ရောက်ဆဲအသက်နှင့် စုတ်၊ လာဘ်တွက်နည်း
lotaya.mpt.com.mm
|
2022-08-24

တွက်ရချက်ရ လွယ်ကူသလို အထိုက်အလျောက် မှန်ကန်မှုလည်း ရှိတဲ့ မြန်မာ့ဗေဒင်ကိန်းခန်းလေးတစ်ခုကို ဗေဒင်ဗဟုသုတအနေနဲ့ ဖော်ပြချင်ပါတယ်။

ဒီဗေဒင်တွက်နည်းလေးကို ရှေးပညာရှင်တွေက စုတ်လာဘ်တွက်နည်း (တနည်း) ရောက်ဆဲအသက်အလိုက် ဘာစုတ်ရသလဲ အဖြေရှာတဲ့နည်းအဖြစ် မှတ်တမ်းတင်ခဲ့ကြပါတယ်။

လက်တွေ့မှာလည်း တိုက်ဆိုင်မှန်ကန်တာတွေ ရှိနေလို့ ကိုယ်တိုင် တွက်ကြည့်ရအောင်ပါ။ တွက်နည်းလေးက လွယ်ပါတယ်။ ကိုယ့်ရဲ့ရောက်ဆဲအသက်ကို တည် ၊ (၉) နဲ့ စားပြီး ရလာတဲ့အကြွင်းအလိုက် ဟောကိန်းတွေကို ဖတ်ကြည့်ရုံပါပဲ။

ရောက်ဆဲအသက်ဆိုတာ ဥပမာ ကိုယ်က (၁၀.၈.၁၉၈၄) မှာ မွေးဖွားခဲ့တယ်ဆိုရင် အခု ၁၀.၈.၂၀၂၂ ကနေ နုတ်လိုက်ရင် ၃၈ နှစ် ပြည့်မှာပါ။ ၃၈ နှစ် ပြည့်လို့ တစ်ရက်ကျော်တာနဲ့ ၃၉ နှစ်ထဲကို ရောက်တော့မှာဖြစ်လို့ ရောက်ဆဲအသက်ဟာ ၃၉ နှစ် ဖြစ်ပါတယ်။ ဒီအချက်ကိုတော့ မမှားအောင် သတိပြုပေးပါ။

အကြွင်းအလိုက် တစ်နှစ်တာအဟောများ

(၁) ကြွင်း ရာဇစုတ် - အကြီးအကဲတွေက ကူညီမစမယ်။ အစိုးရပိုင်းတွေ၊ သြဇာအာဏာကြီးသူတွေဆီကလည်း ကူညီပံ့ပိုးမှုတွေ ရတတ်တယ်။ အစိုးရနဲ့ ဆက်စပ်တဲ့ လုပ်ငန်းဆောင်တာတွေ ဖြစ်ထွန်း အောင်မြင်တတ်တယ်။

(၂) ကြွင်း ဓနစုတ် - ငွေရေးကြေးရေးမှာ ကံကောင်းမယ်။ ပစ္စည်းဥစ္စာတွေ ဝင်လာတတ်တယ်။ ဓနစုတ် ရတဲ့နှစ် ဖြစ်လို့ စီးပွားရှာလို့ အဆင်ပြေမယ်။ ဘယ်လောက်ပဲ အခက်အခဲ ရှိပါစေ၊ ကိုယ့်အတွက် ထွက်ပေါက် ရှိနေမယ်။

(၃) ကြွင်း သီလစုတ် - နာမည်ဂုဏ်သတင်း ကျော်ကြားမယ်။ ဒီနေ့ခေတ်ကာလမှာ နာမည်ကျော်ကြားချင်မှုကိုမှ လိုချင်သူတွေ ဆန္ဒပြည့်ဝမယ်။ ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုကို လူတွေ အသိအမှတ်ပြုမယ်။ လူသိများလာမယ်။

(၄) ကြွင်း ကမ္မစုတ် - လုပ်စရာကိုင်စရာတွေ၊ တာဝန်ဝတ္တရားတွေ များပြားလာမယ်။ အကြောင်းကိစ္စပေါင်းစုံနဲ့ အချိန်ကုန်လူပန်း ဖြစ်ရတတ်တယ်။ လုပ်စရာတွေက တစ်ခုပြီးတစ်ခု ပေါ်လာမယ်။ အမှုကိစ္စ များမြောင်မယ်။

(၅) ကြွင်း ဆတ္တစုတ် - ကျောထောက်နောက်ခံ အမှီကောင်းတွေ ရလာမယ်။ နောက်ကနေ ကူညီပံ့ပိုးသူတွေပါ ရရှိမယ်။ အိုးအိမ်မြေနေရာကိစ္စတွေ အောင်မြင်မယ်။ အိမ်၊ ခြံမြေ ဝင်တတ်တယ်။ အိမ်မြေ အဝင်ကောင်းမယ်။

(၆) ကြွင်း ယာယီစုတ် - အိမ်ရာ အတည်မကျ ဖြစ်တတ်တယ်။ ဟိုပြောင်းဒီရွှေ့ကိစ္စတွေ များလာတတ်တယ်။ တစ်နေရာတည်း အတည်မကျဘဲ ဖြစ်နေမယ်။ ခရီးတွေ များတတ်တယ်။ ကျန်းမာရေး အားနည်းချူချာမယ်။

(၇) ကြွင်း မရဏစုတ် - သူတပါးပယောဂကြောင့် ဒုက္ခ ရောက်ရတတ်တယ်။ သေချင်စော်နံအောင် စိတ်ညစ်ရ ပူပန်ရတတ်တယ်။ သူများချောက်တွန်းလို့လည်း နစ်မွန်းရတတ်တယ်။ အစစအရာရာမှာ သတိထားသင့်တယ်။

(၈) ကြွင်း ဇေယျစုတ် - ကြံစည်အားထုတ်သမျှ အောင်မြင်ကိန်း ရှိတယ်။ ကိုယ့်ဘက်က အားစိုက်မှုလေးတွေ နည်းနည်း ထည့်ပေးရုံနဲ့ တော်ရုံတန်ရုံကိစ္စတွေ လွယ်ကူအောင်မြင်လိမ့်မယ်။ ကံတရားက ပံ့ပိုးကူညီလာမယ်။

(ဝ) ကြွင်း ဒုက္ခစုတ် - ဘေးအန္တရာယ် သင့်တတ်တယ်။ အခက်အခဲတွေ ဘက်ပေါင်းစုံက ပေါ်ပေါက်လာမယ်။ မကျန်းမမာ ဖြစ်တတ်တယ်။ ဒုက္ခပါပဲလို့ ခဏခဏ ညည်းယူရလိမ့်မယ်။ ဒါပေမယ့် ဖြတ်ကျော်သွားနိုင်ပါမယ်။

မှတ်ချက် - ဒီအဟောတွေဟာ ယေဘုယျဆန်ပြီး တစ်ဦးတစ်ယောက်ချင်းရဲ့မူလဇာတာတွေနဲ့ စစ်ဆေးတာမျိုး မဟုတ်တဲ့အတွက် ဖြစ်ကို ဖြစ်ရမယ်လို့ ယတိပြတ် မမှတ်ယူသင့်ဘဲ ကိုယ့်ရောက်ဆဲအသက်အလိုက် သတိပြု ဆင်ခြင်စရာတွေကို ကြိုသိထားနိုင်ဖို့သာ ရည်ရွယ်ပါတယ်။

ရောက်ဆဲအသက်တိုင်းမှာ ဘေးကင်းချမ်းသာကြပါစေ

ဧက (ဗေဒင်သုတ)

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope




Some text some message..