၇ ရက်သားသမီး အပတ်စဉ် ဗေဒင်ဟောစာတမ်း (၂၆.၆.၂၀၂၂ မှ ၂.၇.၂၀၂၂ အထိ)
lotaya.mpt.com.mm
|
2022-06-26

တနင်္ဂနွေနေ့ဖွား

အလုပ်အကိုင် - တစ်ပတ်တာ အလုပ်ကိစ္စတွေမှာ ဘေးက အနှောင့်အယှက်တွေ ဝင်လာမယ်။ ကိုယ့်ကို မလိုသူ ၊ ပြစ်တင်ရန်ရှာလိုသူတွေ ရှိနေတတ်တယ်။ လက်သီးပုန်းထိုးသလို နောက်ကွယ်နေ ဒုက္ခပေးသူတွေ ရှိတတ်လို့ သတိထား လုပ်ကိုင်ရမယ်။ တစ်ခုခုဆို ကြီးကဲသူတွေနဲ့ တိုင်ပင်ပါ။ ငွေကြေးပိုင်းမှာ စိတ်ညစ်စရာတွေ များမယ်။

ကျန်းမာရေး - သွေးထွက်သံယိုအသေးစားလေးတွေ ဖြစ်တတ်တယ်။ စိတ်နှလုံး ပင်ပန်းရလိမ့်မယ်။ 

လူမှုအိမ်ထောင် - ဒီအပတ် မေတ္တာရေးမှာ ဘေးပတ်ဝန်းကျင်က သွေးထိုးစကားတွေကြောင့် ကတောက်ကဆ များရတတ်တယ်။ အချင်းချင်း သည်းမခံနိုင်စိတ်မရှည်နိုင် ဖြစ်နေမယ်။ ဒါပေမယ့် ပြဿနာ ကြီးကြီးမားမားတွေ မဖြစ်ဘဲ အချိန်တန် ပြေလည်သွားမယ်။ လူမှုရေးကဏ္ဍမှာ အုပ်စုဖွဲ့ပြီး ကိုယ့်ကို တိုက်ခိုက်တာတွေ ရှိနိုင်တယ်။

ကံကောင်းစေတဲ့ အရောင် - အဝါရင့် ၊ ရွှေရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း -  ၁ ၊ ၆

ကံကောင်းစေတဲ့ အရပ် - မြောက်  ၊ အရှေ့မြောက်

ကံကောင်းစေတဲ့ နေ့ရက် - တနင်္ဂနွေ ၊ ဗုဒ္ဓဟူး

ယတြာ - တစ်ပတ်အတွင်း မကြာခဏဆိုသလို လမ်းဘေးခွေးတွေကို အစာကျွေးပြီး ဆုတောင်းပါ။

တနင်္လာနေ့ဖွား

အလုပ်အကိုင် - အလုပ်တွေက တစ်ခုမက ပေါ်လာမယ်။ အလုပ်နှစ်မျိုး ယှဉ်တွဲလုပ်ရတာတွေလည်း ဖြစ်မယ်။ လုပ်ငန်းဆောင်တာပိုင်းမှာ အကြံကောင်းဉာဏ်ကောင်း ပေးသူတွေ ပေါ်လာမယ်။ တစ်ဦးတစ်ယောက်တည်းပဲ ကြံစည်လုပ်ကိုင်တာထက် အများနဲ စပ်တူလုပ်တာ ပိုကောင်းမယ်။ ငွေကြေးလာဘ်လာဘတွေ ဝင်လာမယ်။

ကျန်းမာရေး - တစ်ပတ်လုံးမှာ ကျန်းမာရေး အညံ့ ရှိလာနိုင်တယ်။ တစ်ခုခု ဖြစ်ရင် မပေါ့ဆဖို့ လိုမယ်။

လူမှုအိမ်ထောင် - အချစ်ရေး၊ အိမ်ထောင်ရေးပိုင်းမှာ ကတိကဝတ်တွေကို ဖြည့်ဆည်းနိုင်မယ်။ လုပ်ပေးချင်တာ လုပ်ပေးခွင့် ရလာမယ်။ ပျိုရွယ်သူတွေ လက်တွဲဖော်နဲ့ ဆုံဆည်းရတတ်တယ်။ ချစ်သူ၊ အိမ်ထောင်ဖက်ကနေ ကူညီဖေးမလာမယ်။ လူမှုပေါင်းသင်းဆက်ဆံရေးမှာလည်း အကူအညီ၊ အထောက်အပံ့ပေးသူတွေ ပေါ်မယ်။

ကံကောင်းစေတဲ့ အရောင် - ရောင်စုံကွက်၊ ခရမ်းဖျော့ရောင်၊ အနက်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၆ ၊ ၇ ၊ ဝ

ကံကောင်းစေတဲ့ အရပ် - အရှေ့မြောက်

ကံကောင်းစေတဲ့ နေ့ရက် - တနင်္ဂနွေ

ယတြာ - တစ်ပတ်အတွင်း အိမ်ကဘုရားမှာ အုန်းနို့ခေါက်ဆွဲ မကြာခဏ ကပ်လှူပေးရမယ်။

အင်္ဂါနေ့ဖွား

အလုပ်အကိုင် - ကိုယ်လုပ်သမျှ အလုပ်တိုင်းက လွယ်ကူချောမွေ့အဆင်ပြေမယ်။ အလုပ်လမ်းကြောင်းတစ်ခုနဲ့ တစ်ခု အချိတ်အဆက် ပိုမိလာမယ်။ အဆက်အသွယ်ကောင်းတွေလည်း တွေ့ရမယ်။ စောင့်မျှော်နေတဲ့ ခွင်တွေ ၊ အခွင့်အလမ်းတွေ ပေါ်လာမယ်။ ငွေရေးကြေးရေးကံဇာတာ ပွင့်လန်းမယ်။ ခရီးကောင်းတွေ သွားရလိမ့်မယ်။

ကျန်းမာရေး - နေလို့ထိုင်လို့ သိပ်မကောင်းချင်ဘဲ ဖြစ်နေမယ်။ ဒါပေမယ့် ဘေးဥဒ်တော့ မရှိပါ။

လူမှုအိမ်ထောင် - ဒီအပတ် အချစ်ရေး၊ အိမ်ထောင်ရေးမှာ ခံစားချက်တွေ ပြောင်းလဲသွားတတ်တယ်။ အဆိုးကို ဦးတည်တာထက် စိတ်ညစ်ပြီးမှ ပျော်ရမယ့်အရာမျိုး ဖြစ်မယ်။ မေတ္တာရေးမှာ အတ္တ၊ မာန်မနာတွေ ကြီးလာလို့ စိတ်ရှုပ်ရတာလေးတွေ ဖြစ်မယ်။ လူမှုရေးကဏ္ဍမှာတော့ ကိုယ့်အပေါ် လူတွေက ပြောင်းလဲတာမျိုး ဖြစ်မယ်။

ကံကောင်းစေတဲ့ အရောင် - အနက် ၊ အနီဖျော့

ကံစမ်းနိုင်တဲ့ ဂဏန်း - ၇ ၊ ၄ ၊ ၈

ကံကောင်းစေတဲ့ အရပ် - မြောက် ၊ အနောက်မြောက်

ကံကောင်းစေတဲ့ နေ့ရက် - သောကြာ

ယတြာ - အိမ်ကဘုရားမှာ ဒူးရင်းသီး (သို့) ဒူးရင်းယို မကြာခဏ ကပ်လှူပြီး ဆုတောင်းပေးပါ။


Super Lan သို့သွားရန်နှိပ်ပါ

ဗုဒ္ဓဟူးနေ့ဖွား

အလုပ်အကိုင် - ဘာပဲလုပ်လုပ် နေရာတိုင်းမှာ ကန့်သတ်မှုတွေနဲ့ ကြုံလာရမယ်။ ဘယ်အလုပ်မှ အလွယ်တကူ မဖြစ်လာဘဲ အတော်လေး ကြိုးစားနိုင်မှ အသက်ရှူချောင်သလို ဖြစ်နေမယ်။ အစုစပ်ရှယ်ယာတွေများ လုပ်ရင် ကွဲပြဲသွားတတ်တယ်။ အဆင်မသင့်ရင် ဆုံးရှုံးမှု များတတ်တယ်။ ငွေထည့်တာ၊ ငွေရင်းတာတွေ ရှောင်ကျဉ်ပါ။

ကျန်းမာရေး - တစ်ပတ်အတွင်း ကျန်းမာရေး မညံ့ပေမယ့် ပစ်စလတ်ခတ် မနေသင့်ဘဲ ဂရုစိုက်ရမယ်။

လူမှုအိမ်ထောင် - မေတ္တာရေးမှာ အညံ့များတဲ့ကာလ ဖြစ်တယ်။ အချင်းချင်း မကောင်းမြင်တာတွေ များနေပြီး ဘေးကနေ ဝိုင်းမြှောက်ပေးလို့ပါ ဒုက္ခများရတတ်တယ်။ ဖောက်လွှဲဖောက်ပြန်ကိစ္စတွေလည်း ဖြစ်ပေါ်တတ်လို့ ကိုယ်ကျင့်တရားကို မပျက်အောင် သတိပြုရမယ်။ လူမှုဆက်ဆံရေးမှာလည်း သတိထားပေါင်းသင်းဆက်ဆံပါ။

ကံကောင်းစေတဲ့ အရောင် - အဝါရင့် ၊ အစိမ်းဖျော့

ကံစမ်းနိုင်တဲ့ ဂဏန်း - ၁ ၊ ၄

ကံကောင်းစေတဲ့ အရပ် - အရှေ့မြောက် ၊ တောင်

ကံကောင်းစေတဲ့ နေ့ရက် - စနေ ၊ သောကြာ

ယတြာ - မွေးနေ့ မနက်စောစော အိမ်ကဘုရားမှာ အလင်းတိုင် ၁၀ တိုင်နဲ့ အုန်းထမင်းဆွမ်း ကပ်လှူပေးပါ။

ရာဟုဖွား

အလုပ်အကိုင် - အလုပ်၊ နေရာ အပြောင်းအလဲ ဖြစ်လာတတ်တယ်။ ကောင်းတဲ့အပြောင်းအလဲလို့ပဲ ဆိုရမယ်။ အပြောင်းအလဲကို လက်သင့်မခံရင် လက်ရှိအနေအထားက ညံ့သွားတတ်တယ်။ လိုက်လျောညီထွေ ရှိသင့်ပြီး အခြေအနေပေါ် မူတည်လုပ်ရမယ်။ အကောင်းအဆိုးလေးတွေ ယှဉ်နေမယ်။ အကုန်အကျတွေ ထိန်းနိုင်မယ်။

ကျန်းမာရေး - ဒီအပတ်မှာ ကျန်းမာရေး ကောင်းပေမယ့် မတော်တဆမှုလေးတွေတော့ သတိပြုရမယ်။

လူမှုအိမ်ထောင် - အချစ်ရေး၊ အိမ်ထောင်ရေးမှာ ဗျာများစရာလေးတွေ ဖြစ်လာမယ်။ နှစ်ဦးပြိုင်လို ပြဿနာမျိုး ပေါ်လာတတ်တယ်။ ကိုယ့်ချစ်သူ၊ အိမ်ထောင်ဖက်အပေါ် သစ္စာတည်မှ ကောင်းမယ်။ အပြောင်းအလဲတွေကိုပဲ တောင့်တနေရင် စိတ်ညစ်ရလိမ့်မယ်။ လူမှုရေးကဏ္ဍမှာတော့ ပတ်ဝန်းကျင်သစ်နဲ့ ထိတွေ့ဆက်ဆံခွင့် ရမယ်။

ကံကောင်းစေတဲ့ အရောင် - အဝါ ၊ အဖြူ

ကံစမ်းနိုင်တဲ့ ဂဏန်း - ၃ ၊ ၈

ကံကောင်းစေတဲ့ အရပ် - အနောက်မြောက်

ကံကောင်းစေတဲ့ နေ့ရက် - စနေ ၊ ဗုဒ္ဓဟူးနေ့ မွန်းလွဲနောက်ပိုင်း

ယတြာ -  ဘုရားစေတီတစ်ဆူရဲ့ ရာဟုထောင့်ဘုရားမှာ ရွှေပြား ၄ ချပ် ကပ်လှူပြီး ဆုတောင်းပေးပါ။

ကြာသပတေးနေ့ဖွား

အလုပ်အကိုင် - အင်မတန်မှ စိတ်ပင်ပန်းလူပင်ပန်းရမယ့်ကာလကို ရောက်နေတယ်။ ဘယ်အလုပ်အကိုင်မဆို သူများထက် ရုန်းကန်ကြိုးစားနိုင်ပါမှ သူများနဲ့ တန်းတူလိုက်နိုင်မယ်။ ကိုယ့်အပူအပြင် သူများအပူတွေကိုလည်း ဝင်ကူ ရှင်းပေးရတတ်တယ်။ အလုပ်စီးပွားကံ အားနည်းတယ်။ ငွေကြေးကိစ္စမှာလည်း သောကများလိမ့်မယ်။

ကျန်းမာရေး - အညောင်းမိတာ၊ အပင်ပန်းခံလွန်းလို့ လူထိတာမျိုး ဖြစ်မယ်။ အာရုံကြော သတိပြုပါ။

လူမှုအိမ်ထောင် - အချစ်ရေး၊ အိမ်ထောင်ရေးမှာ အပေါ်စီးဆန်တာ၊ ဆူပူငေါက်ငန်းတာတွေ ရှောင်ကျဉ်ရမယ်။ မဟုတ်ရင် ဘာမဟုတ်တာလေးနဲ့ ပြဿနာ ထပေါ်တတ်တယ်။ ငါတကောကောပြီး အတ္တကြီးတာတွေကိုလည်း လျှော့ရမယ်။ စိတ်ကစားတာတွေ ရှောင်ရမယ်။ လူမှုရေးမှာတော့ ကိုယ့်အပေါ် စောင့်ရှောက်ကူညီသူ ပေါ်မယ်။

ကံကောင်းစေတဲ့ အရောင် - အနီ ၊ ခရမ်းပြာ

ကံစမ်းနိုင်တဲ့ ဂဏန်း - ၆

ကံကောင်းစေတဲ့ အရပ် - အနောက်တောင် ၊ အရှေ့တောင်

ကံကောင်းစေတဲ့ နေ့ရက် - တနင်္ဂနွေ ၊ ဗုဒ္ဓဟူး

ယတြာ - ငွေကြေး လိုအပ်တဲ့ဘုန်းတော်ကြီးကျောင်းတွေ၊ သံဃာတော်တွေကို ဝတ္ထုငွေ နိုင်သလောက်လှူပါ။


MPT IPTV သို့သွားရန်နှိပ်ပါ

သောကြာနေ့ဖွား

အလုပ်အကိုင် - ဒီတစ်ပတ်မှာ အိုးအိမ်နေရာ၊ အလုပ်ဌာန တစ်ခုခု ပြောင်းရွှေ့ရကိန်း ရှိတယ်။ အပြောင်းအလဲ တစ်ခုခု ဖြစ်လာရင် ကိုယ့်ဘက်က ထောင့်စေ့သေချာအောင် စနစ်တကျ လုပ်ရမယ်။ မဟုတ်ရင် ဖရိုဖရဲတွေပဲ ဖြစ်လာတတ်တယ်။ အလုပ်ကံဇာတာလေး ကောင်းပေမယ့် သတိနဲ့ လုပ်ဖို့ လိုမယ်။ ငွေဝင်ပြီး ပြန်ထွက်မယ်။

ကျန်းမာရေး - ကျန်းမာရေးကောင်းပေမယ့် ချော်လဲတာ၊ ဓာတ်လိုက်တာ၊ အပူလောင်တာမျိုး ဖြစ်တတ်တယ်။

လူမှုအိမ်ထောင် - တစ်ပတ်တာ မေတ္တာရေးကဏ္ဍမှာ မမျှော်လင့်တာတွေ ဖြစ်ပျက်တတ်ပေမယ့် အခြေအနေက အဆိုးကြီး မဟုတ်ဘဲ ဖြေရှင်းလို့ ရမယ်။ လူငယ်တွေ စန်းပွင့်တတ်ပြီး စိတ်ကို အလိုလိုက် မှားယွင်းတတ်တယ်။ လူမှုဆက်ဆံရေးပိုင်းမှာ ကိုယ့်ကို ချောက်ချတဲ့သူတွေ၊ ပြဿနာရှာမယ့်သူတွေနဲ့မှ ထိပ်တိုက်တိုးမိတတ်တယ်။

ကံကောင်းစေတဲ့ အရောင် - အစိမ်း၊ အနက်၊ အညိုရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၄ ၊ ဝ

ကံကောင်းစေတဲ့ အရပ် - အနောက်တောင် ၊ မြောက်

ကံကောင်းစေတဲ့ နေ့ရက် - တနင်္ဂနွေ ၊ သောကြာ

ယတြာ - နေ့စဉ် အိမ်ကဘုရားမှာ မနက်တိုင်း နန်းကြီးသုပ် ကပ်လှူပြီးတော့ ဆုတောင်းပါ။

စနေနေ့ဖွား

အလုပ်အကိုင် - ဒီအပတ်မှာ ငွေကြေးစီးပွား၊ အလုပ်အကိုင်ကံဇာတာ တိုးတက်မြင့်မားဖို့ ရှိတယ်။ ကိုယ့်အပေါ် တကယ်ကောင်းတဲ့၊ ကူညီပေးမယ့် မိတ်ဆွေအသိုင်းအဝိုင်းမျိုး ရမယ်။ အဆက်အသွယ်ကောင်းတွေ ပေါ်မယ်။ အလုပ် တိုးချဲ့တာ၊ အလုပ်သစ်တွေ စမ်းကြည့်တာတွေ ကောင်းတယ်။ ငွေအလုံးအရင်းနဲ့လည်း ဝင်တတ်တယ်။

ကျန်းမာရေး - ဘေးကင်းကျန်းမာမယ့်ကာလ ဖြစ်တယ်။ ဆေးကောင်းဝါးကောင်း၊ သမားကောင်းနဲ့ ကြုံမယ်။

လူမှုအိမ်ထောင် - အချစ်ရေး၊ အိမ်ထောင်ရေးမှာ ကံဇာတာ အားနည်းတတ်တယ်။ ချစ်သူ၊ အိမ်ထောင်ဖက်တွေ ကြားမှာ မလိုလားအပ်တဲ့ ပြင်ပကိစ္စတွေနဲ့ စကားများရ စိတ်ညစ်ရတာမျိုး ဖြစ်မယ်။ ပြဿနာအသေးလေးကနေ ကြီးသွားတတ်လို့ စိတ်လျှော့သင့်တယ်။ လူမှုရေးပိုင်းမှာ အကူအညီ၊ အကြံဉာဏ်ပေးမယ့်လူတွေ ပေါများမယ်။

ကံကောင်းစေတဲ့ အရောင် - အနက် ၊ ရွှေရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၁ ၊ ၇

ကံကောင်းစေတဲ့ အရပ် - အရှေ့မြောက် ၊ အနောက်တောင်

ကံကောင်းစေတဲ့ နေ့ရက် - စနေ ၊ အင်္ဂါ

ယတြာ - ဆန်ရယ်၊ ဆေးဝါးအသုံးအဆောင်ရယ်ကို စုပေါင်းပြီး နီးစပ်ရာ ဘုန်းကြီးကျောင်းမှာ လှူပေးပါ။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ

#lotaya_horoscope




Some text some message..