
မြန်မာ့ရိုးရာဗေဒင်ပညာမှာ မွေးနံအလိုက် သတိထား ရှောင်ကျဉ်အပ်တဲ့ ဘုမ္မိအရပ်မျက်နှာ ဆိုတာ ရှိပါတယ်။ နေ့သားအလိုက် ဘုမ္မိအရပ်၊ ဘုမ္မိထောင့်ကို “ထားရာ သင်္ချိုင်း ၊ ခိုင်းတုံရေအိမ် ၊ မြုပ်တိမ်သွေးသွန်” ဆိုပြီးတော့ အညစ်အကြေး စွန့်ရာအရပ်၊ တနည်းအားဖြင့် သင်္ချိုင်းဂူအရပ်လို့ ပြောစမှတ် ပြုထားပါတယ်။
အိမ်မျက်နှာစာနဲ့ ဘုမ္မိအရပ်
မိသားစုတစ်စုမှာ အိမ်ထောင်ဦးစီး နေ့နံရဲ့ဘုမ္မိအရပ်ကို အိမ်မျက်နှာစာ ပြုမိခဲ့ရင် အဲဒီမိသားစုမှာ စီးပွားမတက်၊ စီးပွားတက်ရင် ကျန်းမာရေး ယိုယွင်း၊ ကျန်းမာရေးကောင်းရင် အိမ်ဆူအိမ်ပူ စသဖြင့် မိသားစုအတွင်း ကံကြမ္မာ ညံ့ဖျင်းမှုတွေနဲ့ တနည်းမဟုတ် တနည်း ကြုံရလေ့ရှိပါတယ်။
ဒါကြောင့် အိမ်ထောင်ဦးစီးနေ့နံရဲ့ ဘုမ္မိအရပ်ကို အိမ်မျက်နှာစာအဖြစ် မထားမိဖို့ အထူးပဲ အရေးကြီးလှပါတယ်။ နေ့နံအလိုက် ဘယ်အရပ်၊ ဘယ်ထောင့်က ဘုမ္မိကျနေလဲဆိုတာ အောက်ပါအတိုင်း ဖော်ပြအပ်ပါတယ်။
တနင်္ဂနွေသားသမီး - တောင်
တနင်္လာသားသမီး - အနောက်တောင်
အင်္ဂါသားသမီး - အနောက်
ဗုဒ္ဓဟူးသားသမီး - အနောက်မြောက်
ကြာသပတေးသားသမီး - အရှေ့မြောက်
သောကြာသားသမီး - အရှေ့တောင်
စနေသားသမီး - မြောက်
အိမ်ထောင်ဦးစီးရဲ့ဘုမ္မိကျရာအရပ်ကို အိမ်မျက်နှာစာ မထားသင့်တာတော့ ဟုတ်ပါပြီ။ နောက်ထပ် ဘုမ္မိအရပ်နဲ့ ပတ်သက်လို့ ဘယ်လိုတွေ သတိထားသင့်လဲဆိုတာကို ဆက်လက် ဖော်ပြပါမယ်။
လုပ်ငန်းစီးပွားနဲ့ ဘုမ္မိအရပ်
တကယ်လို့ ကိုယ့်အလုပ်ခွင်၊ ဆိုင်မျက်နှာစာ၊ ငွေသိမ်းကောင်တာ စသဖြင့် လုပ်ငန်းခွင်ရဲ့ အရေးအပါဆုံးသော နေရာဟာ ဘုမ္မိအရပ်ကို မျက်နှာမူ နေခဲ့မယ်ဆိုရင် လုပ်လို့ကိုင်လို့ ရေရှည် အဆင်မပြေတာ၊ လာဘ် ပိတ်တာ၊ အလုပ်အကိုင် အကြံအစည်တွေ ပျက်စီးလွယ်တာ၊ ငွေဝင်ရင်တောင်မှ အဖတ်မတင်တာ စတဲ့ အခြေအနေတွေ ကြုံတွေ့ရတတ်ပါတယ်။ ကံမကောင်းတဲ့နှစ်တွေမှာ လုပ်ငန်းမှာ အထိနာသွားတတ်ပါတယ်။
ဒါကြောင့် လုပ်ငန်းတစ်ခုကို ဦးဆောင်နေသူ၊ ဆိုင်တစ်ခုကို ဦးစီးဖွင့်လှစ် လည်ပတ်နေသူရဲ့ နေ့နံအလိုက် ဘုမ္မိ အရပ်မျက်နှာကိုလည်း သတိမူရမှာဖြစ်ပါတယ်။ ယုတ်စွအဆုံး ကျောင်းသူကျောင်းသားတွေတောင်မှ သူ့နေ့နံရဲ့ ဘုမ္မိအရပ်ကို စာကြည့်စားပွဲက မျက်နှာမူနေတယ် ပညာရေးလမ်းခရီးမှာ နှောင့်နှေးခက်ခဲစေတတ်ပါတယ်။
ဘုမ္မိကျခြင်းအတွက် ယတြာသစ်ပင်
မတတ်သာလို့ ဘုမ္မိအရပ်ကို လှည့်နေတဲ့ အိမ်၊ တိုက်ခန်းမှာ ရေရှည် နေထိုင်ရပြီဆိုရင်၊ ကိုယ့်လုပ်ငန်းစီးပွားက ဘုမ္မိအရပ်ကို မဖြစ်မနေ မျက်နှာမူနေရတယ်ဆိုရင် နေ့နံအလိုက် စိုက်ရတဲ့သစ်ပင်တွေကို ဖော်ပြလိုက်ပါတယ်။
တနင်္ဂနွေ - နေကြာ (သို့) ဒန်းကြီး
တနင်္လာ - သြဇာ
အင်္ဂါ - ခရေ
ဗုဒ္ဓဟူး - စပယ်
ကြာသပတေး - လသာ (သို့) လောက်သေ
သောကြာ - ပိတောက်
စနေ - သစ်အယ် (သို့) သင်အူ
အဲဒီ အပင်ငယ်တွေကို ခြံဝန်းရှိသူဆိုရင် မိမိနေအိမ် မျက်နှာစာဘက် ၊ အိမ်ရှေ့ဘက်တွေမှာ ရှင်သန်အောင်လို့ စိုက်ပျိုးပေးရပါမယ်။ တိုက်ခန်းနဲ့နေသူဆိုရင်တော့ အပင်ငယ်ကို ပန်းအိုးလေးနဲ့ ကျကျနန စိုက်ပျိုးပေးရပါမယ်။ တကယ်လို့ အပင်စိုက်ဖို့ လုံး၀ အဆင်မပြေဘူးဆိုရင်တော့ အဲဒီအပင် ကြီးထွားရှင်သန်ဝေဆာနေတဲ့ ဓာတ်ပုံကို အိမ်ရှေ့မျက်နှာစာမှာ ကျကျနန ချိတ်ဆွဲထားသင့်ပါတယ်။ ဒါဟာမတတ်သာလို့ ဘုမ္မိအရပ်ကို မျက်နှာမူထားတဲ့ အခြေအနေကို ယတြာသစ်ပင်နဲ့ ကာကွယ်ပေးခြင်း ဖြစ်ပါတယ်။
နေ့ဖွားအားလုံး ဘုမ္မိရိုက်ခတ်မှုကနေ ကင်းဝေးချမ်းသာ ရကြပါစေ
ဧက (ဗေဒင်သုတ)
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_horoscope