နှစ်ဟောင်းအကုန်၊ နှစ်သစ်အကူးမှာ ကံထူးနိုင်တဲ့ ရာသီခွင်များ
lotaya.mpt.com.mm
|
2022-11-23

ကောင်းကျိုးချမ်းသာအမျိုးမျိုးကို ပေးစွမ်းနိုင်တဲ့ ကောဇာကြာသပတေးဂြိုဟ်ကြီးဟာ ၄ လနီးပါးကြာ အသွားမမှန် ဖြစ်ခဲ့ရာက အခု နိုဝင်ဘာလနှောင်းပိုင်းမှာ  ပုံမှန်အတိုင်း ပြန်သွားတော့မှာ ဖြစ်ပါတယ်။

အနောက်တိုင်းနက္ခတ်ဗေဒင်စနစ်အရဆိုရင် ကြာသပတေးဂြိုဟ်ဟာ ဒီဇင်ဘာ ၂၀ မှာ မိဿရာသီထဲ ပြန်ဝင်ပြီး ၂၀၂၃ ၊ မေလလယ်လောက်ထိ မိဿရာသီမှာပဲ ဆက်လက် တည်ရှိနေမှာ ဖြစ်လို့ ဖော်ပြပါ ငါးလတာအတွင်း ဘယ်ရာသီခွင်တွေက ငွေကြေးကံဇာတာ ထူးခြားပွင့်လန်းလာမလဲဆိုတာ ကြည့်ရအောင်ပါ။

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ - မတ် ၂၀)

မူလအိမ်ရှင်ဂြိုဟ်လည်း ဖြစ်သလို ချမ်းသာကြွယ်ဝမှုကိုလည်း ဖန်တီးပေးတဲ့ ကြာသပတေးဂြိုဟ်အစီးအနင်းအရ မိန်ရာသီဖွားတွေဟာ ဖော်ပြပါ ငါးလနီးပါးအတွင်းမှာ ငွေကြေးကံဇာတာတွေ တိုးတက်ပွင့်လန်းလာ ဖို့ရှိပါတယ်။ လုပ်ခလစာ တိုးတာမျိုးအပြင် တခြားရလမ်းတွေလည်း ပေါ်လာတတ်လို့ ကံစမ်းတာတွေ လုပ်ပေးသင့်ပါတယ်။

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ - ဒီဇင်ဘာ ၂၁)

ဓနုရာသီဖွားတွေအဖို့ ကြာသပတေးဟာ အိမ်ရှင်ဂြိုဟ် ဖြစ်သလို စည်းစိမ်ချမ်းသာကို ရည်ညွှန်းတဲ့ဂြိုဟ်လည်း ဖြစ်နေတဲ့အတွက် ဖော်ပြပါငါးလနီးပါးအတွင်း ကံစမ်းဉာဏ်စမ်းကိစ္စတွေကနေ ပွပေါက်တိုးကိန်း ရှိနေပါတယ်။ အလွန်အကျွံ မကစားဖို့နဲ့ လက်လွယ် အသုံးကြမ်းမိတတ်တာတွေကိုတော့ မိမိဖာသာ ထိန်းချုပ်ရပါလိမ့်မယ်။

မေထုန်ရာသီဖွား (မေ ၂၁ - ဇွန် ၂၀)

ကောဇာကြာသပတေးဂြိုဟ် ရပ်တည်ပုံအရ မေထုန်ရာသီဖွားတွေဟာ ဖော်ပြပါငါးလနီးပါးအတွင်း လုပ်ငန်းက အကျိုးအမြတ်ခံစားခွင့်တွေ ပိုရလာတတ်ပါတယ်။ ဝင်ငွေလမ်းဖြောင့်ပြီး လူမှုအဆက်အသွယ်တွေကတစ်ဆင့် ရပေါက်ရလမ်းအသစ်တွေ ပေါ်လာတတ်ပါတယ်။ ငွေကြေးကံကောင်းချိန် ဖြစ်လို့ ကံစမ်းကြည့်သင့်ပါတယ်။

မိဿရာသီဖွား (မတ် ၂၁ - ဧပြီ ၁၉)

မိဿရာသီဖွားတွေကတော့ ဖော်ပြပါငါးလအတွင်းမှာ ငွေကြေးကံကောင်းတာထက် မိမိဘဝအခြေအနေတွေက အဘက်ဘက်ကနေ တိုးတက်ပြည့်စုံမှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ကြိုးစားထားတာတွေလည်း အောင်မြင်မယ့် လမ်းစ ပေါ်လာတတ်ပါတယ်။ ကံတရားရဲ့မျက်နှာသာပေးချိန်ကို ရောက်လာလို့ အသုံးချတတ်ဖို့သာ လိုပါမယ်။

ကရကဋ်ရာသီဖွား (ဇွန် ၂၁ - ဇူလိုင် ၂၂)

ပြီးခဲ့တဲ့လပိုင်းတွေက လုပ်ငန်းစီးပွားအခြေအနေ မတည်မငြိမ် ဖြစ်ခဲ့တဲ့ ကရကဋ်ရာသီဖွားတွေဟာ အခြေအနေ ပြန်တည်ငြိမ်မှု ရလာပြီး ဖော်ပြပါငါးလနီးပါးအတွင်း လုပ်ငန်း တိုးတက်ဖြစ်ထွန်းမှုတွေကို မြင်တွေ့ရပါလိမ့်မယ်။ လုပ်ငန်းကနေ အမြတ်အစွန်းတွေ ပေါ်လာတာ၊ ငွေကြေးအရ ခံစားခွင့် တိုးလာတာတွေလည်း ကြုံရနိုင်ပါတယ်။

ဒါကတော့ ကြာသပတေးဂြိုဟ်အစီးအနင်းအရ ဒီနှစ်၂၀၂၂ ၊ ဒီဇင်ဘာ ၂၀ ကနေ ရှေ့နှစ် ၂၀၂၃ ၊ မေလ ၁၆ ရက်နေ့အထိ (ငါးလနီးပါးအတွင်း) ကံကောင်း၊ ကံထူးနိုင်တဲ့ ရာသီခွင်တွေအကြောင်းပဲ ဖြစ်ပါတယ်။

အားလုံး ကံကောင်းကြပါစေလို့ ဆန္ဒပြုပါတယ်

ဧက (ဗေဒင်သုတ)

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope




Some text some message..