ကြိုက်၊ မကြိုက် အရောင်တွေနဲ့ လူ့စိတ်နေစိတ်ထား
lotaya.mpt.com.mm
|
2023-09-13

လူတစ်ယောက် ဘယ်အရောင်ကို အကြိုက်ဆုံးလဲ ဆိုတာ သိရင် သူ့ရဲ့ စိတ်နေစိတ်ထား ဘယ်လိုလဲ ဆိုတာ အကဲခတ်နိုင်သလို ဘယ်အရောင်ကို မကြိုက်ဆုံးလဲ ဆိုတာ သိရင်လည်း စိတ်နေသဘာဝကို ခန့်မှန်း သိရှိနိုင်ပါတယ်။

အဖြူရောင် အကြိုက်ဆုံး - အရာရာကို အကောင်းမြင်သူ၊ ဟန်ဆောင်ပရိယာယ် ကြွယ်ဝသူ၊ အများနဲ့ အဆင်ပြေအောင် နေတတ်သူ ဖြစ်ပြီး အဖြူရောင် မကြိုက်ဆုံး ဆိုရင်တော့ မိတ်ဆွေကောင်း ပီသသူ၊ ရှေးရိုးစွဲဆန်ပြီး ရည်မှန်းချက်ကြီးသူ၊ ဇွဲလုံ့လ ရှိသူမျိုး ဖြစ်တယ်။

အနက်ရောင် အကြိုက်ဆုံး - နားလည်ရ ခက်ပြီး လျှို့ဝှက်သူ၊ အစွန်းရောက်သူ၊ အများနဲ့ဆန့်ကျင်သူ၊ အခက်အခဲတွေကို ဇွဲနဘဲနဲ့ ကျော်ဖြတ်နိုင်သူ ဖြစ်ပြီး အနက်ရောင်ကို လုံးဝ မကြိုက်ရင် ဘာပဲဖြစ်ဖြစ် အကောင်းမြင်ပေးတတ်သူ၊ သနားကြင်နာတတ်သူ ဖြစ်တယ်။

အနီရောင် အကြိုက်ဆုံး - စိတ်အားထက်သန်မှုအပြည့်နဲ့ ရှင်သန်သူ၊ ဒေါသထွက်လွယ် ခွင့်လွှတ်လွယ် နဲ့ အသစ်အဆန်းဆို ရှေ့ဆုံးတန်း ရောက်သူ၊ အတိုက်အခိုက် များတတ်သူ ဖြစ်ပြီး အနီရောင်ကို လုံးဝ မကြိုက်ရင် လူမသိသူမသိ ခံစားနာကျင်တတ်သူ၊ ပေါင်းသင်းရ ခက်သူ ဖြစ်တယ်။

အပြာရောင် အကြိုက်ဆုံး - အေးချမ်းတည်ငြိမ်မှုနဲ့ လွတ်လပ်ပေါ့ပါးမှုကို နှစ်သက်သူ၊ ဘယ်သူနဲ့မဆို အဆင်ပြေအောင် ပေါင်းတတ်သူ၊ ကူညီဖေးမတတ်သူ ဖြစ်ပြီး အပြာရောင်ကို လုံးဝ မကြိုက်ရင်တော့ အမြဲ သင်္ကာမကင်း ဖြစ်တတ်တဲ့၊ စိတ်ကျ၊ စိတ်လေတတ်တဲ့သူ ဖြစ်တယ်။

အစိမ်းရောင် အကြိုက်ဆုံး - ကိုယ့်ဖာသာ အေးအေးလေး နေတတ်ပြီး အရည်အချင်းတွေကို ပြနိုင်သူ၊ ရည်မှန်းချက် မြင့်မားပြီး စိတ်ထားလည်း နူးညံ့သူမျိုး ဖြစ်ပြီး အစိမ်းကို မကြိုက်ဆုံးဆိုရင် စိတ်ဓာတ်က ကြမ်းတမ်းပြီး ကိုယ်ချင်းစာစိတ် နည်းသူ၊ ရက်စက်တတ်သူ ဖြစ်တယ်။

အဝါရောင် အကြိုက်ဆုံး - တိုးတက်ကြီးပွားလိုစိတ် များပြီး အပြောင်းအလဲကို သဘောကျသူ၊ စိတ်ကူး ယဉ်တတ်သူ၊ တီထွင်ကြံဆမှု ကောင်းသူ၊ အများနဲ့သဟဇာတ ဖြစ်အောင် နေတတ်သူ ဖြစ်ပြီး အဝါကို လုံးဝ မကြိုက်ရင်တော့ လူအများနဲ့ မရောတတ်သူ၊ အထီးကျန်ဆန်သူ ဖြစ်နေတတ်တယ်။

ခရမ်းရောင် အကြိုက်ဆုံး - ဂမ္ဘီရနယ်ပယ်ကို စိတ်ပါဝင်စားသူ၊ စိတ်ကူးနဲ့ လွင့်နေတတ်သူ၊ ယုံကြည်မှု ပြင်းပြသူ၊ ဉာဏ်ကောင်းပေမယ့် တလွဲမျှော်လင့်ချက်ထားတတ်သူ ဖြစ်ပြီး ခရမ်းရောင်ကို မကြိုက်ဆုံး ဆိုရင် စိတ်ဓာတ် ကျလွယ်ပြီး အိပ်မက်နဲ့ လက်တွေ့ ကွာဟမှုကို မခံစားနိုင်သူ ဖြစ်တယ်။

ပန်းရောင် အကြိုက်ဆုံး - အနုအရွ၊ အလှအပတွေနဲ့ ပျော်မွေ့တတ်သူ၊ ဘဝကို ပေါ့ပေါ့ပါးပါးလေးသာ ဖြတ်သန်းလိုသူ၊ ခံစားချက်ကို ဦးစားပေးသူ၊ အများကို ဆွဲဆောင်လိုသူတွေ ဖြစ်ပြီး ပန်းရောင်ကိုတော့ မကြိုက်ဆုံးပါ ဆိုရင် သူတို့ဟာ လက်တွေ့ကျသူ၊ ရင့်ကျက်သူ၊ မာနကြီးသူ ဖြစ်တတ်ပါတယ်။

ဒါကတော့ အများ ရွေးချယ်တတ်တဲ့အကြိုက်ဆုံးနဲ့ မကြိုက်ဆုံး အရောင်တွေကို ကြည့်ပြီး လူတစ်ဦးရဲ့ စိတ်နေသဘောထားကို ခန့်မှန်းကြည့်တာပဲ ဖြစ်ပါတယ်။ နေ့စဉ် လူနေမှုဘဝမှာ အသုံးတည့်အောင်လို့ ဗေဒင်ဗဟုသုတအဖြစ် တင်ပြလိုက်ရပါတယ်။

ဧက (ဗေဒင်သုတ)

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope




Some text some message..