအနည်းငယ်ကို ပြန်လှူပေးဖို့ပါ။ အားလုံး စီးပွားရေး ငွေရေးကြေးရေး အဆင်ပြေနိုင်ကြပါစေ…
ဧက (ဗေဒင်သုတ)
#lotaya_horoscope