ကိုယ်တိုင်တွက်ကြည့်နိုင်သော မြန်မာ့ရိုးရာသက်ရောက်ဗေဒင်ကိန်း
lotaya.mpt.com.mm
|
2023-08-09

အစဉ်အလာ ရှိခဲ့တဲ့ မြန်မာ့ရိုးရာဗေဒင်ပညာမှာ ရောက်ဆဲအသက်အလိုက် တစ်နှစ်တာကံကြမ္မာကို ကိုယ်တိုင် တွက်ချက်စစ်ဆေးကြည့်နိုင်တဲ့ ဗေဒင်ကိန်းခန်းလေးတွေ ရှိပါတယ်။

အဲဒီကိန်းတွေထဲကမှ တွက်ရလွယ်သလောက် ဟောချက်တွေ မှန်ကန်တဲ့ မြန်မာ့ဗေဒင်ကိန်းတစ်ခုကို ထုတ်နုတ်ဖော်ပြပေးချင်ပါတယ်။ ဒီနည်းကို ရှေးခေတ်အခါတုန်းက ရွှေလှော်တစ်သိန်း တန်သည့်ကိန်း လို့တောင် တင်စားခဲ့ရတဲ့အထိ လျှို့ဝှက်စွာ အသုံးပြုခဲ့ကြတယ်လို့ မှတ်သားဖူးပါတယ်။

တွက်နည်းက လွယ်ပါတယ်။ မိမိတို့ ရောက်ဆဲအသက် (ဥပမာ အသက် ၃၀ ပြည့်လျှင် ၃၁ နှစ်ဟု ယူ) ကို ၉ နဲ့ ပေါင်းပြီး ၄ နဲ့ မြှောက်ပါ။ ပြီးရင် ပေါင်းရကိန်းကို ၇ နဲ့စားပြီး အဟောတွေကို ဖတ်ကြည့်ရုံပါပဲ။

ဥပမာ - အသက် ၃၀ ပြည့်ပြီးသူတစ်ယောက် တွက်မယ်ဆိုရင် ၃၀ ပြည့်တဲ့နေ့က စပြီး ၃၁ နှစ်ထဲကို ရောက်ရှိဖြတ်သန်းမှာ ဖြစ်လို့ ၃၁ နှစ်ကို ၉ နဲ့ ပေါင်းရင် ၄၀ ရပါမယ်။ ၄၀ ကို ၄ နဲ့ မြှောက်ရင် ၁၆၀ ရပါမယ်။ ၁၆၀ ကို ၇ နဲ့ စားတဲ့အခါ (၆) ကြွင်းပါမယ်။ ဒါဆို (၆) ကြွင်းအဟောကို ဖတ်ရင် တစ်နှစ်စာ ကံဇာတာအခြေအနေကို သိနိုင်ပါပြီ။

(၁) ကြွင်းအဟော - ဒီနှစ်မှာ ကံသိပ်မကောင်းတတ်ဘဲ ပူပန်သောကတွေ များတတ်ပါတယ်။ ကိုယ့်ကို အတိုက်အခံလုပ်သူတွေ ရှိလာတတ်ပါတယ်။ သွားလာနေထိုင်ပြောဆိုသမျှ ဂရုစိုက်ရပါမယ်။

(၂) ကြွင်းအဟော - ဒီနှစ်မှာ အလုပ်တွေ ကောင်းပြီး ဝင်ငွေ တိုးပွားတတ်ပါတယ်။ ရွှေငွေဥစ္စာတွေနဲ့ လာဘ်လာဘတွေ ပေါများတတ်ပြီး လုပ်ကိုင်နေတဲ့လုပ်ငန်းစီးပွားတွေ အောင်မြင်နိုင်ပါတယ်။

(၃) ကြွင်းအဟော - ဒီနှစ်မှာ အိုးအိမ်နေရာဌာန အပြောင်းအရွှေ့ ဖြစ်တတ်ပါတယ်။ အလုပ်အကိုင် (သို့) နေရာထိုင်ခင်း ပြောင်းလဲတတ်ပါတယ်။ ငယ်သူတွေကြောင့် စိတ်ညစ်ရတတ်ပါတယ်။

(၄) ကြွင်းအဟော - အရောင်းအဝယ်သမားတွေ စီးပွားဖြစ်မယ့်နှစ်ပါ။ အမြတ်အစွန်းတွေ ကောင်းပြီး လုပ်ငန်းတွေ တိုးတက်အောင်မြင်ကိန်း ရှိပါတယ်။ ပျိုရွယ်သူတွေ စန်းပွင့်မယ့်နှစ် ဖြစ်ပါတယ်။

(၅) ကြွင်းအဟော - အဘက်ဘက်က ကံကောင်းခြင်းတွေ ပြည့်စုံလာမယ့်နှစ်ပါ။ စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာပြီး လိုအင်ဆန္ဒ ပြည့်ဝတတ်ပါတယ်။ အိမ်ထောင်ကျကိန်း ရှိတတ်ပါတယ်။

(၆) ကြွင်းအဟော - ဒီနှစ်မှာ အကျိုးစီးပွားဖြစ်မယ့် ခရီးတွေ သွားရတတ်တယ်။ အလုပ်အကိုင်တွေ ကောင်းပြီး ငွေကြေးကံလည်း ပွင့်လန်းမယ်။ ရပ်နီးရပ်ဝေးက အကူအညီတွေ ရရှိတတ်ပါတယ်။

(ဝ) ကြွင်းအဟော - ဒီနှစ်မှာ ကံမကောင်းအကြောင်းမလှတွေ ဖြစ်တတ်ပြီး ကိုယ်တိုင်ကပါ မှောက်မှား ဖောက်ပြန်မိရင် အဆိုးနွံထဲ နစ်သွားတတ်ပါတယ်။ လောဘ၊ ဒေါသတွေ လျှော့ရမယ့်နှစ် ဖြစ်ပါတယ်။

ဒါဆိုရင် မိမိတို့ ရောက်ဆဲအသက်အလိုက် တစ်နှစ်တာ ကံဇာတာကို အကြမ်းဖျင်းလောက် ကိုယ်တိုင် တွက်စစ် သိရှိနိုင်ပြီလို့ ယူဆရပါတယ်။ အားလုံး ဘေးရန်ကင်းကွာ လိုရာဆန္ဒ ပြည့်ကြပါစေ…။

မြန်မာ့ရိုးရာဗေဒင် အစဉ် တည်တံ့စေလိုသော ဆန္ဒဖြင့် …

ဧက (ဗေဒင်သုတ)

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope




Some text some message..