
တနင်္ဂနွေ - ဘာတွေပဲ စီစဉ်ထားပါစေ၊ ဒီနေ့မှာ စီစဉ်သလို ဖြစ်မလာဘဲ ကြံဖန်လုပ်လိုက်ရတာ များနေမယ်။ တစ်နေ့လုံးမှာ ဟိုသွားဒီလာနဲ့ ဂဏှာ မငြိမ် ဖြစ်ရတတ်တယ်။ ခရီးတွေလည်း ပေါ်လာတတ်တယ်။ တစ်နေ့တာ အလုပ်တွေကတော့ အတော်အသင့် အဆင်ပြေတာ များမယ်။ မထင်မှတ်ဘဲ ပွပေါက်တိုး ကံကောင်းတာမျိုးပါ ကြုံရတတ်တယ်။ ငွေဝင်ရင် များများဝင်လာနိုင်တယ်။ အချစ်ရေး၊အိမ်ထောင်ရေးကတော့ အဖုအထစ် ဖြစ်မယ်။ ဒီနေ့ နေ့လယ် ၁၂ နဲ့ ၁၂ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ကောက်ညှင်းပေါင်းနဲ့ ကော်ဖီ လှူပါ။
သင့်
တနင်္လာ - ကံကောင်းတတ်တဲ့နေ့ ဖြစ်ပြီး ကြံစည်လုပ်ကိုင်သမျှတွေက လမ်းကြောင်းသင့် အောင်မြင်တာချည်း ဖြစ်နေလိမ့်မယ်။ စိတ်ကူးကောင်း၊ အကြံကောင်းတွေလည်း ပေါ်ထွက်လာတတ်တယ်။ ခရီးသွားလာရေးတွေ စီစဉ်ရင် အထမြောက်မယ်။ ပျော်ရွှင်စရာကိစ္စတွေထဲ ပါဝင်ပတ်သက်ရတတ်တယ်။ အလုပ်အကိုင်၊ ငွေကြေးကံ နည်းနည်း ညံ့တတ်ပေမယ့် အဆင်ပြေစွာနဲ့ပဲ ဖြတ်ကျော်နိုင်မယ်။ ငွေကြေးကိစ္စမှာ လူလိမ်လူညာတွေကိုတော့ သတိထားရလိမ့်မယ်။ မေတ္တာရေးမှာ အညံ့ ရှိနေတယ်။ အချင်းချင်း နားလည်မှု လွဲတာတွေ ဖြစ်လာနိုင်တယ်။ ဒီနေ့ ညနေ ၄ ခွဲနဲ့ ၅ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ သီးစုံဖျော်ရည် ကပ်လှူပြီး ဆုတောင်းပေးပါ။
ကောင်း
အင်္ဂါ - အလုပ်အကိုင်၊ စီးပွားရေးမှာ စိတ်သောက များရတာ၊ လုပ်ရကိုင်ရ ကျပ်တာတွေ ကြုံလာရနိုင်တယ်။ တစ်နေ့တာအတွင်း ကိုယ်ရောစိတ်ပါ မလန်းဘဲ လုပ်နေတာတွေကလည်း အလွဲလွဲအချော်ချော် ဖြစ်နေမယ်။ စိတ်ထဲ မွန်းကြပ်ပိတ်လှောင်သလိုလည်း ခံစားရတတ်တယ်။ ငွေကြေးအတွက် စကားများရတာမျိုး ဖြစ်မယ်။ မိတ်ဆွေတွေဆီက အကူအညီ ယူမှ အဆင်ပြေနိုင်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေး ရှုပ်ထွေးမှု ဖြစ်နေမယ်။ ဒီနေ့ မနက် ၁၁ နဲ့ ၁၁ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ စာကလေးတွေကို ဆန်ကွဲ ၃ ဆုပ် ကြဲပြီး ကျွေးပေးပါ။
ညံ့
MPT IPTV သို့သွားရန်နှိပ်ပါ
ဗုဒ္ဓဟူး - ဒီနေ့မှာ ကိုယ့်အကျိုးစီးပွားထက် သူများကိစ္စတွေကြောင့် အချိန်ကုန်ရတတ်တယ်။ နေရင်းထိုင်ရင်းနဲ့ သူတပါးအရေးထဲ ကြားဝင်ပါမိတတ်တယ်။ သူများအကျိုးဆောင်လို့ ကိုယ့်မှာပါ ဒုက္ခများရတတ်တယ်။ အနေ မတတ်ရင် ဓားခုတ်ရာ လက်ဝင်လျှိုမိသလို ဖြစ်မယ်။ အလုပ်တွေ အတော်အသင့် ကောင်းပေမယ့် ကိုယ်တိုင်က အခမဲ့ အကျိုးဆောင်တာ များနေလို့ အလုပ်မဖြစ်ဘဲ ရှိမယ်။ မေတ္တာရေးကံလေးတော့ ကောင်းမွန်လိမ့်မယ်။ ဒီနေ့ ညနေ ၃ နဲ့ ၃ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ခေါက်ဆွဲကြော် ကပ်လှူပြီး ဆုတောင်းပေးပါ။
သင့်
ရာဟု - မမျှော်လင့်တဲ့အကူအညီ (သို့) အံ့အားသင့်ရတဲ့ပျော်ရွှင်စရာကိစ္စ ပေါ်ပေါက်လာနိုင်တယ်။ ကိုယ်တိုင် အခြေအနေမကောင်းဘူး ထင်ထားတဲ့ကိစ္စတွေက တကယ်တမ်းမှာ မျှော်လင့်တာထက် ကောင်းနေတတ်တယ်။ အလုပ်ကိစ္စမှာ ကိုယ့်အရည်အချင်းအစွမ်းအစကို ပြသနိုင်မယ်။ ငွေရင်းထည့်တာ၊ကစားတာတွေ လုပ်နိုင်တယ်။ အလုပ်စီးပွားမှာ အခွင့်အလမ်းသစ်တွေလည်း ရတတ်တယ်။ မေတ္တာရေးမှာလည်း စိတ်ချမ်းသာစရာ ဖြစ်မယ်။ ဒီနေ့ နေ့ခင်း ၁ နဲ့ ၁ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ အိမ်ခြေရာမဲ့တစ်ဦးကို စားစရာ ပေးပြီး ယတြာ လုပ်ပါ။
ကောင်း
ကြာသပတေး - ကြံစည်သလောက် မဖြစ်လာပေမယ့် ကြိုးစားသလောက်တော့ အဆင်ပြေမယ့်နေ့ ဖြစ်တယ်။ အလုပ်တွေ ကောင်းပြီး နေရာအပေး ခံရမယ်။ မျက်နှာသာရမယ်။ အကျိုးတူစီးပွားတွေ၊ စပ်တူရှယ်ယာတွေမှာ ကံကောင်းတတ်တယ်။ အလုပ်သစ် လျှောက်တာ၊ လုပ်ငန်းသစ် တိုးချဲ့တာတွေလည်း ကြိုးစားကြည့်နိုင်တယ်။ ငွေကြေးပိုင်းမှာ စိတ်ပူရတတ်ပေမယ့် ကံတော့ ပွင့်နေမယ်။ လုပ်ငန်းခွင်မှာ ဦးစားပေးခံရတာတွေ ဖြစ်လာမယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ စိတ်မချမ်းမသာ ဖြစ်တတ်တယ်။ မိသားစုအရေးကို အလေးထားနေရလိမ့်မယ်။ ဒီနေ့ မနက် ၁၀ နဲ့ ၁၀ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ သကြားဖြူးဆွမ်း ကပ်လှူပြီး ယတြာပြုပါ။
သင့်
သောကြာ - ဒီနေ့မှာ အစစအရာရာ လွယ်ကူဖြောင့်ဖြူးနေတတ်တယ်။ ကိုယ့်ပြောစကားလည်း အောင်မြင်ပြီး အခွင့်ထူး ခံရသလို ဖြစ်လာမယ်။ ဒါပေမယ့် အစိုးရကိစ္စ၊ အာဏာပိုင်ကိစ္စတွေမှာ ကိုယ့်နဲ့ သဟဇာတ သိပ်ပြီး မဖြစ်လို့ သတိထား လုပ်ရမယ်။ ဥပဒေပြင်ပကိစ္စတွေ လုံး၀ ရှောင်ရမယ်။ အလုပ်တွေ သိပ်မကောင်းတတ်လို့ ဒီနေ့မှာ ထိန်းလုပ်သင့်တယ်။ ငွေကြေးကိစ္စမှာ စိတ်ပျက်ရတတ်တယ်။ မေတ္တာရေးကံ အားနည်းတတ်တယ်။ ဒီနေ့ နေ့ခင်း ၂ နဲ့ ၃ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ သပြေ ၆ ညွှန့် ကပ်လှူပြီး ဆုတောင်းပေးပါ။
သင့်
စနေ - ဒီနေ့ကတော့ စိတ်သွားတိုင်း ကိုယ်မပါနိုင်ဘဲ အခက်အခဲတွေနဲ့ လုံးပန်းရမယ့်နေ့ ဖြစ်တယ်။ ကံဇာတာ အကျိုးပေးနည်းလို့ ကိုယ်လုပ်သမျှလည်း သဲထဲရေသွန်သလို ဖြစ်ရတတ်တယ်။ ခေါင်းခဲစရာပြဿနာတွေက ကိုယ့်ပေါ် ပုံကျလာတတ်တယ်။ ခိုက်ရန်တွေ၊ ပဋိပက္ခတွေ၊ အမှုအခင်းတွေနဲ့ ခပ်ဝေးဝေးနေနိုင်မှ ကောင်းမယ်။ အလုပ်တွေကလည်း စိတ်တိုင်းကျစရာ မရှိဘဲ ဝေ့လည်နေမယ်။ ငွေရစရာ၊ ပေးစရာတွေအတွက် စကားများ ငြင်းခုံရတတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ ရည်ရွယ်တာနဲ့ လွဲပြီးမှ နောက်ပိုင်း အဆင်ပြေတတ်တယ်။ ဒီနေ့ မနက် ၈ နဲ့ ၉ ကြား ကံကောင်းချိန် ဖြစ်တယ်။ အိမ်ထဲက ထီးစုတ်၊ ဖိနပ်စုတ်တွေကို စွန့်ထုတ်ပစ်လိုက်ပါ။
ညံ့
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_horoscope