
တခြားလုပ်ငန်းကိုင်ငန်းတွေထက် အထူးသဖြင့် မိမိကိုချစ်ခင်အောင် ၊ မိမိကို စိတ်ဝင်စားလာအောင် ဆောင်ရမယ့် အဆောင်မျိုးဖြစ်ပါတယ်။ အထူးသဖြင့် အချစ်ရေး ၊ အိမ်ထောင်ရေး ကိစ္စတွေအတွက်ကို အဓိက ဆောင်ရမယ့် အဆောင်မျိုး ဖြစ်ပါတယ်။ သိပ်ပြီးမခက်ခဲဘဲနဲ့ မိမိသွားလေရာမှာ ပြောဆိုဆောင်ရွက်တဲ့အခါမှာ မိမိလိုရာကိစ္စကို မိမိက ပြောဆိုဆောင်ရွက်တဲ့အခါမှာ အဆင်ပြေအောင် ၊ အောင်မြင်အောင် ၊ မိမိကို တဖက်သားကနေပြီးတော့ လေးလေးစားစားနဲ့ ခင်ခင်မင်မင်နဲ့ ဖြစ်လာအောင် ဆောင်ရွက်ရမယ့် အဆောင်ပဲ ဖြစ်ပါတယ်။ နေ့သားအလိုက် ကိုယ့်နေ့နံကို စပြီးတော့ ပဉ္စပွတ်နံနဲ့ဆုံးတဲ့ အသားကို ကိုယ်ကအရုပ်ထုရမှာ ဖြစ်ပါတယ်။ အဲဒီအရုပ်ကလည်း ပဉ္စပွတ်နဲ့ဆုံးတဲ့ နေ့နံအရုပ်ကိုဘဲ ထုရမှာ ဖြစ်ပါတယ်။
ဥပမာအားဖြင့် ... တနင်္ဂနွေသားသမီးဆိုရင် သူရဲ့ပဉ္စပွတ်ဆိုတာက တနင်္ဂနွေပြီးရင် တနင်္လာ ၊ အင်္ဂါ ၊ ဗုဒ္ဓဟူး ၊ ကြာသပတေး ဆိုတော့ မိမိကနေစပြီးတော့ ရေမယ်ဆိုလို့ချင်ရင် ငါးခုမြောက်နံက ပဉ္စပွတ်နံလို့ ခေါ်တာပါ။
တနင်္လာ သားသမီးဆိုရင် သူရဲ့ ပဉ္စပွတ်က တနင်္လာ ၊ အင်္ဂါ ၊ ဗုဒ္ဓဟူး ၊ ကြာသတေး ၊ သောကြာ (သောကြာက သူရဲ့ ပဉ္စပွတ်နံ ဖြစ်ပါတယ်။)
က ၊ ခ ၊ ဂ ၊ ဃ ၊ င တနင်္လာနံ (၂)
စ ၊ ဆ ၊ ဈ ၊ ဇ ၊ ည အင်္ဂါနံ (၃)
တ ၊ ထ ၊ ဒ ၊ ဓ ၊ န စနေနံ (၇)
ပ ၊ ဖ၊ ဗ ၊ ဘ ၊ မ ကြာသပတေးနံ (၅)
ရ ၊ ထ ၊ လ ၊ ၀ ဗုဒ္ဓဟူးနံ (၄)
သ ၊ ဟ သောကြာနံ (၆)
အ တနင်္ဂနွေနံ (၁) ဆိုတဲ့ ဒီယတြာလေးကိုတော့ အခြေခံနံသင့်အက္ခရာယူနည်း ၊ ဂဏန်းယူနည်း သိထားမှ ဖြစ်ပါမယ်။
ပီယအဆောင်အနေနဲ့ ကိုယ့်ကို ချစ်ခင်ဖို့ ၊ သမီးရည်းစားကိစ္စ အဆင်ပြေဖို့ ၊ နေရာ သွားလေရာတွေမှာ ကိုယ်ပြောတဲ့ကိစ္စတွေမှာ ကိုယ့်ကို အလေးထားပြီးတော့ စိတ်ဝင်စားပြီးတော့ ကိုယ့်ကို ချစ်ချစ်ခင်ခင်နဲ့ ကိုယ်ပြောသမျှကို အောင်မြင်ဖို့အတွက်က ဒီအဆောင်လေးနဲ့ ဆောင်ထားရင် ချစ်ရေးချစ်ရာကိစ္စတွေမှာ ၊ မေတ္တာရေးကိစ္စတွေမှာ ပိုပြီးတော့ အဆင်ပြေမှာ ဖြစ်ပါတယ်။
တနင်္ဂနွေသားသမီးဟာ အောင်ပန်းဖြူကိုင်းကို လက်တစ်ဆစ်ခန့် ဖြတ်ပြီးတော့ ကြွက်ရုပ်ကလေးထုပြီးတော့ အမြဲတမ်းဆောင်ရမှာ ဖြစ်ပါတယ်။
တနင်္လာ သားသမီးဆိုရင် ကသစ်သားကို လက်တစ်ဆင့်ခန့် ဖြတ်ပြီးတော့ ပူးအရုပ်ကလေးကို ထုပြီး ဆောင်ရမှာ ဖြစ်ပါတယ်။
အင်္ဂါသားသမီးဟာ စွယ်တော်သားကို လက်တစ်ဆစ်ဖြတ်ပြီးတော့ နဂါးရုပ်ထုပြီး ဆောင်ရမှာ ဖြစ်ပါတယ်။
ဗုဒ္ဓဟူးသားသမီးဟာ ၀ါးကို ဖြတ်ပြီးတော့ ဂဠုန်ရုပ်ကို ထုပြီးတော့ အမြဲတမ်းဆောင်ရမှာ ဖြစ်ပါတယ်။
ကြာသပတေးသားသမီး ဆိုရင် မန်းကျည်းသားကို လက်တဆစ်ခန့် ဖြတ်ပြီးတော့ ကျားရုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
သောကြာသားသမီး ဆိုရင် သစ်ဆိမ့်သားကို လက်တဆစ်ခန့် ဖြတ်ပြီးတော့ ခြင်္သေ့ရုပ်ထုရမှာ ဖြစ်ပါတယ်။
စနေသားသမီးကတော့ ဒန့်သလွန်သားကို လက်တဆစ်ခန့် ဖြတ်ပြီးတော့ ဆင်ရုပ်ထုပြီးတော့ အမြဲတမ်း ဆောင်ရမှာ ဖြစ်ပါတယ်။
ဒီအဆောင်တွေကတော့ နေ့ (၇) နေ့မှာ ကိုယ့်နေ့အလိုက် ရုပ်ထုပြီးတော့ ဆောင်တဲ့အခါမှာ ပီယအဆောင်အနေနဲ့ အများအားဖြင့် စွမ်းအားသတ္တိကို ပေးမှာဖြစ်ပါတယ်။
ကိုယ့်ကို ချစ်ခင်ပြီးတော့ ကိုယ့်ကို ခင်မင်ပြီးတော့ ကိုယ့်ကို အထောက်အပံ့ပေးတာမျိုး ၊ အကူအညီပေးတာမျိုး စသဖြင့် ပိုပြီးတော့ မိမိမှာ ပီယသတ္တိတွေ ရရှိစေလာမှာ ဖြစ်ပါတယ်။ မိမိတို့ရဲ့ ဘဝမှာ လုပ်ကိုင်ဆောင်ရွက်တဲ့အခါမှာ အထူးသဖြင့် ချစ်ခင်မှုနဲ့ ပတ်သက်ပြီး အထောက်အကူဖြစ်ပြီးတော့ မိမိလိုချင်တဲ့ပန်းတိုင်ကို ရောက်ရှိမှာ ဖြစ်ပါတယ်။ မိမိလုပ်တဲ့ကိုင်တဲ့နေရာမှာ မိမိရဲ့ ပြောရေးဆိုရေးကိစ္စတွေမှာ ပိုပြီးတော့ အဆင်ပြေပြီး အောင်မြင်တိုးတက်မှာ ဖြစ်ပါတယ်။
အားလုံးကျန်းမာချမ်းသာ၍ လိုရာဆန္ဒ ပြည့်ဝကြပါစေ ခင်ဗျာ့။
ဆရာစိုးနိုင် (မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့)
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_horoscope