
အချစ်ကို စတင် စမ်းသပ်စ ဆယ်ကျော်သက်အရွယ်တွေ ဖြစ်စေ၊ နှလုံးသားရေးနဲ့ ထိတွေ့ပတ်သက်နေတဲ့ လူငယ်လူရွယ်တွေပဲ ဖြစ်စေ ကိုယ့်ဘဝမှာ အချစ်ရေးကံဇာတာ ဘယ်လိုရှိမလဲဆိုတာကို Valentine”s Day အမှတ်တရ ဗေဒင်သုတအဖြစ် တင်ပြလိုက်ပါတယ်။
မြန်မာ့ရိုးရာဗေဒင်အရ မိမိတို့ရဲ့မြန်မာမွေးသက္ကရာဇ်ကို (၇) နဲ့ စားပြီး ရလာတဲ့အကြွင်းအလိုက် မေတ္တာရေးကံ အဆိုးအကောင်း၊ အကျိုးအကြောင်းကို မှန်းဆကြည့်နိုင်ပါတယ်။ ဥပမာ … ကိုယ့်ရဲ့ မြန်မာမွေးသက္ကရာဇ်က ၁၃၆၃ ခုနှစ် ဆိုပါစို့။ ဒါကို (၇) နဲ့ စားရင် ၅ - ကြွင်းမှာ ဖြစ်ပါတယ်။ ဒါဆို ကိုယ်တိုင် တွက်ကြည့်လို့ ရပါပြီ..။
(၁) ကြွင်းဖွား
ရည်းစားဦးနဲ့ အလွဲတတ်ဆုံး ဇာတာရှင်တွေ ဖြစ်တယ်။ ချစ်သူရည်းစားဘဝအစမှာ အခက်အခဲ အများဆုံးတွေ ဖြစ်တယ်။ အချစ်ကို တန်ဖိုးထားတတ်ကြပေမယ့် ကံခေတာ များတယ်။ အုံ့ပုန်းခံစားရတာ၊ ကြိတ်ကြွေရတာမျိုး ဖြစ်တယ်။ ချစ်သူ လက်တွဲဖော် ရလာရင်လည်း လူသိမခံရတာ၊လျှို့ဝှက်သိုသိပ် တွဲရတာတွေ ဖြစ်တတ်တယ်။
(၂) ကြွင်းဖွား
ချစ်မှုရေးရာကံ အပြောင်းအလဲ များတတ်သူတွေ ဖြစ်တယ်။ ကိုယ်တိုင်ကလည်း ခုဆီထမင်း၊ ခုစာကလေးကြော် ဆိုပြီး စိတ်အပြောင်းအလဲ မြန်တတ်တယ်။ ရည်းစားများဖို့ အကြောင်းကံပါသူတွေ ဖြစ်ပြီး ဘယ်လောက်ပဲ ခိုင်မြဲ ပါတယ်ဆိုဆို ပြတ်ဖို့ လွယ်တတ်ကြတယ်။ စိတ်ကူးပေါက်သလို လျှောက်လုပ်တတ်ကြသူတွေလည်း ဖြစ်တယ်။
(၃) ကြွင်းဖွား
မူလဇာတာအရ မျက်နှာပွင့်၊ စန်းပွင့်တတ်သူတွေ ဖြစ်တယ်။ ဂုဏ် (သို့) အားကျလောက်တဲ့အရာ ရှိသူတွေကို သဘောကျလွယ်တယ်။ ကိုယ်က ဝိုင်းဝိုင်းလည်ခံရတတ်သလို အများအလယ် တင့်တယ်သူနဲ့ ရွှေလက်တွဲခွင့် ရတတ်တယ်။ ငွေကြေးဥစ္စာ ပြည့်စုံသူ (သို့) အရည်အချင်း ရှိသူတွေနဲ့ ဖူးစာ ဆုံဆည်းရတတ်သူ ဖြစ်တယ်။
(၄) ကြွင်းဖွား
ချစ်ရေးချစ်ရာကံဇာတာ ထူးခြားဆန်းပြားသူတွေ ဖြစ်တယ်။ ရည်မှန်းထားသူနဲ့ တကယ် လက်တွဲဖြစ်သူကြားမှာ တခြားစီ ဖြစ်နေတတ်တယ်။ ဆုံးဖြတ်ခက်တဲ့အခြေအနေတွေလည်း မကြာခဏ ကြုံရတတ်တယ်။ အချစ်ရေးမှာ ကိုယ့်သာယာမှုကိုပဲ ဦးစားပေးတတ်ကြတယ်။ စိတ်ညစ်တဲ့ဒဏ် နည်းနည်းလေးမှ မခံနိုင်တဲ့သူတွေ ဖြစ်တယ်။
(၅) ကြွင်းဖွား
ခေတ်ဆန်ပြီး ရဲရင့်မှုကို သဘောကျသူတွေ ဖြစ်တယ်။ အချစ်ရေးမှာ သေချာ တွက်ချက် ပေသီးခေါက်သူ ဖြစ်ပြီး ဘဝအတွက်ပါ ထည့်စဉ်းစားကြတာမျိုးပါ။ အဲဒါကြောင့်လည်း ချစ်သူရည်းစား ထားတဲ့အခါ နာမည် အရှိန်အဝါ ၊ ရုပ်ရည် (သို့) စီးပွားဥစ္စာ ရှိသူတွေနဲ့ တွဲဖြစ်တတ်ကြတယ်။ အများက အားကျရသူမျိုး လိုချင်ကြသူ ဖြစ်တယ်။
(၆) ကြွင်းဖွား
ရှာမှ ရှားတဲ့ ထူးဆန်းတဲ့ အချစ်ရေးကံဇာတာ ပါလာသူတွေ ဖြစ်တယ်။ အများအားဖြင့် အချစ်ရေးမှာ ဆုတောင်း မပြည့်တတ်ကြဘဲ ချစ်ကံခေသူတွေလည်း ဖြစ်နေတတ်တယ်။ သာမန် မဟုတ်ဘဲ ရှုပ်ထွေးတဲ့အချစ်မျိုးတွေနဲ့ပဲ ကြုံရတတ်တယ်။ ကိုယ့်ဘက်က အနစ်နာခံရတဲ့ ၊သည်းခံမျိုသိပ်ရတဲ့နှလုံးသားရေးကံ ပါလာသူတွေ ဖြစ်တယ်။
(ဝ) ကြွင်းဖွား
မမျှော်လင့်တဲ့ ၊ မထင်မှတ်တဲ့ ချစ်ရေးချစ်ရာကံဇာတာ ပါလာသူတွေ ဖြစ်တယ်။ ကိုယ်ရည်မှန်းထားသူက တမျိုး တကယ်တမ်း ကြုံတွေ့ရသူက တမျိုး ဖြစ်နေတတ်တယ်။ အချစ်ရေးမှာ စိတ်ကို ဒုန်းဒုန်း မချနိုင်ဘဲ ဒွိဟတွေက အရမ်း များတတ်တယ်။ အေးစက်ပြီး စည်းကမ်းကြီးတဲ့၊ လူကြီးဆန်ပြီး ဆရာ လုပ်တတ်သူနဲ့ ဆုံရတတ်တယ်။
မှတ်ချက် - အထက်ပါ မဟာဘုတ်အကြွင်းဖွားဟောကိန်းတွေဟာ ယေဘုယျသာ ဖြစ်ပြီး တစ်ဦးချင်းဇာတာနဲ့ အသေးစိတ် တွက်စစ်တာ မဟုတ်လို့ ကိန်းသေ မှန်ရမယ်လို့တော့ မဆိုလိုကြောင်း အသိပေးအပ်ပါတယ်။
အကြွင်းဖွားအားလုံး နှလုံးသားရေးကံဇာတာ လှပနိုင်ကြပါစေ
ဧက (ဗေဒင်သုတ)
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_horoscope