တားရော့အဆောင်၊ တားရော့အစီအရင်
lotaya.mpt.com.mm
|
2022-08-17

ရှေးတုန်းက မြန်မာ့ရိုးရာလောကီပညာနဲ့ စီရင်ထားတဲ့ အင်းစမ၊ အဆောင်လက်ဖွဲ့တွေကို စီးပွား တက်အောင်၊ ဘေးအန္တရာယ်ကင်းအောင် ဆိုတဲ့ရည်ရွယ်ချက်အမျိုးမျိုးနဲ့အဆောင်ပြုခဲ့ကြသလို ကမ္ဘာ့လောကီပညာရပ်တွေနဲ့ ထိတွေ့မှု များလာတဲ့ ဒီနေ့ခေတ်အခါမှာလည်း တားရော့ကတ်တွေကို အဆောင်အဖြစ် အသုံးပြုတာမျိုးတွေ ရှိလာပါတယ်။

တားရော့ကတ်ကို ဘယ်လိုဆောင်မလဲ

ရိုးရာအဆောင်လက်ဖွဲ့တွေကို ဆရာဖြစ်သူက ပေးအပ်လိုက်တဲ့နောက်မှာ ကိုယ်တိုင်ကလည်း တလေးတစားနဲ့ အမြတ်တနိုး အဆောင်ပြုကြတဲ့အတိုင်း တားရော့ကတ်တွေကို Print ပဲထုတ်ထုတ် Mobile Phone Screen မှာပဲ တင်တင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆောင်ကြရာမှာ ယုံကြည်မှုက ရာနှုန်းပြည့်အရေးပါပါတယ်။

ကိုယ်ဆောင်နေကျတဲ့ တားရော့ကတ်ကို Print စာရွက်ထုတ်၊ ဖယောင်းတိုင်မှာ ပတ်ပြီး မီးထွန်း ဆုတောင်းတာ၊ တားရော့ကတ်ပြားကို ရေမွှေး ဆွတ်ဖြန်းပေးတာ၊ မကြာခဏ တယုတယ နမ်းပေးတာတွေ၊ သွားလေရာတိုင်းကို သယ်ဆောင်ပြီး အိပ်ရင်လည်း ခေါင်းအုံးအောက်မှာ ထားအိပ်တာတွေက တားရော့နဲ့ ကိုယ့်ကို တစ်သားတည်း ဖြစ်စေပြီး အစွမ်းသတ္တိကို ဖြစ်ပေါ်စေနိုင်ပါတယ်။

ကိစ္စရပ်အလိုက် တားရော့အဆောင်များ

တားရော့ကတ်တွေမှာ ဖော်ပြထားတဲ့သင်္ကေတ၊ ဒဏ္ဍာရီတွေအရ ကိုယ့်အတွက် လိုအပ်တဲ့ကိစ္စရပ်တွေအလိုက် အောက်ပါအတိုင်း အဆောင်ပြုနိုင်ပါတယ်။ ဘယ်အထိ ဆောင်ထားရမလဲဆိုတော့ ကိုယ့်လိုအင်ဆန္ဒ ပြည့်ဝတဲ့ ကာလအထိ ဆောင်ထားသင့်ပြီး အောင်မြင်သွားရင်လည်း တားရော့ကို ကျေးဇူးတင်ဖို့ မမေ့အပ်ပါ။

(၁) ပြည်ပခရီး၊ နိုင်ငံခြားထွက်လိုတဲ့ကိစ္စများအတွက် The World တားရော့ကတ်


(၂) မိသားစု၊ အိမ်တွင်းရေးပြဿနာ ပြေလည်အေးချမ်းဖို့အတွက် Ten of Cups  တားရော့ကတ်


(၃) ဆီလို အပေါက်ရှာ ငွေအထွက်များခြင်းကို ကာကွယ်ဖို့အတွက် Temperance တားရော့ကတ်


(၄) ရောဂါ ရှာမရသူများ၊ အမြန် နာလန်ထူ ကျန်းမာလိုသူများအတွက် Strength တားရော့ကတ်


 (၅) လမ်းခရီး ဘေးကင်းစေလိုသူများ၊ ခရီးအောင်မြင်လိုသူများအတွက် Ace of Cups ကတ်


ဖော်ပြပါ တားရော့အဆောင်တွေကို မိမိတို့ လိုရာကိစ္စရပ်တွေပေါ် မူတည်ပြီး အောင်မြင်ပြီးမြောက်တဲ့အထိ အမြဲ ဆောင်ထားခြင်း၊ ကတ်ကို စာရွက်ထုတ် ဖယောင်းတိုင်မှာ ပတ်ပြီး မီးထွန်းခြင်းဖြင့် အစီအရင် လုပ်နိုင်ပါတယ်။ နောက်ပိုင်းမှာလည်း တားရော့အဆောင်တွေအကြောင်းကို လိုတရပရိတ်သတ်များအတွက် အလျဉ်းသင့်သလို ဆက်လက်ဖော်ပြပေးသွားပါဦးမယ်။

တားရော့အစီအရင်နဲ့ လိုရာဆန္ဒ ပြည့်ဝအောင်မြင်ကြပါစေ

ဧက (ဗေဒင်သုတ)

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope




Some text some message..