၇ ရက်သားသမီး အပတ်စဉ် ဗေဒင်ဟောစာတမ်း (၄.၆.၂၀၂၃ မှ ၁၀.၆.၂၀၂၃ အထိ)
lotaya.mpt.com.mm
|
2023-06-04

တနင်္ဂနွေနေ့ဖွား

အလုပ်အကိုင် - လုပ်ငန်းစီးပွားအခြေအနေက အပြိုင်အဆိုင်တွေကြားကနေ ထိုးဖောက်အောင်မြင်လာနိုင်မယ်။ အတိုက်အခိုက်တွေ ရှိပေမယ့် ဖြတ်သန်းကျော်လွှားနိုင်လိမ့်မယ်။ အများနဲ့စပ်တူရှယ်ယာတွေတော့ မလုပ်တာ ကောင်းမယ်။ လုပ်မိရင် ဆုံးရှုံးနစ်နာတတ်တယ်။ ငွေရေးကြေးရေးမှာ အခက်အခဲ ရှိပေမယ့် ပြန်ပြေလည်မယ်။

ကျန်းမာရေး - အသေးစား ဒဏ်ရာလေးတွေ ရတတ်တယ်။ ပြောပလောက်အောင် အညံ့ မရှိပါ။

လူမှုအိမ်ထောင် - ဒီအပတ် ချစ်ရေးချစ်ရာကိစ္စတွေမှာ အချင်းချင်းတွေ ပူပူဆူဆူနဲ့ စကားများရတာမျိုး ဖြစ်မယ်။ ဘေးကနေလည်း အဆင်းကို ဘီးတပ်သလို ချောက်ချတာတွေ ရှိတတ်တယ်။ နှစ်ဦးသား အဆင်ပြေအောင်လို့ ညှိနှိုင်းတာက ပိုကောင်းမယ်။ လူမှုဆက်ဆံရေးမှာ ကိုယ့်အပေါ် မနာလို၊ ဝန်တို တိုက်ခိုက်သူတွေ ရှိတတ်တယ်။

ကံကောင်းစေတဲ့ အရောင် - အဝါရင့် ၊ လိမ္မော်ရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း -  ၁

ကံကောင်းစေတဲ့ အရပ် - အရှေ့မြောက်

ကံကောင်းစေတဲ့ နေ့ရက် - တနင်္ဂနွေ

ယတြာ - စေတီတစ်ဆူရဲ့မွေးနံ (တနင်္ဂနွေ) ထောင့်က ဘုရားကို ရွှေပြား ၆ ပြား ကပ်လှူပေးရမယ်။

တနင်္လာနေ့ဖွား

အလုပ်အကိုင် - ဒီတစ်ပတ်လုံးမှာ လုပ်ငန်းကိုင်ငန်းတွေ အဆင်မပြေတာ များမယ်။ အစောပိုင်းရက်တွေမှာက ဘာလုပ်ရမယ်မှန်း မသိတာ၊ ရှေ့တိုးရ နောက်ဆုတ်ရခက်တာတွေ ကြုံရတတ်ပြီး နောက်ပိုင်းမှာ အလုပ်တွေ ပျက်တာ၊ အကြံအစည်တွေ လွဲကုန်တာမျိုး ဖြစ်မယ်။ ငွေကြေးပိုင်းမှာလည်း လက်လွန်မိတာတွေ ဖြစ်လိမ့်မယ်။

ကျန်းမာရေး - နေထိုင်မကောင်း ဖြစ်တတ်တယ်။ ကိုယ်ခံအားနည်းသလို ဖြစ်နေမယ်။

လူမှုအိမ်ထောင် - တစ်ပတ်တာ အချစ်ရေး၊ အိမ်ထောင်ရေးအပိုင်းမှာ ကံဇာတာ အကောင်းဘက် ရှိလိမ့်မယ်။ ချစ်သူ၊ အိမ်ထောင်ဖက်တွေကြား အပြန်အလှန် ဖေးမကူညီနိုင်မယ်။ စိတ်သောကလေးတချို့ ဖြစ်တတ်တာက လွဲရင် အားလုံး သာယာလိမ့်မယ်။ လူမှုရေးကဏ္ဍမှာ ကိုယ်နဲ့ အဆင်မပြေသူတွေက ကူညီပေးလာတတ်တယ်။

ကံကောင်းစေတဲ့ အရောင် - အနက် ၊ ကောင်းကင်ပြာ

ကံစမ်းနိုင်တဲ့ ဂဏန်း - ၇ ၊ ဝ

ကံကောင်းစေတဲ့ အရပ် - အနောက်တောင်

ကံကောင်းစေတဲ့ နေ့ရက် - ဗုဒ္ဓဟူး ၊ တနင်္ဂနွေ

ယတြာ - နွမ်းပါးတဲ့ (သို့) တောင်းရမ်းစားသောက်ရတဲ့ ကလေးငယ်တွေကို မုန့်ဝယ်ကျွေးပေးပါ။

အင်္ဂါနေ့ဖွား

အလုပ်အကိုင် -  ဒီအပတ်မှာ အလုပ်အကိုင်၊ အကြံအစည်တွေ အလွဲအချော် များလာတတ်တယ်။ ကိုယ်တိုင်က ဘယ်လောက်ပဲ ကြိုးစားပါစေ၊ အမြတ်အစွန်းပိုင်းမှာ အားနည်းသွားတတ်တယ်။ လုပ်ကိုင်နေတာတွေကလည်း အရာမထင်ဘဲ ဝေ့လည်နေလိမ့်မယ်။ ငွေဝင်ပေမယ့် မျှော်လင့်သလောက် မရဘဲ ဖြစ်မယ်။ စိတ်ပင်ပန်းမယ်။

ကျန်းမာရေး - မျက်စိ၊ ဦးခေါင်း၊ အဆုတ်၊ အစာအိမ်နဲ့ ပတ်သက်လို့ ဂရုစိုက်ရမယ်။

လူမှုအိမ်ထောင် - မေတ္တာရေးကဏ္ဍမှာ တွေဝေစရာတွေ များပေမယ့် တစ်ဖက်သားက ကိုယ့်အပေါ် တကယ့်ကို ကောင်းတဲ့သူတွေ ဖြစ်နေတတ်တယ်။ ပျိုရွယ်သူတွေ စန်းပွင့်တာ၊ ချစ်သူက ကူညီဖေးမတာတွေ ကြုံလိမ့်မယ်။ ကိုယ့်အပေါ် လွှမ်းမိုးကူညီနိုင်သူ ဖြစ်တတ်တယ်။ လူမှုရေးပိုင်းမှာတော့ အဆင်မပြေတာတွေပဲ ဖြစ်တတ်တယ်။

ကံကောင်းစေတဲ့ အရောင် - အဝါရင့် ၊ အနက်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၁ ၊ ၇

ကံကောင်းစေတဲ့ အရပ် - အနောက်တောင်

ကံကောင်းစေတဲ့ နေ့ရက် - အင်္ဂါ

ယတြာ - ဗောဓိညောင်ပင်ကို သွားပြီး နံ့သာရေ ၈ ခွက် သွန်းလောင်းပြီး အမွှေးတိုင် ၈ တိုင် ပူဇော်ပါ။


MPT IPTV သို့သွားရန်နှိပ်ပါ ဗုဒ္ဓဟူးနေ့ဖွား

အလုပ်အကိုင် - တစ်ပတ်တာအတွင်း အလုပ်တွေက ကိုယ့်စိတ်တိုင်းကျရယ် မဟုတ်ဘဲ လည်ပတ်ရုံလောက်ပဲ ဆက်သွားနိုင်တယ်။ ငွေကြေးအကျိုးအမြတ် သိပ်မဆိုးပေမယ့် တကယ်ရခါနီးကျရင် ကြန့်ကြာနေတတ်တယ်။ လုပ်ကိုင်ထားတာတွေလည်း မဖြစ်ထွန်းသေးဘဲ သည်းခံစောင့်ဆိုင်းရလိမ့်မယ်။ အလိုမကျစရာတွေ များမယ်။

ကျန်းမာရေး - အစာအိမ်၊ ရင်၊ ဝမ်းနဲ့ ပတ်သက်လို့ အားနည်းတတ်တယ်။ အညံ့ကြီးတော့ မရှိပါ။

လူမှုအိမ်ထောင် -  အချစ်ရေး၊ အိမ်ထောင်ရေးကံ ဆက်ပြီး အားနည်းနိုင်တယ်။ အရင်အပတ်က စတင်မိခဲ့တဲ့ ပြဿနာတွေက ဒီအပတ်မှာလည်း အကျယ်ချဲ့သလို ဖြစ်လာနိုင်တယ်။ ဘာမဟုတ်လေးနဲ့လည်း အခြေအတင် ဖြစ်လွယ်နေတတ်တယ်။ သည်းခံနိုင်မှ ဖြစ်မယ်။ လူမှုရေးပိုင်းမှာ ကိုယ့်ဘက်က အနစ်နာခံရတာတွေ များမယ်။

ကံကောင်းစေတဲ့ အရောင် - လိမ္မော်ရောင် ၊ ငှက်ပျောဖူးစိမ်းရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၁ ၊ ၄ ၊ ၈

ကံကောင်းစေတဲ့ အရပ် - တောင်

ကံကောင်းစေတဲ့ နေ့ရက် - ဗုဒ္ဓဟူး

ယတြာ - လိုအပ်တဲ့နေရာဒေသတွေမှာ သောက်ရေ (သို့) သုံးရေ အလှူမျိုး ပါဝင် လှူဒါန်းပေးပါ။

ရာဟုဖွား

အလုပ်အကိုင် - အရင်အပတ်က ဘေးကျပ်နံကျပ် ဖြစ်နေတဲ့အလုပ်ကိစ္စတွေ ဒီအပတ်မှာ ဖြည်းဖြည်းချင်း ပြန် အဆင်ပြေလာနိုင်တယ်။ ဟိုမရောက်ဒီမရောက် ဖြစ်နေရာကနေ လမ်းမှန်ပေါ် ပြန်ရောက်လာမယ်။ လုပ်ငန်းနဲ့ ငွေကြေးပိုင်းမှာ အားရစရာလေးတွေ ဖြစ်လာလိမ့်မယ်။ ကိုယ်တိုင်က သေချာအာရုံစိုက်လုပ်ဖို့တော့ လိုမယ်။

ကျန်းမာရေး - သီတင်းပတ်နှောင်းပိုင်းမှာ ဖျားနာ၊ နေမကောင်းတာတွေ ဖြစ်လာတတ်တယ်။

လူမှုအိမ်ထောင် - မိတ်ဆွေအပေါင်းအသင်းကြောင့် အဆင်ပြေစိတ်ချမ်းသာရတာတွေ ရှိသလို အဲဒီမိတ်ဆွေ အသိုင်းအဝိုင်းကြောင့်ပဲ စိတ်ညစ်ရတာတွေလည်း ဖြစ်တတ်တယ်။ ပျိုရွယ်သူတွေ နှလုံးသားရေးမှာ အချင်းချင်း အထေ့အငေါ့တွေ များနေတတ်တယ်။ ချစ်သူတွေ၊ အိမ်ထောင်ရှင်တွေလည်း ကတောက်ကဆ များတတ်တယ်။

ကံကောင်းစေတဲ့ အရောင် - အဝါရင့် ၊ စိမ်းပုပ်ရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၈ ၊ ၁

ကံကောင်းစေတဲ့ အရပ် - အနောက်မြောက်

ကံကောင်းစေတဲ့ နေ့ရက် - ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်း

ယတြာ -  ဘုရားမှာ ဖယောင်းတိုင်အဝါ ၃ တိုင်နဲ့ အမွှေးတိုင် ၄ တိုင် ပူဇော်ပေးပါ။

ကြာသပတေးနေ့ဖွား

အလုပ်အကိုင် - ဒီတစ်ပတ်လုံးမှာ အလုပ်နဲ့ ပတ်သက်လို့ မကျေမနပ်တွေ ဖြစ်ရလိမ့်မယ်။ လုပ်နေတာတွေက ရပ်တန့်ကုန်တာ၊ လမ်းဆုံးရောက်ပြီး အသစ်ကနေ ပြန်စရတာတွေ ဖြစ်တတ်တယ်။ လုပ်ငန်းစီးပွားကံဇာတာက အညံ့ပိုင်းမှာ ရောက်နေလို့ မနည်း ရုန်းကန်ရတတ်တယ်။ ငွေကြေးပိုင်းမှာလည်း အဆင်မပြေမှုတွေ ဖြစ်နေမယ်။

ကျန်းမာရေး - ဘေးကင်း ကျန်းမာမယ့်ကာလ ဖြစ်တယ်။ ကျန်းမာရေး ညံ့ရင်လည်း ပြန်သက်သာမယ်။

လူမှုအိမ်ထောင် - ချစ်သူရည်းစား၊ အိမ်ထောင်ရှင်တွေကြားမှာ ပြဿနာကြီးငယ်မရွေး ပေါ်ပေါက်လာနိုင်တယ်။ အရင်အပတ်က မျိုသိပ်ထားတဲ့ကိစ္စတွေ ဒီအပတ်မှာ ပေါက်ကွဲပွင့်အန်လာတတ်တယ်။ အခြေအတင်တွေကနေ ကိုယ်ထိလက်ရောက်အထိ ဖြစ်တတ်လို့ ဆင်ခြင်ရမယ်။ လူမှုရေးပိုင်းမှာတော့ မိတ်ဆွေတွေက ကူညီမစမယ်။

ကံကောင်းစေတဲ့ အရောင် - အဝါဖျော့ ၊ ငွေရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၅ ၊ ၉

ကံကောင်းစေတဲ့ အရပ် - အနောက်

ကံကောင်းစေတဲ့ နေ့ရက် - ဗုဒ္ဓဟူး ၊ စနေ

ယတြာ - တစ်ပတ်အတွင်း ဘာသာရေး များများ လုပ်ပေးပါ။ အဓိဌာန်တစ်ခုခု ဝင်နိုင်ရင် အညံ့ကင်းမယ်။

သောကြာနေ့ဖွား

အလုပ်အကိုင် - စိတ်မောလူမောစရာတွေ များပေမယ့် ဒီအပတ်မှာ လုပ်ငန်းအခြေအနေ တိုးတက်မှု ဖြစ်မယ်။ အတိုက်အခိုက်တွေကြားကပဲ အောင်မြင်ဖြစ်ထွန်းမှုတွေကို ရယူနိုင်မယ်။ အနှောင့်အယှက်များလေ တိုးတက်မှု ရလေလေ ဖြစ်မယ်။ ငွေရေးကြေးရေးကံလည်း ကောင်းမွန်လိမ့်မယ်။ သည်းခံစိတ်ရှည်နိုင်ရင် ပိုကောင်းမယ်။

ကျန်းမာရေး - သီတင်းပတ်နှောင်းပိုင်းမှာ နာဖျားတတ်တယ်။ အရမ်းအပင်ပန်းခံတာမျိုး ရှောင်ရမယ်။

လူမှုအိမ်ထောင် - ဒီအပတ် အချစ်ရေး၊ အိမ်ထောင်ရေးပိုင်းမှာ အပျော်ကနေ အပျက်ကို ကူးပြောင်းတတ်တယ်။ စိတ်ကစားတာ၊ အပျော်လွန်တာတွေ သတိထားရမယ်။ လူငယ်တွေ ကိုယ့်ကိုယ်ကို အလိုလိုက်မိနေလိမ့်မယ်။ အမှားအယွင်း မရှိအောင် ဂရုစိုက်သင့်တယ်။ လူမှုရေးကဏ္ဍမှာ ပဋိပက္ခလေးတွေကြောင့် စိတ်ညစ်နေရမယ်။

ကံကောင်းစေတဲ့ အရောင် - အနက် ၊ အစိမ်း

ကံစမ်းနိုင်တဲ့ ဂဏန်း - ၄ ၊ ဝ

ကံကောင်းစေတဲ့ အရပ် - တောင် ၊ အရှေ့မြောက်

ကံကောင်းစေတဲ့ နေ့ရက် - တနင်္လာ ၊ တနင်္ဂနွေ

ယတြာ - တစ်ပတ်အတွင်း အိမ်ကဘုရားမှာ နွားနို့ (သို့) နို့ထမင်းဆွမ်း မကြာခဏ ကပ်လှူပေးပါ။

စနေနေ့ဖွား

အလုပ်အကိုင် - အရင်အပတ်ကထက် အလုပ်ကောင်းပြီး စီးပွားဖြစ်မယ့်ကာလ ရောက်နေတယ်။ ကိုယ်တိုင်က သေချာ ကြိုးစားအားထုတ်ဖို့ပဲ လိုမယ်။ အကြီးအကဲတွေက ကူညီစောင့်ရှောက်မယ်။ ငွေကြေး ရပေါက်ရလမ်း ဖန်တီးနိုင်မယ်။ စိတ်ကသိကအောက် ဖြစ်စရာလေးတွေ ရှိပေမယ့် ကိုယ်ဖြစ်ချင်တာကို ဦးစားပေးသွားရမယ်။

ကျန်းမာရေး - ဒီအပတ်မှာ နေလို့ထိုင်လို့ ကောင်းမယ်။ ကျန်းမာရေး ညံ့နေရင် ပြန်ကောင်းသွားမယ်။

လူမှုအိမ်ထောင် - မေတ္တာရေးနဲ့ဆက်စပ်လို့ အဆင်မပြေသမျှတွေ ဒီအပတ်မှာ ပိန်းကြာဖက်ပေါ် ရေမတင်သလို ကင်းစင်ပပျောက်သွားမယ်။ ပျိုရွယ်သူတွေ စန်းတက်ပြီး အပျော်အပါးတွေ များတတ်တယ်။ ချစ်သူစုံတွဲတွေနဲ့ အိမ်ထောင်ရှင်တွေ စိတ်ချမ်းသာမယ့်ကာလ ဖြစ်တယ်။ လူမှုရေးမှာတော့ အတိုက်အခိုက်တွေ ပေါ်လာမယ်။

ကံကောင်းစေတဲ့ အရောင် - အဝါရင့် ၊ အပြာနု ၊ မရမ်းရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၁ ၊ ၄ ၊ ၇

ကံကောင်းစေတဲ့ အရပ် - အရှေ့မြောက် ၊ တောင်

ကံကောင်းစေတဲ့ နေ့ရက် - စနေ ၊ တနင်္ဂနွေ

ယတြာ - နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းမှာ လိုအပ်တဲ့အခြေခံဆေးဝါးပစ္စည်းတွေ လှူပေးပါ။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope




Some text some message..