ဒီတစ်နှစ်အတွင်း ငွေကြေးကံကောင်းမယ့် ဇာတာရှင်များ
lotaya.mpt.com.mm
|
2023-06-07

နှစ်စဉ် ကောဇာဂြိုဟ်တွေရဲ့ ရာသီခွင်အလိုက် ကူးပြောင်းသွားလာမှုကြောင့် ဖြစ်စေ၊ မြန်မာ့ကောဇာမဟာဘုတ် ရပ်တည်ပုံအရ ဖြစ်စေ ငွေကြေးကံကောင်းမယ့်သူတွေ ပေါ်ထွက်လာလေ့ရှိပါတယ်။

မြန်မာ့ဗေဒင်ပညာအရ ဒီနှစ် မြန်မာသက္ကရာဇ် ၁၃၈၅ (ခရစ်နှစ် ၂၀၂၃ ၊ ဧပြီ ၁၇ ကနေ ၂၀၂၄ ဧပြီ ၁၆ အထိ) တစ်နှစ်တာအတွင်း ငွေနံပွင့်လို့ ငွေကံထူးမယ့်သူတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

(၁) သောကြာနေ့ဖွား

သောကြာနေ့ဖွားတွေဟာ ဒီနှစ်မှာ အလုပ်အကိုင် ကောင်းလို့၊ စီးပွားရေး တိုးတက်လို့ ငွေဝင်တာမျိုး မဟုတ်ဘဲ တစ်ပါးသူက ပေးကမ်းလို့ ဖြစ်စေ၊ လက်ဆောင်ရလို့ ဖြစ်စေ တနည်းနည်းနဲ့ ငွေကြေး ကံကောင်းတတ်ပါတယ်။ (သို့) တန်ဖိုးကြီးပစ္စည်း၊ အသုံးအဆောင်တွေလည်း ရလာတတ်ပါတယ်။ ရလာပြီဟေ့ဆိုရင်လည်း တစ်ခါတည်း မဟုတ်ဘဲ အကြိမ်ကြိမ် (သို့) တစ်မျိုးမက ဝင်လာတတ်ပါတယ်။ ထီကံလည်း ရှိနေလို့ ကံစမ်းပေးသင့်ပါတယ်။

(၂) အင်္ဂါနေ့ဖွား

ဒီနှစ်ထဲ အလုပ်တွေ ကောင်းပြီး စီးပွားဖြစ်မယ့် နေ့နံ ဖြစ်သလို ပုံမှန်ဝင်ငွေ မဟုတ်တဲ့ တခြားလမ်းကနေလည်း လာဘ်ရွှင် ငွေဝင်ကိန်း ရှိနေပါတယ်။ အကြီးအကဲတွေ၊ သြဇာအာဏာရှိသူတွေက ကိုယ့်ကို ကူညီမစလာနိုင်ပြီး ငွေရပေါက်ရလမ်းတွေ တစ်ခုပြီးတစ်ခု ပေါ်လာတတ်ပါတယ်။ ထီထိုး ကံစမ်းတာတွေလည်း လုပ်သင့်ပါတယ်။

ဒါကတော့ မြန်မာ့ရိုးရာဗေဒင်ပညာအရ တစ်နှစ်တာအတွင်း ငွေကြေးကံကောင်းနိုင်တဲ့နေ့နံတွေကို ဖော်ထုတ် တင်ပြပေးတာ ဖြစ်ပြီး ရာသီခွင်ဗေဒင်အရ ငွေကံပွင့်မယ့်သူတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

(၁) ပြိဿရာသီဖွား

ရွှံ့ကိုင်ရင် ရွှေဖြစ်တတ်တဲ့ကာလကို ရောက်နေလို့ ပြိဿရာသီဖွားတွေဟာ ဒီနှစ်မှာ အစစအရာရာ အောင်မြင် ကံကောင်းဖို့ အလားအလာ ရှိနေပါတယ်။ ကိုယ်တိုင် ကြိုးစားအားထုတ်တာရော ကံတရားရဲ့ဖေးမမှုကြောင့်ပါ လိုအင်ဆန္ဒတွေ ပြည့်ဝလာတတ်ပါတယ်။ မမျှော်လင့်ထားတဲ့ ကံကောင်းခြင်းတွေ ရောက်ရှိလာတတ်ပါတယ်။

(၂) မိဿရာသီဖွား

စည်းစိမ်ဥစ္စာကို တိုးပွားစေတတ်တဲ့ ကြာသပတေးဂြိုဟ်ရဲ့ အသွားအလာကြောင့် ဒီတစ်နှစ်တာအတွင်း ငွေဝင် ထီပေါက်သလို ဖြစ်တတ်ပါတယ်။ လစာတိုးတာ၊ ဘောနပ်စ် ရတာအပြင် တခြား အံ့အားသင့်စရာ ငွေကြေးပိုင်း ကံကောင်းမှုတွေ ကြုံရတတ်ပါတယ်။ ရင်းနှီးမြှုပ်နှံထားတာတွေကနေလည်း အကျိုးအမြတ် ရရှိတတ်ပါတယ်။

(၃) ကရကဋ်ရာသီဖွား

ဒီနှစ်မှာ တခြားကဏ္ဍတွေ ခဏ ဖယ်ထားပြီး ငွေကြေးအမြတ်အစွန်းတစ်ခုတည်းကို ကြည့်ရင် ကရကဋ်တွေက ကံကောင်းတတ်ပါတယ်။ အဆက်အသွယ်၊ အသိုင်းအဝိုင်းတွေကြောင့် အကျိုးစီးပွား ဖြစ်ထွန်းတတ်ပြီး တခြား လုပ်ငန်းအကျိုးအမြတ်တွေ၊ အခွင့်ကောင်းတွေလည်း လက်ထဲထိ ရောက်လာတတ်လို့ အသုံးချဖို့ပဲ လိုပါမယ်။

(၄) မကာရရာသီဖွား

ကံစမ်း၊ ဉာဏ်စမ်းတာတွေ၊ ဂိမ်းတွေမှာ ကံကောင်းတတ်တဲ့နှစ် ဖြစ်ပြီး တီထွင်ကြံဆမှုတွေ၊ စိတ်ကူးပေါက်သလို လုပ်ချလိုက်တာတွေကနေ ပွပေါက်တိုးတတ်တဲ့နှစ်လည်း ဖြစ်ပါတယ်။ အနားပတ်ဝန်းကျင်ရော ရပ်ဝေးကနေပါ အဆက်အသွယ်ကောင်းတွေ ရရှိတတ်ပြီး ခရီးတွေ သွားရင်းလာရင်းနဲ့ ကံကောင်းတာမျိုးပါ ကြုံရတတ်ပါတယ်။

ကောင်းသော လိုအင်ဆန္ဒများ ပြည့်ဝကြပါစေ

ဧက (ဗေဒင်သုတ)

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope




Some text some message..