၂၀၂၃ ခုနှစ် ဂဏန်းဗေဒင် ဟောကိန်း နှင့် ယတြာ
lotaya.mpt.com.mm
|
2023-01-11

ဒီနှစ် ၂၀၂၃ မှာ ဘာတွေ ဖြစ်မလဲ ဆိုတာ ဂဏန်းသင်္ချာဗေဒင်ပညာနဲ့ တွက်ဆအဖြေရှာကြည့်ရအောင်ပါ။ ဒီနှစ် ၂၀၂၃ ရဲ့ စိုးမိုးဂဏန်း (၇) နဲ့ သင့်ရဲ့မွေးရက် ၊ မွေးလတွေကို တစ်လုံးတည်း ကျန်အောင်ပေါင်းပါ။ ပြီးရင် ရတဲ့ ဂဏန်းအလိုက် အဟောတွေကို ဖတ်ကြည်ပါ။ ဥပမာ …

မေ ၂၈ မှာ မွေးဖွားတယ် ဆိုပါစို့ ။ မေလက ငါးလပိုင်း ဖြစ်လို့ (၅ + ၂၈ = ၃၃ = ၃ + ၃ = ၆) ဖြစ်မယ်။ ဒါကို ဒီနှစ် ၂၀၂၃ ရဲ့စိုးမိုးဂဏန်း (၇) နဲ့ ထပ်ပေါင်းမယ်။ (၆ + ၇ = ၁၃) ရမယ်။ ၁ + ၃ = ၄ ဂဏန်းရမယ်။ ဒါဆိုရင် (၄) ဂဏန်းအဟောကို ဖတ်ပြီး ယတြာပါ ချေလို့ ရပါပြီ။

(၁) ဂဏန်းအဟော

ဒီနှစ်မှာ နေရာသစ်၊ ဝန်းကျင်သစ်နဲ့ ထိတွေ့ရမယ်။ မလုပ်ဖူးတာတွေ၊ မဖြစ်ဖူးတာတွေနဲ့ စတင် ကြုံတွေ့ရမယ်။ နေရာဌာန (သို့) ဘဝအခြေအနေ ပြောင်းလဲတတ်တယ်။ ရုန်းကန်ကြိုးစားမှုနဲ့အတူ အခွင့်အရေးပါ ရရှိလာမယ်။

ယတြာ - နွမ်းပါးတဲ့ သက်ကြီးရွယ်အိုတွေကို ဆေးဝါး (သို့) အာဟာရဓာတ်စာ တစ်ခုခု မကြာခဏ လှူပါ။

(၂) ဂဏန်းအဟော

ဒီနှစ်မှာ ဖြစ်ချင်တာတွေ ဖြစ်ခွင့်မရသေးလို့ သည်းခံစောင့်ဆိုင်းရမယ်။ စိတ်ပျက်ငြီးငွေ့စရာတွေ ခံစားရတတ်ပြီး ပေါက်ကွဲမိတတ်တယ်။ ငွေကြေးကိစ္စတွေမှာ ဂရုစိုက်ရမယ်။ ပျိုရွယ်သူတွေ စန်းပွင့်မယ်။ မင်္ဂလာကိစ္စ ပေါ်မယ်။

ယတြာ - အိမ်က ဘုရားကို မကြာခဏ ရေသပ္ပါယ်ပါ။ သောက်တော်ရေ၊ သုံးတော်ရေ ကိုယ်တိုင် ကပ်ပါ။

(၃) ဂဏန်းအဟော

ဒီနှစ်မှာ ကြီးပွားတိုးတက်မယ့်လမ်းစ ပေါ်မယ်။ မိတ်ဆွေအသိုင်းအဝိုင်းနဲ့အဆက်အသွယ်တွေ ပေါများလာမယ်။ လူမှုရေးကိစ္စတွေ များမယ်။ အရင်နှစ်တွေက ကြိုးစားအားထုတ်ခဲ့တာတွေက အသီးအပွင့်လို ဖြစ်ထွန်းလာမယ်။

ယတြာ - စာသင်သား ရဟန်းသံဃာတော်တွေကို လိုအပ်တာ ဖြည့်ဆည်းပါ။ တရားစာအုပ်တွေ လှူပေးပါ။

(၄) ဂဏန်းအဟော

ဒီနှစ်မှာ ဘယ်အလုပ်မဆို ပေါ့တီးပေါ့ဆ လုပ်မိတာနဲ့ ပြဿနာကြီးငယ် ဖြစ်မယ်။ အငြင်းပွားမှုတွေ၊ ပဋိပက္ခတွေ ကြုံရတတ်တယ်။ အပြောင်းအလဲတွေ မလုပ်သင့်တဲ့နှစ် ဖြစ်တယ်။ အိုးအိမ်နေရာကိစ္စတွေ ကံကောင်းနိုင်တယ်။

ယတြာ - စေတီ၊ ဘုရား စတဲ့ဘာသာရေးအဆောက်အဦ တည်ဆောက်ရာမှာ တတ်နိုင်တာ လှူပေးပါ။

(၅) ဂဏန်းအဟော

ဒီနှစ်မှာ အပျော်အပါးတွေ များမယ်။ အရင်နဲ့မတူတဲ့ ပေါ့ပါးလွတ်လပ်မှုတွေ ခံစားရမယ်။ ဝါသနာပါတာတွေကို ကျကျနန လုပ်ခွင့် ရလာမယ်။ သွားချင်တဲ့ခရီးတွေ သွားနိုင်မယ်။ အစစအရာရာ ကံကောင်းချိန် ဖြစ်လိမ့်မယ်။

ယတြာ - သံဃာတော်တွေကို မိမိနာမည် ရေးထိုးထားတဲ့ ယပ်တောင် လှူပေးပါ။ ပန်ကာ လှူပေးပါ။

(၆) ဂဏန်းအဟော

ဒီနှစ်ကတော့ မိသားစုနဲ့ မိတ်ဆွေအသိုင်းအဝိုင်းအတွက် အချိန်ပေးရတတ်တယ်။ မေတ္တာရေးကိစ္စ ထူးခြားစွာ ပေါ်လွင်လာနိုင်တယ်။ လက်တွဲဖော်နဲ့ ဆုံဆည်းရတတ်တယ်။ လုပ်ငန်းစီးပွားမှာတော့ ဂရုစိုက် လုပ်ကိုင်ရမယ်။

ယတြာ - ဘုရားဖူးခရီးသွားမယ့်သူတွေကို ငွေ လှူပေးပါ။ ခရီးသွားသံဃာတော်ကိုလည်း ဝထ္ထုငွေ ကပ်ပါ။

(၇) ဂဏန်းအဟော

ဒီနှစ်မှာ စိတ်ပိုင်းဆိုင်ရာ မကျေလည်မှုတွေ၊ ပြန်စဉ်းစားသုံးသပ်စရာတွေ များမယ်။ အောင်မြင်ရေး၊ ကြီးပွားရေး နဲ့ ငွေကြေးတွေထက် တခြားအရေးကြီးတာတွေ ပေါ်လာမယ်။ ငွေကြေး ထည့်ဝင်ရင်းနှီးတာတွေ ရှောင်ရမယ်။

ယတြာ - ဘုန်းကြီးကျောင်းမှာ သံဃာသုံးကုဋီတွေကို မကြာခဏ ရေဆေး သန့်ရှင်းပေးပါ။

(၈) ဂဏန်းအဟော

အရင်က ကြိုးစားခဲ့တာတွေ အရာထင် အောင်မြင်လာမယ်။ ငွေကြေးစီးပွားနဲ့ ရာထူးဂုဏ်သိက္ခာတွေက ဒီနှစ်မှာ အရေးပါလာမယ်။ ငွေကြေး ခက်ခဲပေမယ့် ဖြေရှင်းနိုင်မယ်။ ရှေ့နှစ်တွေမှာ တည်ဆောက်ခဲ့သမျှ ရလဒ်ပေါ်မယ်။

ယတြာ - ဘုရားစင်ကအစ တစ်အိမ်လုံးကို မီးအလင်းတွေ ထိန်နေအောင် ထွန်းပါ။ ဘုရားမီး ပူဇော်ပေးပါ။

(၉) ဂဏန်းအဟော

ဒီနှစ်မှာ ငွေအဝင်အထွက်ကို စိစစ်ရလိမ့်မယ်။ လောင်းကစားတွေ ရှောင်ပါ။ မဟုတ်ရင် ဆုံးရှုံးမှု များတတ်တယ်။ နေရာဟောင်း၊ ပတ်ဝန်းကျင်ဟောင်းနဲ့ ဝေးကွာသွားမယ်။ အဟောင်းတွေ စွန့်ပြီး အသစ်တွေ နိဒါန်းပျိုးလာမယ်။

ယတြာ - အိမ်ထဲက ပျက်နေတဲ့ လျှပ်စစ်မီးကိစ္စတွေ အမြန်ပြင်ပါ။ ဘုရားမှာ ဆူးချွေပြီး နှင်းဆီတွေ ကပ်ပါ။

၂၀၂၃ မှာ ကံကောင်းခြင်းများစွာကို ပိုင်ဆိုင်ရရှိနိုင်ပါစေ

ဧက (ဗေဒင်သုတ)

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope




Some text some message..