၇ ရက်သားသမီး အပတ်စဉ် ဗေဒင်ဟောစာတမ်း (၇.၈.၂၀၂၂ မှ ၁၃.၈.၂၀၂၂ အထိ)
lotaya.mpt.com.mm
|
2022-08-05

တနင်္ဂနွေနေ့ဖွား

အလုပ်အကိုင် - အလုပ်တွေ တစ်ပိုင်းတစ်စနဲ့ ဖြစ်လာမယ်။ ရှေ့ဆက်ရကောင်းမလား၊ နောက်ပြန်လှည့်ရမလား မတွေးတတ်အောင် ဒွိဟတွေ များလာမယ်။ အလုပ်တစ်ခုမကလည်း လျှောက်လုပ်ရတတ်တယ်။ အလုပ်ကိစ္စနဲ့ ခရီးတွေ ပေါ်လာနိုင်တယ်။ ငွေကြေးပိုင်းမှာ အဝင် ရှိသလို အထွက်လည်း များမယ်။ ငွေလက်ထဲ မမြဲ ဖြစ်မယ်။

ကျန်းမာရေး - သွေးသားနဲ့ ပတ်သက်တာ ဂရုစိုက်ရမယ်။ ကိုယ်ခံအားနည်းသလို ဖြစ်နေမယ်။

လူမှုအိမ်ထောင် - အချစ်ရေး၊ အိမ်ထောင်ရေးမှာ နားလည်မှု လွဲတာ၊ ညှိနှိုင်းမရတာလေးတွေ ဖြစ်လာနိုင်တယ်။ အချင်းချင်း သဟဇာတ မဖြစ်ဘဲ အပြစ်မြင်လွယ်နေတတ်တယ်။ ပြဿနာကို ပုံကြီးချဲ့မိလို့ စိတ်ညစ်ရလိမ့်မယ်။ လူမှုရေးမှာတော့ မိတ်ကောင်းဆွေကောင်းတွေနဲ့ ကြုံရမယ်။ အပေါင်းအသင်းတွေကြောင့် စိတ်ချမ်းသာရမယ်။

ကံကောင်းစေတဲ့ အရောင် - အဝါ ၊ ပုလဲရောင် ၊ အနီ

ကံစမ်းနိုင်တဲ့ ဂဏန်း -  ၅ ၊ ၂ ၊ ၁

ကံကောင်းစေတဲ့ အရပ် - အနောက် ၊ အရှေ့မြောက်

ကံကောင်းစေတဲ့ နေ့ရက် - ဗုဒ္ဓဟူး ၊ ကြာသပတေး

ယတြာ - ဘုရားမှာ မနက်တိုင်း မုန့်ဟင်းခါး၊ ဘူးသီးကြော်နဲ့ နေ့စဉ် ဆွမ်းကပ်လှူပြီး ဆုတောင်းပေးပါ။

တနင်္လာနေ့ဖွား

အလုပ်အကိုင် - တစ်ပတ်လုံးမှာ လုပ်ငန်းနဲ့ ပတ်သက်လို့ မလုပ်ဖူးတာ၊ မကြုံဖူးတာတွေ ရင်ဆိုင်ရတတ်တယ်။ အလုပ်ကိစ္စနဲ့ ရပ်ဝေးမြေခြားခရီးတွေလည်း ပေါ်လာတတ်တယ်။ မသွားချင်၊ မလာချင်၊ မလုပ်ချင်တာတွေကိုပါ လုပ်ရလိမ့်မယ်။ လုပ်ငန်းလည်ပတ်မှု မကောင်းဘဲ ဖြစ်နေမယ်။ ငွေဆုံးရှုံးမှု ဖြစ်တတ်လို့ သတိထားလုပ်ရမယ်။

ကျန်းမာရေး - ဒီအပတ်မှာ ချူချာလွယ်နေမယ်။ တစ်ခုခုဆို သူများထက် ပိုခံရတတ်တယ်။

လူမှုအိမ်ထောင် - တစ်ပတ်တာ မေတ္တာရေးမှာ ကံဇာတာ အားနည်းနေမယ်။ စိတ်အနှောင့်အယှက် မကြာခဏ ဖြစ်ရတာတွေ ရှိလာမယ်။ ဘေးလူတွေကလည်း ကြားဝင်စွက်တတ်တယ်။ ပူပန်သောကတွေ ခံစားရလိမ့်မယ်။ လူမှုရေးကဏ္ဍမှာလည်း စိတ်အခန့်မသင့်စရာတွေ ဖြစ်တတ်တယ်။ သူတပါးကိစ္စနဲ့ အချိန်ကုန်လူပန်းနေရမယ်။

ကံကောင်းစေတဲ့ အရောင် - ခရမ်းပြာ၊ ရောင်စုံကွက်၊ အပြာနု

ကံစမ်းနိုင်တဲ့ ဂဏန်း - ၂ ၊ ၆ ၊ ၉

ကံကောင်းစေတဲ့ အရပ် - အနောက်မြောက်၊ အနောက်

ကံကောင်းစေတဲ့ နေ့ရက် - ကြာသပတေး၊ တနင်္လာ

ယတြာ - ဘုရားမှာ သီးစုံပဲကုလားဟင်းနဲ့ မကြာခဏ ဆွမ်းကပ်လှူပါ။ ကျောက်ကျောမုန့် အချိုပွဲ လှူပါ။

အင်္ဂါနေ့ဖွား

အလုပ်အကိုင် -  ဒီအပတ်မှာလည်း အဆင်မပြေမှုတွေ ဆက်များနိုင်တယ်။ အလုပ်လုပ်ရတာ မဖြောင့်တော့ဘဲ အသည်းအသန် ၊ အကြိတ်အနယ် လုပ်ရကိုင်ရတာတွေ ဖြစ်လာမယ်။ အလုပ်တွေ အရမ်းများလာလို့ ပင်ပန်းမှုပါ များလိမ့်မယ်။ လုပ်ငန်းခွင်မှာလည်း ပဋိပက္ခလေးတွေ ရှိတတ်တယ်။ ငွေကြေးကိစ္စနဲ့ စကားငြင်းခုံ ဖြစ်နိုင်တယ်။

ကျန်းမာရေး - မမျှော်လင့်ဘဲ သွေးထွက်သံယိုတွေ ဖြစ်တတ်တယ်။ မတော်တဆမှုတွေ သတိထားရမယ်။

လူမှုအိမ်ထောင် - မေတ္တာရေးမှာ စိတ်မပြတ်သားစရာတွေ ဖြစ်ပေါ်လာမယ်။ နှစ်ဦးကြားကိုလည်း တတိယလူလို ပေါ်လာနိုင်တယ်။ အပျော်အပါးကိစ္စတွေကြောင့်ပါ နှစ်ဦးသား စကားများရတတ်တယ်။ စိတ်တွေ ရှုပ်ရလိမ့်မယ်။ လူမှုပေါင်းသင်းဆက်ဆံရေးမှာတော့ ကိုယ့်အပေါ် ကောင်းတဲ့သူတွေ ရှိနေမယ်။ မိတ်ဆွေတွေက ကူညီကြမယ်။

ကံကောင်းစေတဲ့ အရောင် - အစိမ်း ၊ စိမ်းပြာ

ကံစမ်းနိုင်တဲ့ ဂဏန်း - ၄ ၊ ၂ ၊ ၉

ကံကောင်းစေတဲ့ အရပ် - အရှေ့ ၊ မြောက်

ကံကောင်းစေတဲ့ နေ့ရက် - သောကြာ

ယတြာ - ကိုယ်လက်အင်္ဂါ မသန်စွမ်းသူတွေကို စားစရာသောက်စရာလေးတွေ ကျွေးမွေးလှူဒါန်းပေးပါ။


MPT IPTV သို့သွားရန်နှိပ်ပါ ဗုဒ္ဓဟူးနေ့ဖွား

အလုပ်အကိုင် - ဒီအပတ်မှာ လုပ်ငန်းစီးပွားကံတွေ တက်လာမယ်။ လုပ်ပိုင်ခွင့်တွေ ပိုရလာမယ်။ လုပ်ထားတာ၊ ကြိုးစားထားတာလေးတွေလည်း အကောင်အထည် ပေါ်လာမယ်။ လူကြီးသူမ၊ အာဏာပိုင်တွေက ကူညီမယ်။ စပ်တူရှယ်ယာသဘော အကျိုးပေးမယ်။ စိတ်ရောလူပါ ပင်ပန်းရပေမယ့် ဝင်ငွေပမာဏတော့ တိုးလာနိုင်တယ်။

ကျန်းမာရေး - ဆီး၊ မျက်စိ၊ အစာအိမ်ပိုင်း ဂရုစိုက်ရမယ်။ မထင်မှတ်ဘဲ ကျန်းမာရေး ညံ့တတ်တယ်။

လူမှုအိမ်ထောင် -  အချစ်ရေး၊ အိမ်ထောင်ရေးမှာ ကံကောင်းလာမယ်။ ပျိုရွယ်သူတွေ ချစ်သူလက်တွဲဖော် ရဖို့ ရှိတယ်။ စန်းလည်း ပွင့်နေမယ်။ စုတ်နဲ့ လာဘ်မှာ ရွေးရခက်နေတတ်တယ်။ စုံတွဲတွေလည်း သာယာမှု ရမယ်။ လူမှုရေးပိုင်းမှာလည်း မိတ်ဆွေအသိုင်းအဝိုင်းကောင်းက ကူညီမစမယ်။ လူအား၊ ငွေအားနဲ့ ကူညီပေးကြမယ်။

ကံကောင်းစေတဲ့ အရောင် - အစိမ်း၊ အဝါ ၊ အဝါဖျော့

ကံစမ်းနိုင်တဲ့ ဂဏန်း - ၅ ၊ ၄ ၊ ၈

ကံကောင်းစေတဲ့ အရပ် - တောင်

ကံကောင်းစေတဲ့ နေ့ရက် - ဗုဒ္ဓဟူး ၊ သောကြာ

ယတြာ - ဘုရားမှာ လက်ဖက်အသားချည်း ၅ ပုံ ပုံ ၊ အလယ်မှာ လစ်ပိုတစ်လုံးပေါ် မီးထွန်းပြီး ဆုတောင်းပါ။

ရာဟုဖွား

အလုပ်အကိုင် - လုပ်ငန်းစီးပွားကံဇာတာ အတော်သင့် ကောင်းမွန်မယ်။ ဒါပေမယ့် အသေးအဖွဲ ဖြစ်စေ ကြီးမား ကျယ်ပြန်တဲ့အလုပ် ဖြစ်စေ သူတပါးအကူအညီရယ်လို့ သိပ်မရဘဲ ကိုယ့်ဖာသာပဲ ရုန်းကန်လုပ်ကိုင်ရလိမ့်မယ်။ ဘယ်သူမှ အားကိုးမရဘဲ ဖြစ်နေမယ်။ အလုပ်ကနေတော့ ငွေဝင်မယ်။ ကြံဖန်ပြီးတော့လည်း ပြန်ကုန်လိမ့်မယ်။

ကျန်းမာရေး - လေအောင့်သလို ဖြစ်တတ်တယ်။ ရင်၊ ဝမ်း ဥပဒ်ပေးတတ်တယ်။

လူမှုအိမ်ထောင် - မေတ္တာရေးမှာ ပျော်ရွှင်ချမ်းမြေ့စရာတွေနဲ့ ကြုံရမယ်။ မမျှော်လင့်ထားသူဆီက ပျော်စရာတွေ ဖန်တီးပေးလာတတ်တယ်။ လူငယ်တွေဆိုရင် မျက်နှာပွင့်ပြီး အစစအရာရာပျော်စရာတွေချည်း ဖြစ်နေလိမ့်မယ်။ လူမှုရေးကဏ္ဍမှာတော့ အပေါင်းအသင်းကို သတိထားပေါင်းရမယ်။ ကြားကနေ အချောင်ခံရတာမျိုး ဖြစ်မယ်။

ကံကောင်းစေတဲ့ အရောင် - အညို ၊ ကော်ဖီရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၄ ၊ ၉ ၊ ၈

ကံကောင်းစေတဲ့ အရပ် - အနောက် ၊ မြောက်

ကံကောင်းစေတဲ့ နေ့ရက် - ဗုဒ္ဓဟူးနေ့ မွန်းလွဲနောက်ပိုင်း

ယတြာ -  ဘုရားစေတီတစ်ဆူရဲ့ ရာဟုထောင့်မှာ သန့်ရှင်းရေးလုပ်ပြီး အမွှေးတိုင် ၈ တိုင် ပူဇော်ပေးပါ။

ကြာသပတေးနေ့ဖွား

အလုပ်အကိုင် - အလုပ်တွေရော ငွေကြေးပိုင်းမှာပါ ကံဇာတာ မြင့်မားလာမယ့်သီတင်းပတ် ဖြစ်တယ်။ အလုပ် တိုးချဲ့တာ၊ လုပ်ငန်းသစ် စတင်တာတွေလည်း လုပ်နိုင်တယ်။ အောင်မြင်မှုလည်း ရမယ်။ အကျိုးတူရှယ်ယာမျိုး ပို ကောင်းမယ်။ အခွင့်အရေးကောင်းတွေ ရလာတတ်တယ်။ ကြီးကဲသူတွေနဲ့တော့ အဆင်ပြေဖို့ လိုအပ်မယ်။

ကျန်းမာရေး - ဘေးကင်း ကျန်းမာမယ့်ကာလ ဖြစ်တယ်။ ခရီးသွားလာရင်တော့ သတိပြုရမယ်။

လူမှုအိမ်ထောင် - အချစ်ရေး၊ အိမ်ထောင်ရေးမှာ ကံအားနည်းချိန် ဖြစ်တယ်။ ဘေးစကားတွေကြောင့် ပြဿနာ ဖြစ်ရတတ်တယ်။ ချစ်သူ၊ လက်တွဲဖော်ကို စိတ်ကုန်သလို ဖြစ်နေမိမယ်။ ကျန်းမာရေးလည်း ညံ့နေတတ်တယ်။ လူမှုဆက်ဆံရေးမှာ အတိုက်အခံ လုပ်သူတွေ ရှိနေမယ်။ အပေါင်းအသင်းတွေက အားကိုးလု့ိ မရဘဲ ဖြစ်မယ်။

ကံကောင်းစေတဲ့ အရောင် - အဝါ ၊ ခရမ်းပြာ

ကံစမ်းနိုင်တဲ့ ဂဏန်း - ၅ ၊ ၂ ၊ ၆

ကံကောင်းစေတဲ့ အရပ် - အနောက် ၊ အရှေ့

ကံကောင်းစေတဲ့ နေ့ရက် - ကြာသပတေး

ယတြာ - ဘုရားမှာ သီဟိုဠ်စေ့ကြော် တစ်ပွဲ နေ့စဉ် ကပ်လှူပြီး လိုရာဆုတောင်းပေးပါ။

သောကြာနေ့ဖွား

အလုပ်အကိုင် - အလုပ်တွေ သိပ်မကောင်းသေးဘဲ ဆက်ရုန်းကန်ရတတ်တယ်။ အလုပ်နဲ့ ပတ်သက်လို့ ပူပန်ရ စိတ်ညစ်ရတာတွေလည်း ရှိနေဦးမယ်။ ဒါပေမယ့် ကိုယ့်အစွမ်းအစတွေနဲ့ ကိစ္စအတော်များများ ပြေလည်အောင် လုပ်လာနိုင်မယ်။ ပြောဆိုထားတာလေးတွေ အောင်မြင်မယ်။ ငွေဝင်ပေမယ့် စိတ်ညစ်ခံနိုင်မှသာ ရတတ်တယ်။

ကျန်းမာရေး - ဒီအပတ်မှာ ရှောင်တခင် ကျန်းမာရေး ညံ့တတ်တယ်။ ခဏနဲ့ ပြန်သက်သာမယ်။

လူမှုအိမ်ထောင် - မေတ္တာရေးမှာ စိတ်လက် မချမ်းမသာတွေ ဖြစ်တတ်တယ်။ ဘာမဟုတ်တာလေးနဲ့ ပူပူဆူဆူ စကားများရကိန်း ရှိတယ်။ ဘေးလူတွေကြောင့်လည်း နှစ်ဦးမှာ စိတ်ပူပန်ရလိမ့်မယ်။ စိတ်လျှော့သည်းခံပေးမှပဲ ကောင်းမယ်။ လူမှုရေးကဏ္ဍမှာ ဒုက္ခပေးမယ့်အသိုင်းအဝိုင်းမျိုးနဲ့ ကြုံရမယ်။ ဘယ်သူမှ ကျောချယုံလို့ မရနိုင်ပါ။

ကံကောင်းစေတဲ့ အရောင် - ခရမ်းရောင် ၊ အစိမ်းရင့်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၄ ၊ ၆

ကံကောင်းစေတဲ့ အရပ် - တောင် ၊ မြောက်

ကံကောင်းစေတဲ့ နေ့ရက် - တနင်္လာ ၊ သောကြာ

ယတြာ - တနင်္လာနေ့ မနက်ခင်း အိမ်ကဘုရားမှာ သစ်သီး ၆ မျိုး စုံအောင် ထည့်ပြီး ကပ်လှူပေးပါ။

စနေနေ့ဖွား

အလုပ်အကိုင် - အလုပ်နဲ့ ပတ်သက်လို့ စဉ်းစားရမှာတွေ၊ ခေါင်းစားရတာတွေ များလာမယ်။ ရွေးချယ်ရခက်တဲ့ အခြေအနေတွေလည်း ကြုံလာရမယ်။ ဟိုဟာကောင်းနိုး၊ ဒီဟာကောင်းနိုးနဲ့ တွေးတောရင်း အချိန်ကုန်နေမယ်။ ဆုံးဖြတ်ရ ခက်တာတွေလည်း ဖြစ်လာမယ်။ ငွေကြေးကိစ္စမှာ မပြတ်မသား ဖြစ်မယ်။ တေ့လွဲလေးတွေ ကြုံမယ်။

ကျန်းမာရေး - တစ်ပတ်လုံးမှာ အကြော အားနည်းမယ်။ အပူလောင်၊ ဓာတ်လိုက်တာတွေ ဂရုစိုက်ရမယ်။

လူမှုအိမ်ထောင် - အချစ်ရေး၊ အိမ်ထောင်ရေးကံလေးတော့ ကောင်းနေမယ်။ ချစ်သူ လက်တွဲဖော် ရှာနေသူဆို အားကိုးယုံကြည်ရသူနဲ့ ဆုံရတတ်တယ်။ စုံတွဲတွေကြား အပြန်အလှန် မှီခိုအားထားနိုင်မယ်။ စိတ်ချမ်းသာမယ်။ လူမှုဆက်ဆံရေးပိုင်းမှာတော့ အပေါင်းအဖော်တွေကြောင့် စိတ်ညစ်မယ်။ သူများကိစ္စတွေ လုပ်ကိုင်ပေးရမယ်။

ကံကောင်းစေတဲ့ အရောင် - အဝါဖျော့ ၊ အစိမ်းနု

ကံစမ်းနိုင်တဲ့ ဂဏန်း - ၁ ၊ ၅

ကံကောင်းစေတဲ့ အရပ် - အရှေ့

ကံကောင်းစေတဲ့ နေ့ရက် - ဗုဒ္ဓဟူး

ယတြာ - သန့်ရှင်းရေးသမားတွေ၊ အထမ်းသမားတွေကို တတ်နိုင်တဲ့ အစားအစာ ပေးကမ်းလှူဒါန်းပေးပါ။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope




Some text some message..