
ဗုဒ္ဓဘာသာဝင်တွေရဲ့ နေ့ထူးရက်မြတ်တစ်ခုဖြစ်တဲ့ ကဆုန်လပြည့်နေ့ဟာ ဒီနှစ် ၂၀၂၂ ခုနှစ် ပြက္ခဒိန်အရဆိုရင် မေလ ၁၄ ရက်နေ့မှာ ကျရောက်ပါလိမ့်မယ်။ နိုင်ငံတကာမှာတော့ ဗုဒ္ဓနေ့ကို လပြည့်ရက်အတိအကျ ယူထားတဲ့ မေလ ၁၆ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပြီး မြန်မာမှာတော့ ပြက္ခဒိန်အရ မေလ ၁၄ ရက်နေ့ကို ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) အဖြစ် ညောင်ရေသွန်းပွဲတော် ကျင်းပမှာ ဖြစ်ပါတယ်။
ဗျာ၊ ဖွား၊ ပွင့်၊ စံ ဤလေးတန်မှတ်ရန် ဗုဒ္ဓနေ့ဆိုတဲ့ လင်္ကာအရ ဗျာ-ကဆုန်လပြည့်နေ့မှာ ဗျာဒိတ်တော်ကို ခံယူ၊ ဖွား-ကဆုန်လပြည့်နေ့မှာ ဖွားမြင်တော်မူ၊ ပွင့်-ကဆုန်လပြည့်နေ့မှာ ဘုရားပွင့်တော်မူ၊ စံ-ကဆုန်လပြည့်နေ့မှာ ပရိနိဗ္ဗာန်စံဝင်တော်မူ ဆိုတဲ့ အဖြစ်အပျက်ကြီးလေးခုဟာ ကဆုန်လပြည့်နေ့မှာပဲ ဖြစ်ပွားခဲ့တာကြောင့် ကဆုန် လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်များအတွက် အထွဋ်အမြတ်နေ့ထူးလည်း ဖြစ်ပါတယ်။
မြတ်စွာဘုရားရှင်ဟာ ဗောဓိညောင်ပင်ကို အမှီပြုပြီး သဗ္ဗညုတရွှေဉာဏ်တော် ရရှိဖို့ တရားအားထုတ်ခဲ့တာရယ်၊ ရာသီဥတုပူပြင်းလှတဲ့ ကဆုန်လမှာ ရေဓာတ်ခန်းခြောက်လာတာရယ်ကြောင့် ဘုရားပွင့်ရာ ဗောဓိညောင်ပင်ကို လန်းဆန်းစိုပြေစေဖို့ရာ ကဆုန်လပြည့်နေ့မှာ ရေသွန်းလောင်း ကုသိုလ်ပြုလေ့ရှိပါတယ်။
တနည်းဆိုရရင် ဗောဓိညောင်ပင် ရှင်သန်ရှည်ကြာစေသလို ဗုဒ္ဓသာသနာတော်ကြီး အဓွန့်ရှည်ကြာစေဖို့လည်း ရည်ရွယ် ကုသိုလ်ပြုခြင်း ဖြစ်ပါတယ်။
ဗောဓိညောင်ပင်ကို ရေသွန်းလောင်းရာမှာ မြတ်စွာဘုရားရှင်ဟာ ဒီနေရာဒီဌာနမှာ မာရ်နတ်စစ်သည်အပေါင်းကို အောင်မြင်ခဲ့သလို ဒီနေရာဒီဌာနမှာပဲ သစ္စာလေးပါးကို သိမြင်ပြီး ဘုရားအဖြစ်ကို ရောက်ရှိခဲ့တယ်လို့ မိမိအာရုံနဲ့ ဘုရားဂုဏ်တော်တွေကို ဆင်ခြင်ပွားများသွန်းလောင်းရမယ်လို့ ဆရာတော်ကြီးများက တိုက်တွန်းထားပါတယ်။
ဘာသာရေးအရ ထူးခြားမွန်မြတ်တဲ့ကဆုန်လပြည့်နေ့မှာ ညောင်ရေသွန်းကြတဲ့အခါ မိမိတို့ လောကီလူသားများ သဘာဝ တောင့်တရာရာ လိုအင်ဆန္ဒတွေလည်း တပါတည်း ပြည့်ဝစေဖို့ နေ့ဖွားအလိုက် အောက်မှာ ဖော်ပြတဲ့ အချိန်များအတိုင်း ဗောဓိညောင်ပင် ရှိရာ သွားရောက်ပြီး ရေသွန်းလောင်း ကုသိုလ်ပြုကြရင် မိမိတို့ လိုအင်ဆန္ဒ ဆုတောင်းတွေလည်း ပြည့်ဝအောင်မြင်တတ်ကြောင်း ဗေဒင်ပညာရှုထောင့်ကနေ အသိပေးလိုက်ရပါတယ်။
(တစ်နေ့တာ အချိန်အခါ ပိုင်းဖြတ်မှုအရ မိမိတို့ မွေးနံ အမြင့်ဆုံးကို ရောက်ရှိချိန်မှာ ကြီးမြတ်တဲ့ကုသိုလ်ရေးကို ပြုနိုင်ဖို့ ရည်ရွယ် တင်ပြပေးတာ ဖြစ်ပြီး တကယ်လို့ ပေးထားတဲ့အချိန်က အဆင်မပြေခဲ့ရင်လည်း ဘာသာရေး ကုသိုလ်ရေးကိစ္စ ဖြစ်လို့ မိမိတို့ အဆင်ပြေသလို ဆောင်ရွက်နိုင်ပါတယ်)

ဖော်ပြပါ သတ်မှတ်ချိန်အတွင်းမှာ ဗောဓိညောင်ပင် ရှိရာ သွားရောက်ပြီး မိမိတို့ ရွတ်ဖတ်နေကျ ပရိတ်၊ ပဋ္ဌာန်း ဂါထာတော်တွေ ရွတ်ဖတ်ပွားများ ပူဇော်ရင်း ညောင်ရေသွန်းလောင်းနိုင်ပါတယ်။
ရေသွန်းလောင်းရာမှာလည်း ဆရာတော်ကြီးများ ညွှန်ထားသလို အလေးအနက် အာရုံပြုသင့်ပြီး တစ်နေ့တာ ပြုသမျှ ကုသိုလ်တွေကို နတ်လူ သာဓုခေါ်ဆို နိုင်အောင် အမျှပေးဝေ မေတ္တာပို့ရင်း လိုရာဆုတောင်းများ ပြည့်ဝနိုင်ကြပါစေ…။
ဧက (ဗေဒင်သုတ)
#lotaya_horoscope