၇ ရက်သားသမီး အပတ်စဉ် ဗေဒင်ဟောစာတမ်း (၂၇.၈.၂၀၂၃ မှ ၂.၉.၂၀၂၂ အထိ)
lotaya.mpt.com.mm
|
2023-08-27

တနင်္ဂနွေနေ့ဖွား

အလုပ်အကိုင် - ဒီအပတ်ထဲမှာ အလုပ်ပျက်အကိုင်ပျက်တာ၊ အကြီးအကဲတွေက မကြည်တာတွေ ဖြစ်လာပြီး လုပ်မှားကိုင်မှားတွေလည်း များလာတတ်တယ်။ ငွေဝင်လမ်းတစ်ခုမက ပေါ်ပေမယ့် ကိုယ်တိုင်က သေချာကို အခွင့်အရေး မယူနိုင်ဘဲ လက်လွှတ်ရတတ်တယ်။ အစိုးရကိစ္စတွေ ဆောင်ရွက်ရင် ခက်ခဲကြန့်ကြာနေလိမ့်မယ်။

ကျန်းမာရေး - ဦးနှောက်၊ အာရုံကြော အားနည်းတတ်တယ်။ ဖျားနာလွယ်တတ်လို့ သတိပြုရမယ်။ 

လူမှုအိမ်ထောင် - တစ်ပတ်တာ မေတ္တာရေးကံဇာတာက အကောင်းဘက် ဦးတည်လာမယ်။ လူငယ်တွေဆိုရင် နှလုံးသားရေးမှာ အားကိုးအားထားပြုနိုင်သူတွေနဲ့ ဆုံရတတ်တယ်။ စုံတွဲတွေ၊ အိမ်ထောင်ရှင်တွေ ပျော်စရာ သီတင်းပတ်ကို ဖြတ်သန်းရတတ်တယ်။ လူမှုရေးမှာတော့ မိတ်ဆွေတွေကြောင့် စိတ်ညစ်ရတာမျိုး ဖြစ်မယ်။

ကံကောင်းစေတဲ့ အရောင် - အဝါတောက်တောက်၊ အဖြူလက်လက်

ကံစမ်းနိုင်တဲ့ ဂဏန်း -  ၅ ၊ ၉ ၊ ၆

ကံကောင်းစေတဲ့ အရပ် - အနောက် ၊ မြောက်

ကံကောင်းစေတဲ့ နေ့ရက် - ကြာသပတေး ၊ အင်္ဂါ

ယတြာ - ဈေးထဲက ငါးအရှင် ၆ ကောင် ဝယ်ပြီး ချောင်း (သို့) မြစ်ထဲ ဇီဝိတဒါန လွှတ်ပေးပါ။

တနင်္လာနေ့ဖွား

အလုပ်အကိုင် - တစ်ပတ်တာ ငွေကြေးစီးပွားကံဇာတာ အသင့်အတင့် အားကောင်းလိမ့်မယ်။ ကိုယ်တိုင်ကပါ အလုပ်တစ်ခုမက လုပ်လာနိုင်ပြီး ဝင်ငွေရလမ်း ဖြောင့်တန်းလာနိုင်တယ်။ ဒါပေမယ့် တာဝန်အပိုတွေ၊ ကိုယ်နဲ့ မဆီမဆိုင်တာတွေလည်း ဝင်လုပ်ရတတ်တယ်။ ခရီးတွေဘာတွေ သွားရရင် အကျိုးများတဲ့ခရီးစဉ် ဖြစ်မယ်။

ကျန်းမာရေး - တစ်ပတ်လုံးမှာ ဘေးရန် ကင်းမယ်။ စိတ်ရောကိုယ်ပါ ရွှင်လန်းလိမ့်မယ်။

လူမှုအိမ်ထောင် - ဒီအပတ် အချစ်ရေး၊ အိမ်ထောင်ရေးကဏ္ဍမှာ မကြာခဏ ကတောက်ကဆလေးတွေ ဖြစ်ပြီး အငြင်းအခုံတွေ ဖြစ်ရတတ်တယ်။ ပျိုရွယ်သူတွေ စန်းပွင့်တာမျိုး ဖြစ်တတ်ပေမယ့် ရွေးရခက်တာတွေကိုလည်း ကြုံရလိမ့်မယ်။ လူမှုရေးမှာတော့ မျက်နှာပျက်ရတာ၊ စိတ်ညစ်ရတာမျိုး ဖြစ်မယ်။ လူပေါင်းမှားတတ်တယ်။

ကံကောင်းစေတဲ့ အရောင် - အဖြူဆွတ်ဆွတ် ၊ ပန်းရောင် ၊ အနီရင့်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၂ ၊ ၉ ၊ ၃

ကံကောင်းစေတဲ့ အရပ် - အရှေ့

ကံကောင်းစေတဲ့ နေ့ရက် - တနင်္လာ

ယတြာ - တစ်ပတ်အတွင်း အိမ်ကဘုရားမှာ သပြေညွှန့်တွေ ဝေနေအောင် ကပ်လှူပေးထားပါ။

အင်္ဂါနေ့ဖွား

အလုပ်အကိုင် - ဒီအပတ်မှာတော့ အလုပ်တွေက လုပ်ရင်းက မြုပ်သလို၊ ပင်ပန်းသလောက် အကျိုးမရှိသလို ဖြစ်လာလိမ့်မယ်။ ငွေတွေ ရင်းထည့်ပြီးမှ ပြန်မပေါ်တာ၊ တော်တော်နဲ့ တောင်းမရတာ၊ ငွေအဝင် ကြန့်ကြာပြီး အလုပ်မှာ စိတ်ညစ်ရတာမျိုး ဖြစ်မယ်။ ဒါပေမယ့် လုပ်ငန်းကမဟုတ်တဲ့ တခြားကြားပေါက်တော့ ရတတ်တယ်။

ကျန်းမာရေး - နေထိုင်မကောင်း၊ ဖျားနာလွယ်တတ်တယ်။ ဖြစ်ပြီဆို တော်တော်နဲ့ မပျောက်ဘဲ ကြာမယ်။

လူမှုအိမ်ထောင် - တစ်ပတ်တာ ချစ်ရေးချစ်ရာကိစ္စတွေမှာ အတက်အကျ၊ အပြောင်းအလဲတွေ မြန်ဆန်မယ်။ အခု ပျော်ရလိုက်၊ တော်ကြာ ပြဿနာ တက်လိုက်နဲ့ တကျက်ကျက် ဖြစ်မယ်။ ကြီးကဲသူတွေ၊ ဘေးလူတွေက နှောင့်ယှက်တတ်တယ်။ လူမှုရေးကဏ္ဍမှာတော့ ကိုယ့်အပေါ်ကောင်းတဲ့သူနဲ့ ဆုံမယ်။ မိတ်ကောင်း ရရှိမယ်။

ကံကောင်းစေတဲ့ အရောင် - အနီရင့် ၊ ကတ္တီပါရောင်၊ အနက်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၃ ၊ ၇ ၊ ဝ

ကံကောင်းစေတဲ့ အရပ် - အရှေ့တောင် ၊ မြောက်

ကံကောင်းစေတဲ့ နေ့ရက် - အင်္ဂါ ၊ သောကြာ

ယတြာ - စေတီတစ်ဆူရဲ့မွေးနံထောင့်မှာ နှင်းဆီအနီ ၃ ပွင့် သွားလှူပေးပ့ါ။


MPT IPTV သို့သွားရန်နှိပ်ပါ ဗုဒ္ဓဟူးနေ့ဖွား

အလုပ်အကိုင် - လုပ်ငန်းစီးပွား၊ ငွေရေးကြေးရေးနဲ့ ပတ်သက်လို့ အခက်အခဲတွေ ဖြစ်ပေါ်တတ်တဲ့သီတင်းပတ် ဖြစ်တယ်။ ဘယ်အလုပ်မှာမဆို ကိုယ်လုပ်သမျှကို အနှောင့်အယှက်ပေး၊ တိုက်ခိုက်သူတွေ ပေါ်လာနိုင်တယ်။ လုပ်ရကိုင်ရတာ မကောင်းဘဲ ငွေကြေးအတွက်ပါ ပူပန်ရတတ်တယ်။ အတော်လေး ရုန်းကန်လာရတတ်တယ်။

ကျန်းမာရေး - လူပင်ပန်းစိတ်ပင်ပန်းခံတာမျိုး လျှော့ရမယ်။ အနားယူချိန် အပြည့်အဝ ယူရမယ်။

လူမှုအိမ်ထောင် - ဒီအပတ် အချစ်ရေး၊ အိမ်ထောင်ရေးပိုင်းမှာ စိတ်ချမ်းသာစရာတွေ ဖြစ်ပေါ်လာမယ်။ လူငယ် လူရွယ်တွေ မေတ္တာရေးမှာ ရွေးရခက်တာ၊ အပြိုင်ပေါ်တာမျိုး ဖြစ်တတ်တယ်။ တစ်ယောက်ထက် ပိုတဲ့ အချစ်၊ သံယောဇဉ်ကိစ္စတွေ ဖြစ်လာနိုင်တယ်။ လူမှုရေးမှာလည်း ကိုယ့်အပေါ်ကောင်းတဲ့သူတွေနဲ့ ဆုံရလိမ့်မယ်။

ကံကောင်းစေတဲ့ အရောင် - အဝါဖျော့ ၊ အဖြူဖျော့

ကံစမ်းနိုင်တဲ့ ဂဏန်း - ၂ ၊ ၅ ၊ ၇

ကံကောင်းစေတဲ့ အရပ် - အရှေ့တောင်

ကံကောင်းစေတဲ့ နေ့ရက် - အင်္ဂါ ၊ စနေ

ယတြာ - ဘုရားစေတီဂြိုဟ်ခွင်ထောင့်တိုင်းမှာ သန့်ရှင်းရေးလုပ်ပြီး ရေသပ္ပါယ်ပေးပါ။

ရာဟုဖွား

အလုပ်အကိုင် - ဒီအပတ်မှာ လုပ်ငန်းကိုင်ငန်းအခြေအနေ မတည်မငြိမ် ဖြစ်တတ်တယ်။ လုပ်ငန်းခွင်မှာလည်း ကိုယ့်ကို မနာလို၊ တိုက်ခိုက်သူတွေ ပေါ်လာတတ်တယ်။ ကိုယ်လုပ်သမျှ အပြစ်တင်ဝေဖန်မယ့်သူတွေနဲ့ချည်း ကြုံရတတ်တယ်။ အလုပ်တွေ အရမ်း များလာပေမယ့် ကိုယ့်အတွက် အကျိုးအမြတ် သိပ်မရှိဘဲ ဖြစ်လိမ့်မယ်။

ကျန်းမာရေး - တစ်ပတ်လုံးမှာ နေလို့ထိုင်လို့ သိပ်မကောင်းဘဲ ထိုင်းမှိုင်းလေးလံနေတတ်တယ်။

လူမှုအိမ်ထောင် - တစ်ပတ်တာ ချစ်မေတ္တာရေးကံဇာတာ ကောင်းမွန်လိမ့်မယ်။ ပျိုရွယ်သူတွေ လိုအင်ဆန္ဒတွေ တစ်လုံးတစ်ဝ ပြည့်တတ်ပြီး ဖြစ်ချင်တဲ့အနေအထားတွေကို ဖန်တီးယူနိုင်မယ်။ လူပျိုလူလွတ်တွေ ချစ်ရသူနဲ့ ဆုံဆည်းတတ်တယ်။ လူမှုဆက်ဆံရေးမှာလည်း နာမည်၊ ဂုဏ်သတင်းရှိသူတွေနဲ့ ပတ်သက်ခွင့် ရတတ်တယ်။

ကံကောင်းစေတဲ့ အရောင် - ဝါညိုရောင် ၊ ပုလဲရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၅ ၊ ၉

ကံကောင်းစေတဲ့ အရပ် - မြောက် ၊ အနောက်

ကံကောင်းစေတဲ့ နေ့ရက် - စနေနေ့မွန်းလွဲပိုင်း ၊ သောကြာ

ယတြာ -  ဘုန်းကြီးကျောင်း ၊ သိမ် စတဲ့ သာသနာ့အဆောက်အဦမှာ သန့်ရှင်းရေး လုပ်ပေးပါ။

ကြာသပတေးနေ့ဖွား

အလုပ်အကိုင် - အရင်အပတ်က အဆင်မပြေသမျှ အလုပ်တွေက ဒီအပတ်မှာ အခြေအနေ ကောင်းလာမယ်။ လုပ်ကိုင်ကြိုးစားသမျှ အရာထင်လာပြီး ကိုယ့်အတွက် ထူးခြားတဲ့အခွင့်အလမ်းကောင်းတွေပါ ရရှိတတ်တယ်။ လုပ်ငန်းမှာ အများထက် ထူးပြီး နေရာကောင်းတွေ ရတတ်တယ်။ ရာထူး၊ အဆင့် တိုးတက်မြင့်မားတတ်တယ်။

ကျန်းမာရေး - ဒီအပတ်မှာ ကျန်းမာရေး အနည်းနဲ့အများ ချူချာနိုင်တယ်။ ဂရုစိုက်ဖို့ လိုမယ်။

လူမှုအိမ်ထောင် - အချစ်ရေး၊ အိမ်ထောင်ရေးကံဇာတာ ကောင်းမွန်နေမယ့်သီတင်းပတ် ဖြစ်တယ်။ လူငယ်တွေ ပျိုရွယ်သူတွေ ချစ်ရသူနဲ့ အတူနေချိန် များမယ်။ နှစ်ဦးနှစ်ဖက် နားလည်မှုတွေ ရယူနိုင်မယ်။ အိမ်ထောင်ရှင်၊ စုံတွဲတွေလည်း သာယာအေးချမ်းမယ့်ကာလ ဖြစ်တယ်။ လူမှုရေးမှာတော့ စိတ်ရှုပ်ရတာလေးတွေ ဖြစ်မယ်။

ကံကောင်းစေတဲ့ အရောင် - ပန်းရောင် ၊ အဝါ ၊ အနီရင့်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၃ ၊ ၆ ၊ ၅

ကံကောင်းစေတဲ့ အရပ် - အနောက် ၊ အရှေ့တောင်

ကံကောင်းစေတဲ့ နေ့ရက် - ကြာသပတေး ၊ တနင်္ဂနွေ

ယတြာ - တစ်ပတ်အတွင်း အိမ်ကဘုရားမှာ သီးစုံပဲဟင်း ၊ ကြာဆံကြော်တွေ မကြာခဏ လှူပေးပါ။

သောကြာနေ့ဖွား

အလုပ်အကိုင် - ဒီအပတ်မှာ လုပ်ငန်းစီးပွားကံတွေ တိုးတက်ပွင့်လန်းလာမယ်။ အရင်အပတ်က ခက်ခဲခဲ့သမျှ ဒီအပတ်မှာ လမ်းကြောင်းသင့် အဆင်ပြေလာဖို့ ရှိတယ်။ အလုပ်သစ်၊ အကြံအစည်သစ်တွေ စတင်နိုင်မယ်။ ငွေကြေးအရလည်း ကံကောင်းတတ်တယ်။ ဒါပေမယ့် လုပ်ငန်းကိစ္စ ခရီးတွေကတော့ ဟန်မကျဘဲ ဖြစ်နေမယ်။

ကျန်းမာရေး - ခေါင်းမူး၊ ခေါင်းနောက်တာ၊ အာရုံကြော အားနည်းတာမျိုး ဖြစ်တတ်တယ်။

လူမှုအိမ်ထောင် - တစ်ပတ်တာ ချစ်မှုရေးရာကံဇာတာ အားနည်းတတ်တယ်။ ချစ်ရသူနဲ့ ကိုယ့်ကြားမှာ အလှမ်း ကွာဟတာ၊ နားလည်မှု မရတာနဲ့ စိတ်ပျက်ရတာတွေ ဖြစ်လာနိုင်တယ်။ စုံတွဲတွေကြား ပြဿနာကြီးငယ်တွေ မကြာခဏ ဖြစ်တတ်တယ်။ လူမှုရေးပိုင်းမှာတော့ မိတ်ဆွေအပေါင်းအသင်းကြောင့် အဆင်ပြေမှု ဖြစ်လိမ့်မယ်။

ကံကောင်းစေတဲ့ အရောင် - ခရမ်းဖျော့ရောင် ၊ နက်ပြာရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၆ ၊ ၇ ၊ ၃

ကံကောင်းစေတဲ့ အရပ် - မြောက်

ကံကောင်းစေတဲ့ နေ့ရက် - သောကြာ

ယတြာ - စေတီတစ်ဆူရဲ့ စနေထောင့်မှာ အလင်းတိုင် ၁၀ တိုင်နဲ့ ဒန်း ၇ ညွှန့် လှူဒါန်းပေးပါ။

စနေနေ့ဖွား

အလုပ်အကိုင် - တစ်ပတ်တာ လုပ်ငန်းကံဇာတာ အတက်အကျ မြန်ဆန်နေတတ်တယ်။ အခုပဲ ကောင်းလိုက်၊ တော်ကြာ အဆင်မပြေ ဖြစ်လိုက်နဲ့ လုံးလည်ချာလည် ဖြစ်နေလိမ့်မယ်။ အစိုးရနဲ့ ပတ်သက်ရတဲ့လုပ်ငန်းကိစ္စ၊ စာရွက်စာတမ်းကိစ္စတွေ အဆင်မပြေဖြစ်တတ်တယ်။ ငွေဘယ်လောက်ဝင်ဝင် အဖတ်တင်ဘဲ ဖြစ်နေလိမ့်မယ်။

ကျန်းမာရေး - ရေချိုးမှားတာ၊ အအေးပတ်တာမျိုး ဖြစ်တတ်တယ်။ ဘေးဥပဒ်တော့ မဖြစ်နိုင်ပါ။

လူမှုအိမ်ထောင် - ဒီအပတ် အချစ်ရေး၊ အိမ်ထောင်ရေးနဲ့ ပတ်သက်လို့ စိတ်မကြည်လင်စရာတွေ များနေမယ်။ အချင်းချင်း အသေးအဖွဲကအစ အပြစ်မြင်လွယ်နေတတ်တယ်။ ဘေးလူတွေကလည်း ကြားဝင်ရှုပ်တတ်တယ်။ နှစ်ဦးသား သည်းခံစိတ်ရှည်မှ အဆ်ငပြေလိမ့်မယ်။ လူမှုရေးမှာ မိတ်ဆွေတွေကြောင့် စိတ်ပျက်ရတတ်တယ်။

ကံကောင်းစေတဲ့ အရောင် - အနက် ၊ နက်ပြာ ၊ အဝါ

ကံစမ်းနိုင်တဲ့ ဂဏန်း - ၇ ၊ ၅

ကံကောင်းစေတဲ့ အရပ် - အနောက်တောင်

ကံကောင်းစေတဲ့ နေ့ရက် - စနေ ၊ သောကြာ

ယတြာ - တစ်ပတ်အတွင်း အိမ်ကဘုရားမှာ နန်းကြီးသုပ် မကြာခဏ ကပ်လှူပေးရမယ်။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope




Some text some message..