၂၀၂၃ ခုနှစ်အတွက် မွေးရက်အလိုက် ဂဏန်းဗေဒင်
lotaya.mpt.com.mm
|
2022-12-07

၂၀၂၃ ခုနှစ်ဟာ ဂဏန်းဗေဒင်အရ ကိတ်ဂြိုဟ် (တနည်းအားဖြင့်) နက်ပကျွန်းဂြိုဟ် လွှမ်းမိုးတဲ့နှစ် ဖြစ်ပါတယ်။ နှစ်သစ် ၂၀၂၃ ခုနှစ်မှာ မိမိရဲ့ အင်္ဂလိပ်လို မွေးရက်ဂဏန်းအလိုက် ဘာတွေ ဘယ်လို ဖြစ်ပျက်လာနိုင်သလဲ ဆိုတဲ့ တစ်နှစ်စာ ကံကြမ္မာဟောကိန်းကို ဦးဦးဖျားဖျား တင်ပြလိုက်ရပါတယ်။

တစ်ဂဏန်းသမား (၁ ၊ ၁၀ ၊ ၁၉ ၊ ၂၈ ရက်မှာ မွေးဖွားသူများ)

စိန်ခေါ်မှုတွေ၊ စိတ်ရှုပ်ထွေးမှုတွေနဲ့ ပြည့်နှက်လာမယ်။ အလုပ်တွေ အရမ်း များလာပြီး စိတ်ဖိစီးမှု တိုးလာမယ်။ လုပ်ငန်းသစ် စလို့ မသင့်သေးဘဲ ရှိတာလေးနဲ့ ထိန်းထားရမယ်။ ငွေကြေးလိုအင်ဆန္ဒတွေတော့ ပြည့်ဝတတ်ပြီး ပင်ပန်းသလောက် အကျိုးခံစားခွင့် ရမယ်။ မေတ္တာရေးရာ ရည်မှန်းချက်တွေကို အကောင်အထည် ဖော်နိုင်မယ်။ ကျန်းမာရေး အကောင်းအဆိုး ယှဉ်နေတယ်။ အစားအသောက် ဆင်ခြင်ရမယ်။ စိတ်ရှုပ်မယ့်နှစ်လို့ ဆိုနိုင်တယ်။

နှစ်ဂဏန်းသမား (၂ ၊ ၁၁ ၊ ၂၀ ၊ ၂၉ ရက်မှာ မွေးဖွားသူများ)

လုပ်ငန်းစီးပွားမှာ အခွင့်အလမ်းသစ်တွေ ပေါ်လာမယ်။ အလုပ်သစ် စတင်နိုင်မယ်။ အကျိုးအမြတ် ကောင်းမယ်၊ ခရီးကောင်းတွေ သွားရကိန်း မြင်တယ်။ ခံစားချက်နောက် မလိုက်ဘဲ လက်တွေ့သာ လုပ်ပါ။ အောင်မြင်မယ်။ ငွေဝင်ပေမယ့် အကုန်အကျ အရမ်း များမယ်။ စုမိဆောင်းမိဖို့ လိုမယ်။ ငွေပြန်ရင်းတတ်ရင် အမြတ် ပိုကျန်မယ်။ မေတ္တာရေးမှာ အတက်အကျတွေ ရှိမယ်။ ခံစားမှုကို ရှေ့တန်းတင်မိမယ်။ ကျန်းမာရေးပိုင်း ကောင်းမွန်ပါမယ်။

သုံးဂဏန်းသမား (၃ ၊ ၁၂ ၊ ၂၁ ၊ ၃၀ ရက်မှာ မွေးဖွားသူများ)

အတတ်ပညာ၊ အရည်အချင်းကို အသုံးချရမယ့်နှစ် ဖြစ်တယ်။ လုပ်ငန်းကို မွမ်းမံတာ၊ ပြင်ဆင်ပြောင်းလဲတာမျိုး လုပ်ရင် ပိုကောင်းမယ်။ အကျိုးတူကိစ္စတွေ ပေါ်ရင် လက်တွဲပါ။ အောင်မြင်မယ်။ ရာထူးတိုးတာ၊ နေရာကောင်း ရတာမျိုး ဖြစ်မယ်။ အပြောင်းအလဲကောင်းတွေ ပေါ်မယ်။ ငွေကြေး ကံကောင်းပေမယ့် အသုံးအစွဲ ထိန်းရမယ်။ မေတ္တာရေးမှာ အကောင်းဘက် ဦးတည်မယ်။ ပျိုရွယ်သူတွေ စွံမယ်။ ကျန်းမာရေးတော့ သတိထားရလိမ့်မယ်။

လေးဂဏန်းသမား (၄ ၊ ၁၃ ၊ ၂၂ ၊ ၃၁ ရက်မှာ မွေးဖွားသူများ)

စိတ်ရှုပ်စရာတွေ၊ အာရုံနောက်စရာတွေ များလာမယ့်နှစ် ဖြစ်တယ်။ အလုပ်ကံဇာတာ မညံ့ပေမယ့် လူလိမ်တွေ နဲ့ ဆုံတတ်လို့ လူယုံမလွယ်ဖို့ သတိပြုပါ။ လုပ်ငန်းသစ်နယ်ပယ်သစ်တွေတော့ ပေါ်လာဖို့ ရှိတယ်။ သတိထားပြီး ကြိုဆိုရမယ်။ ငွေကြေးပိုင်း အရှုပ်အရှင်းတွေ ဖြစ်တတ်ပေမယ့် ထီကံတော့ ရှိနေတယ်။ ပုံမှန် ကံစမ်းပေးရမယ်။ မေတ္တာရေးကံ အားနည်းလို့ နားလည်မှုတွေ ပိုလိုအပ်မယ်။ ကျန်းမာရေးကလည်း အတက်အကျ များလိမ့်မယ်။

ငါးဂဏန်းသမား (၅ ၊ ၁၄ ၊ ၂၃ ရက်မှာ မွေးဖွားသူများ)

ကံတရားက ပံ့ပိုးထားလို့ ဒီနှစ်မှာ လုပ်ငန်းစီးပွား တိုးတက်ကိန်း ရှိတယ်။ ကြိုးစားမှုတွေ အရာထင်လာလိမ့်မယ်။ အလုပ်သစ် စတင်ရင် အောင်မြင်မယ်။ ပြည်ပနဲ့ဆက်သွယ်လုပ်ကိုင်တာတွေ ထူးခြားမယ်။ ငွေရေးကြေးရေးကံ ပွင့်လန်းမယ်။ လိုချင်တာတွေ ဖြည့်ဆည်းနိုင်မယ်။ မထင်မှတ်တဲ့ အဆက်အသွယ်ကောင်းတွေ ရလာနိုင်တယ်။ မေတ္တာရေးမှာလည်း အချိုပေါ် သကာလောင်းသလို ဖြစ်မယ်။ ကျန်းမာရေးလည်း ခါတိုင်းထက် ပိုကောင်းမယ်။

ခြောက်ဂဏန်းသမား (၆ ၊ ၁၅ ၊ ၂၄ ရက်မှာ မွေးဖွားသူများ)

အတွေ့အကြုံသစ်၊ အခွင့်အရေးသစ်တွေ စတင် ဖြစ်တည်လာမယ့်နှစ်ပါ။ မျှော်လင့်မထားတဲ့ကံကောင်းခြင်းတွေ ရရှိတတ်တယ်။ ရာထူးတိုး၊ လစာတိုးတွေ ဖြစ်လာနိုင်တယ်။ ဒါပေမယ့် အလုပ်သစ် ပြောင်းရွှေ့တာ၊ လုပ်ငန်းကို ပြောင်းပစ်တာမျိုးတော့ ရှောင်ရမယ်။ ငွေကြေး ရလမ်းတွေ တိုးလာမယ်။ အပေးအယူ၊ အချေးအငှားတွေတော့ သတိပြုပါ။ မေတ္တာရေးမှာ လိုအင်ဆန္ဒ မပြည့်ဘဲ ဖြစ်မယ်။ ခံစားမှု ပြင်းထန်မယ်။ ကျန်းမာရေး ပုံမှန်ပဲ ဖြစ်မယ်။

ခုနှစ်ဂဏန်းသမား ( ၇ ၊ ၁၆ ၊ ၂၅ ရက်မှာ မွေးဖွားသူများ)

စိတ်ကူးအိပ်မက်တွေ ၊ မျှော်လင့်သမျှ အကောင်အထည် ပေါ်လာမယ့်နှစ် ဖြစ်တယ်။ လုပ်ငန်းစီးပွားကံဇာတာ တိုးတက်အောင်မြင်ဖို့ ရှိသလို နာမည်ရမယ့်၊ လူသိများမယ့်ကိစ္စတွေမှာလည်း ထင်ရှားကျော်ကြားတတ်တယ်။ နိုင်ငံရပ်ခြားကိစ္စတွေ အောင်မြင်မယ်။ ငွေကြေးအရလည်း အဆင်ပြေမယ်။ အိမ်ခြံမြေ (သို့) ရင်းနှီးမြှုပ်နှံမှုတွေ အကျိုးပေးမယ်။ မေတ္တာရေးမှာလည်း ကံတွေ ကောင်းလာမယ်။ ကျန်းမာရေးကတော့ ပုံမှန်ထက် ညံ့နိုင်တယ်။

ရှစ်ဂဏန်းသမား (၈ ၊ ၁၇ ၊ ၂၆ ရက်မှာ မွေးဖွားသူများ)

ကြိုးစားရုန်းကန်မှုတွေနဲ့ အတွေ့အကြုံသစ်တွေကို ဆောင်ယူလာမယ့်နှစ် ဖြစ်တယ်။ ဘယ်အရာမှ မလွယ်ပေမဲ့ လုပ်သလောက်တော့ ခံစားခွင့် ရမယ်။ အဆက်အသွယ်ကောင်းတွေနဲ့ ချိတ်မိလာမယ်။ ကြိုးစားမှုနဲ့အတူ ခံစား ရယူခွင့်တွေလည်း တိုးလာမယ်။ ဒါပေမယ့် အသုံးကြမ်းတာကိုတော့ သတိပြုရမယ်။ ငွေအလွှဲအပြောင်းတွေမှာ ဂရုပြုရမယ်။ မေတ္တာရေးကံ အားနည်းမယ်။ မိသားစုကို အချိန်ပေးရမယ်။ စိတ်ဖိစီးမှုတွေ များမယ့်နှစ် ဖြစ်တယ်။

ကိုးဂဏန်းသမား (၉ ၊ ၁၈ ၊ ၂၇ ရက်မှာ မွေးဖွားသူများ)

အခက်အခဲနဲ့အတူ အောင်မြင်မှုပါ ယှဉ်တွဲလာမယ့်နှစ် ဖြစ်တယ်။ ဘာမှ မချောင်မရတတ်လို့ ကိုယ်တိုင် ကြုးစား ရယူရမယ်။ အလုပ်မှာ ရုန်းကန်ရမယ်။ လုပ်ငန်း ရှင်သန်နိုင်အောင် မနည်းလုပ်ရလိမ့်မယ်။ ဒါပေမယ့် တဖက်မှာ အခွင့်အရေးတွေလည်း ရှိနေမယ်။ မျက်ခြေမပြတ် စောင့်ကြည့်ရမယ်။ ငွေကြေးနဲ့ ပတ်သက်လို့ အယုံမလွယ်ဖို့ သတိပြုပါ။ မေတ္တာရေးမှာ အခြေအနေကောင်းတွေ ဖြစ်ပေါ်လာမယ်။ ကျန်းမာရေးကတော့ အားနည်းနိုင်တယ်။

၂၀၂၃ နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

ဧက (ဗေဒင်သုတ)

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope




Some text some message..