လိုအင်ပြည့်၀ သီတင်းကျွတ်အခါသမယ အစီအရင်
lotaya.mpt.com.mm
|
2022-10-05

လာမည့် မြန်မာကောဇာသက္ကရာဇ် ၁၃၈၄ ခုနှစ်သီတင်းကျွတ်လပြည့်သည် အင်္ဂလိပ်လို အောက်တိုဘာ ၉ ရက်၊ တနင်္ဂနွေနေ့နှင့် တိုက်ဆိုင်သည်။ လပြည့်တိထီနှင့် တနင်္ဂနွေနေ့တို့ ဆုံနေသော အချိန်အခါကောင်း ဖြစ်သည်။

ဗုဒ္ဓဘာသာဝင်တို့အတွက် နေ့ထူးနေ့မြတ်ကြီး ဖြစ်သော သီတင်းကျွတ်လပြည့်အခါသမယတွင် ကောင်းမှုတရား ပွားများရင်း လိုအင်ပြည့်ဝ၍ ကောင်းကျိုး ဖြစ်ထွန်းစေမည့် အစီအရင်တစ်ခုကို ဖော်ပြပေးလိုက်ပါသည်။

သီတင်းကျွတ်လပြည့် ၊ တနင်္ဂနွေနေ့ မနက်ခင်း နေစထွက်ချိန် မနက် ၆ နာရီဝန်းကျင်တွင် မိမိ အိမ်ကဘုရား၌ နေ့နံအလိုက် အောက်ဖော်ပြပါအတိုင်း ကပ်လှူပေးရပါမည်။

အိမ်တွင် ရှိနေသော မိသားစုဝင်များအားလုံး၏ နေ့နံများအလိုက် အတူတကွ စုပေါင်း၍လည်း ကပ်လှူနိုင်သည်။ အိမ်ထောင်ဦးစီး၏ နေ့နံကို အဓိကထား၍ လှူဒါန်းရပါမည်။

တနင်္ဂနွေနေ့ဖွား - ပန်းကန်ပြားထဲ အခွံနွှာပြီး ငှက်ပျောသီး ၁၀ လုံး ထည့်၊ သကြားဖြူးပြီး ဆွမ်းကပ်ပါ။

တနင်္လာနေ့ဖွား - ပန်းကန်လုံး ၃ လုံးထဲ ဆီးသီးတွေ အပြည့် ထည့်ပြီး ဘုရားမှာ ကပ်လှူပါ။

အင်္ဂါနေ့ဖွား - ပန်းကန်ပြားကြီးထဲမှာ လက်ဖက်အသား ၅ ပုံ ပုံပြီး ဘုရားမှာ ကပ်လှူပေးပါ။

ဗုဒ္ဓဟူးနေ့ဖွား - ပန်းကန်ပြား ၃ ချပ်ထဲမှာ ပဲပြုတ် ပူပူနွေးနွေးလေး ထည့်ပြီး ဘုရားမှာ ကပ်ပါ။

ကြာသပတေးနေ့ဖွား - ဘုရားမှာ သရက်သီး ၆ စိတ် ကပ်လှူပေးပါ။

သောကြာနေ့ဖွား - နွားနို့ကို ဖန်ခွက်ကြီး ၄ ခွက်နဲ့ ထည့်ပြီး ဘုရားမှာ ကပ်လှူပေးပါ။

စနေနေ့ဖွား - ပန်းကန်ပြားလေး ၈ ချပ်ထဲမှာ အုန်းသီးခြစ်လေးတွေ ထည့်ပြီး ဘုရားမှာ ကပ်လှူပါ။

နေ့သားသမီးအလိုက် လှူဖွယ်များ ကပ်လှူပြီးနောက်တွင် ဘုရားကန်တော့၊ မေတ္တာပို့ အမျှဝေ၍ ဆုတောင်းပါ။

ထို့နောက် အရှေ့စူးစူးအရပ်သို့ မျက်နှာမူပြီး အောက်ဖော်ပြပါ ဂါထာတော်ကို မိမိ တတ်အားသရွေ့ အာရုံစိုက် ရွတ်ဖတ်ပူဇော်ပေးပါ။ (၁၀၈) လုံး ပုတီးတစ်ပတ် ပူဇော်နိုင်ပါက အကောင်းဆုံး ဖြစ်သည်။

ရသေ့ကြီးဦးခန္တီ၏ လိုအင်ပြည့်ဝစေသော လက်စွဲဂါထာတော်

အရဟံ ဗဟိ အန္တဇယံ သုဂတံ၊

အမိတံ ဝိရဇံ လလိတံ အတုလံ

စရဏံ တိဘဝူပသမံ ယမကံ၊

သုခဒံ သရဏံ ပဏမာမိ ဇိနံ။

အနက်အဓိပ္ပါယ်မှာ …

(ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရားကို ရှိခိုးပါ၏။ အတွင်း-အပ ရန်ကိုအောင် တော်မူသော မြတ်စွာဘုရားကို ရှိခိုးပါ၏။ ကောင်းသောစကားကို ဟောပြောတတ်သော မြတ်စွာဘုရားကို ရှိခိုးပါ၏။ မနှိုင်းယှဉ်နိုင်သည့် တန်ခိုးပြာဋိဟာရှိသော မြတ်စွာဘုရားကို ရှိခိုးပါ၏။ ကိလေသာမြူ ကင်းတော်မူသော မြတ် စွာဘုရားကို ရှိခိုးပါ၏။ တင့်တယ် သပ္ပါယ်တော်မူသော မြတ်စွာဘုရားကို ရှိခိုးပါ၏။ အတုမရှိသော မြတ်စွာဘုရားကို ရှိခိုးပါ၏။ အကျင့်စရဏနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို ရှိခိုးပါ၏။ ဘုံသုံးပါး၌ ကိလေသာငြိမ်းအေးသော မြတ်စွာဘုရားကို ရှိခိုးပါ၏။ ရေမီး အစုံအစုံ တန်ခိုးပြာဋိဟာနှင့် ပြည့်စုံသော မြတ်စွာဘုရားကို ရှိခိုးပါ၏။ ချမ်းသာကို ပေးစွမ်းနိုင်သော မြတ်စွာ ဘုရားကို ရှိခိုးပါ၏။ ကိုးကွယ်အားထားရာ ဖြစ်သော မြတ်စွာဘုရားကို ရှိခိုးပါ၏။ မာရ်ငါးပါးကိုအောင်မြင်သော မြတ်စွာ ဘုရားကို ရှိခိုးပါ၏။)

ယခု ဖော်ပြသော လပြည့်နေ့ ကုသိုလ်ပြု အစီအရင်နှင့် ရွတ်ဖတ်အားထုတ်ရသော ဂါထာတော်သည် ဓနဥစ္စာ၊ စီးပွားလာဘ်လာဘကို ဦးစားပေးသော အစီအရင်နှင့် ဂါထာတော် ဖြစ်သောကြောင့် မိမိတို့ ဘုန်းကံအလျောက် အလုပ်အကိုင် အဆင်ပြေခြင်း၊ စီးပွားဥစ္စာ တိုးတက်ခြင်းတို့ကို့ ဆုတောင်းနိုင်ပါသည်။

မိမိ ကောင်းမှု အကြောင်းပြု၍ စီးပွားဥစ္စာ ဖြစ်ထွန်းနိုင်ကြပါစေ

ဧက (ဗေဒင်သုတ)

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope




Some text some message..