၇ ရက်သားသမီး အပတ်စဉ် ဗေဒင်ဟောစာတမ်း (၁၇.၉.၂၀၂၃ မှ ၂၃.၉.၂၀၂၂ အထိ)
lotaya.mpt.com.mm
|
2023-09-17

တနင်္ဂနွေနေ့ဖွား

အလုပ်အကိုင် - ဒီတစ်ပတ်လုံးမှာ အလုပ်နဲ့ ငွေကြေးစီးပွားအတွက် အားသွန်ခွန်စိုက် ကြိုးစားပေးရလိမ့်မယ်။ ဘယ်အရာမှ အလွယ်မရတဲ့အချိန် ဖြစ်လို့ ကိုယ့်ဘက်က စေ့စပ်သေချာအောင် လုပ်ရမယ်။ အလုပ်တွေ အရမ်း များပြီး ငွေအတွက်လည်း ပူပန်ရတတ်တယ်။ အတိုက်အခိုက် များပြီး ကိုယ်စိတ်နှစ်ပါး ပင်ပန်းမှု များလိမ့်မယ်။

ကျန်းမာရေး - နေထိုင်မကောင်း ဖြစ်တတ်ပြီး ဖြစ်ရင်လည်း တော်တော်နဲ့ နာလန်မထူနိုင် ဖြစ်မယ်။

လူမှုအိမ်ထောင် - ဒီအပတ် အချစ်ရေး၊ အိမ်ထောင်ရေးပိုင်းမှာ အကောင်းအဆိုးလေးတွေ ရောထွေးလိမ့်မယ်။ စိတ်ညစ်ရတာတွေ ရှိသလို ပျော်ရွှင်ရတာတွေလည်း ကြုံရမယ်။ ချစ်သူ၊ အိမ်ထောင်ဖက်အပေါ် သံသယတွေ များမိတတ်တယ်။ လူမှုရေးကဏ္ဍမှာ ရင်းနှီးသူတွေနဲ့ အခန့်မသင့် ဖြစ်တတ်ပြီး မိတ်ပျက်စရာလည်း ဖြစ်မယ်။

ကံကောင်းစေတဲ့ အရောင် - အဖြူ ၊ ပန်းရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း -  ၂ ၊ ၆ ၊ ဝ

ကံကောင်းစေတဲ့ အရပ် - မြောက် ၊ အနောက်တောင်

ကံကောင်းစေတဲ့ နေ့ရက် - ဗုဒ္ဓဟူး

ယတြာ - အိမ်ကဘုရားမှာ ဒိန်ချဉ် မကြာခဏ ကပ်လှူပါ။ မျက်နှာသစ်တော်ရေ နေ့စဉ် ကပ်ပါ။

တနင်္လာနေ့ဖွား

အလုပ်အကိုင် - အလုပ်ကံဇာတာ ကောင်းမွန်မယ့်ကာလ ဖြစ်ပြီး လုပ်ကိုင်ကြိုးစားတာတွေလည်း အောင်မြင်မှု ရလွယ်မယ်။ လုပ်ငန်းကနေလည်း အကျိုးအမြတ်ခံစားခွင့်တွေ ဝင်လာလိမ့်မယ်။ အလုပ်နဲ့ ပတ်သက်လို့ စိတ် ပင်ပန်းရတာတွေ ရှိပေမယ့် လုပ်ရကျိုး နပ်မယ်။ ရာထူးတိုး (သို့) အခွင့်အရေးအသစ်တွေ ရရှိလာတတ်တယ်။

ကျန်းမာရေး - ခေါင်းမူးခေါင်းနောက်တာ၊ အပြင်းဖျားတာနဲ့ အပူရှပ်တာတွေ သတိထားရမယ်။

လူမှုအိမ်ထောင် - တစ်ပတ်တာ မေတ္တာရေးကဏ္ဍမှာ စိတ်အေးချမ်းသာမှုတွေ ရလာမယ်။ လူပျိုလူလွတ်ဆိုရင် ဖူးစာဖက်၊ လက်တွဲဖော်နဲ့ ဆုံဆည်းရတတ်တယ်။ စုံတွဲတွေ၊ အိမ်ထောင်ရှင်တွေအဖို့ စိတ်ချမ်းသာပျော်ရွှင်တဲ့ သီတင်းပတ်ကို ဖြတ်သန်းရလိမ့်မယ်။ လူမှုပေါင်းသင်းဆက်ဆံရေးမှာ အကူအညီ၊ ပံ့ပိုးမှုတွေ ရရှိတတ်တယ်။

ကံကောင်းစေတဲ့ အရောင် - အနီရင့် ၊ အနက် ၊ အဖြူဖျော့

ကံစမ်းနိုင်တဲ့ ဂဏန်း - ၃ ၊ ၇ ၊ ဝ

ကံကောင်းစေတဲ့ အရပ် - အနောက်မြောက် ၊ အရှေ့

ကံကောင်းစေတဲ့ နေ့ရက် - ဗုဒ္ဓဟူး ၊ တနင်္လာ

ယတြာ - စေတီတစ်ဆူရဲ့ မွေးနံထောင့်မှာ စပယ်ပန်း ၃ ကုံး ကပ်လှူပြီး ဆုတောင်းရမယ်။

အင်္ဂါနေ့ဖွား

အလုပ်အကိုင် - လုပ်ငန်းစီးပွားနဲ့ ပတ်သက်လို့ လက်ခမောင်းခတ်လောက်အောင် တိုးတက်ကြီးပွားတတ်တယ်။ လုပ်ငန်းကနေ ဝင်ငွေအကျိုးအမြတ်တွေ ရရှိလာပြီး လက်ရှိအလုပ်အပြင် အသစ် တိုးချဲ့ရင်လည်း အောင်မြင်မှု ရတတ်တယ်။ ငွေရေးကြေးရေး လာဘ်ရွှင်တတ်ပြီး မျက်နှာသာရတာ၊ အခွင့်ထူးခံစားရတာတွေ ဖြစ်လာမယ်။

ကျန်းမာရေး - အရိုး၊ အကြောနဲ့ ပတ်သက်လို့ နည်းနည်း ဂရုစိုက်ရမယ်။ ဘေးဥပဒ်တော့ မရှိပါ။

လူမှုအိမ်ထောင် - အချစ်ရေး၊ အိမ်ထောင်ရေးကဏ္ဍမှာ အလိုမကျစရာတွေ များလာနိုင်တယ်။ အချင်းချင်းကြား စိတ်ကုန်တာ၊ စိတ်ပျက်တာတွေ ဖြစ်လွယ်တတ်တယ်။ ပျိုရွယ်သူတွေ ချစ်ရသူနဲ့ နားလည်မှု မရ ဖြစ်နေမယ်။ အလှမ်းကွာတာ၊ လွမ်းဆွေးခံစားရတာတွေ များမယ်။ လူမှုရေးမှာလည်း စိတ်ကသိကအောက် ဖြစ်လိမ့်မယ်။

ကံကောင်းစေတဲ့ အရောင် - မီးကျီခဲရောင်၊ အစိမ်းဖျော့ရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၃ ၊ ၄ ၊ ၈

ကံကောင်းစေတဲ့ အရပ် - အရှေ့တောင် ၊ အနောက်မြောက်

ကံကောင်းစေတဲ့ နေ့ရက် - အင်္ဂါ ၊ တနင်္လာ

ယတြာ - စေတီတစ်ဆူရဲ့ ဗုဒ္ဓဟူးထောင့်မှာ ဗုဒ္ဓဟူးနံသင့် (ဝါးညွှန့်၊ ရွက်လှပန်း) ကပ်လှူပါ။


MPT IPTV သို့သွားရန်နှိပ်ပါ ဗုဒ္ဓဟူးနေ့ဖွား

အလုပ်အကိုင် - ဒီအပတ်မှာ ကိုယ်က သေချာစီစဉ် လုပ်ကိုင်နေတဲ့ကြားက အမှားအယွင်းတွေ ဖြစ်တတ်တယ်။ လုပ်ငန်းစီးပွား မတည်မငြိမ် ဖြစ်လာနိုင်ပြီး ကောင်းလိုက်၊ ညံ့လိုက်နဲ့ လုံးလည်ချာလည် လိုက်နေတတ်တယ်။ ငွေဝင်မလိုလိုနဲ့ မရသေးဘဲ ဖြစ်နေမယ်။ ကြားလူတွေ သတိထားရမယ်။ ကိုယ်တိုင် ဆုံးဖြတ်လုပ်ကိုင်ရမယ်။

ကျန်းမာရေး - တစ်ပတ်လုံးမှာ ကျန်းမာဘေးကင်းမယ်။ ရောဂါဘယ ကြီးကြီးမားမား မဖြစ်နိုင်ပါ။

လူမှုအိမ်ထောင် - ဒီအပတ် မေတ္တာရေးမှာ ပေါက်ကွဲချင်စရာ၊ ဒေါသထွက်စရာတွေ ခံစားရတတ်တယ်။ ကိုယ်နဲ့ ချစ်ရသူကြားမှာ ဘေးလူတွေက နှောင့်ယှက်တတ်တယ်။ ချစ်ရသူအတွက်လည်း ပူပန်သောက များရမယ်။ လူမှုရေးကဏ္ဍမှာ စိတ်မကြည်မလင် ဖြစ်တတ်တယ်။ သူခိုးသူဝှက်ရန်ရှိလို့ ဂရုစိုက်သွားလာ နေထိုင်သင့်တယ်။

ကံကောင်းစေတဲ့ အရောင် - အစိမ်း ၊ အဖြူ

ကံစမ်းနိုင်တဲ့ ဂဏန်း - ၄ ၊ ၂ ၊ ၉

ကံကောင်းစေတဲ့ အရပ် - တောင် ၊ အရှေ့တောင်

ကံကောင်းစေတဲ့ နေ့ရက် - ဗုဒ္ဓဟူး ၊ စနေ

ယတြာ - စေတီတစ်ဆူရဲ့မွေးနံထောင့်မှာ ရွှေပြား ၄ ပြား ကပ်လှူ ပူဇော်ပေးရမယ်။

ရာဟုဖွား

အလုပ်အကိုင် - လုပ်လက်စတွေ မပြတ်နိုင်တာ၊ လုပ်ငန်းစီးပွား လည်ပတ်မှု မမှန်တော့တာတွေ ကြုံလာရမယ်။ တစ်ပတ်တာအတွင်း အလုပ်ကနေ အကျိုးအမြတ်လည်း သိပ်မကောင်းဘဲ ဖြစ်နေမယ်။ မလိုအပ်ဘဲ လုပ်ငန်းကို တိုးချဲ့တာ၊ အသစ် စမ်းသပ်တာတွေ ရှောင်ရမယ်။ ငွေရေးကြေးရေးမှာ ကြွေးဟောင်းပြဿနာတွေ ဖြစ်မယ်။

ကျန်းမာရေး - အကောင်းကြီးကနေ ရုတ်တရက် နေထိုင်မကောင်း ထဖြစ်တတ်တယ်။ ဂရုစိုက်ရမယ်။

လူမှုအိမ်ထောင် - အချစ်ရေး၊ အိမ်ထောင်ရေးမှာ ပြ  ဿနာ ကြီး၊ငယ်မရွေး ပေါ်လာတတ်တယ်။ သည်းခံလိုစိတ် ဖေးမလိုစိတ်တွေ နည်းပြီး ထစ်ခနဲဆို ပေါက်ကွဲလွယ်နေတတ်လို့ ဒါကိုတောာ့ ဆင်ခြင်ရလိမ့်မယ်။ လူမှုရေးနဲ့ ပေါင်းသင်းဆက်ဆံရေးမှာတော့ မိတ်ဆွေကောင်းတွေ ရှိမယ်။ ကိုယ့်အတွက် အကူအညီတွေလည်း ရရှိမယ်။

ကံကောင်းစေတဲ့ အရောင် - အညို ၊ အနက် ၊ ကော်ဖီရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၃ ၊ ၈

ကံကောင်းစေတဲ့ အရပ် - တောင်

ကံကောင်းစေတဲ့ နေ့ရက် - အင်္ဂါ ၊ ဗုဒ္ဓဟူး

ယတြာ -  စေတီတစ်ဆူရဲ့မွေးနံ (ရာဟု) ထောင့်မှာ အလင်းတိုင် ၈ တိုင်နဲ့ အမွှေးတိုင် ၄ တိုင် ပူဇော်ပါ။

ကြာသပတေးနေ့ဖွား

အလုပ်အကိုင် - ဒီအပတ်မှာ အလုပ်တွေက ရှေ့တိုးရ၊ နောက်ဆုတ်ရခက်တဲ့အခြေအနေမျိုး ဖြစ်တတ်တယ်။ လုပ်သာလုပ်နေပြီး ဘာမှ မထူးသလို ခံစားရမယ်။ အလုပ်ထဲ စိတ်မပါတာ၊ ကိုယ်ရေးကိုယ်တာနဲ့ ရှုပ်နေတာမျိုး ဖြစ်နေပြီး အလုပ်ကို ထိထိရောက်ရောက် မလုပ်နိုင်ဘဲ ဖြစ်တတ်တယ်။ ငွေလည်း အလီလီ ခွဲယူရတတ်တယ်။

ကျန်းမာရေး - စိတ်ရောလူပါ ရှုပ်ထွေးနေတတ်ပေမယ့် ကျန်းမာရေးအညံ့တော့ မရှိနိုင်ပါ။

လူမှုအိမ်ထောင် - ပျိုရွယ်သူတွေ ချစ်ရေးချစ်ရာကိစ္စမှာ အားကိုးလောက်သူနဲ့ ဆုံရတတ်တယ်။ ကိုယ့်ထက် အဆင့်အတန်း မြင့်သူမျိုးနဲ့ ဖူးစာဆုံခွင့် ရမယ်။ ချစ်သူရည်းစား၊ အိမ်ထောင်ရှင်တွေလည်း စိတ်ချမ်းသာရမယ့် ကာလ ဖြစ်တယ်။ လူမှုရေးပိုင်းမှာတော့ သဘောကွဲလွဲမှုတွေ ဖြစ်တတ်ပြီး သူများကိစ္စမှာ ကြားညပ်လိမ့်မယ်။

ကံကောင်းစေတဲ့ အရောင် - အဖြူ ၊ ပုလဲရောင်၊ အနီ

ကံစမ်းနိုင်တဲ့ ဂဏန်း - ၂ ၊ ၃ ၊ ၉

ကံကောင်းစေတဲ့ အရပ် - အရှေ့တောင် ၊ အရှေ့

ကံကောင်းစေတဲ့ နေ့ရက် - ဗုဒ္ဓဟူး ၊ ကြာသပတေး

ယတြာ - ဆေးရုံတွေမှာ တစ်နေ့တာ အာဟာရဓာတ်စာ လှူပေးပါ။ အလှူငွေလည်း ထည့်လို့ ရတယ်။

သောကြာနေ့ဖွား

အလုပ်အကိုင် - ငွေကြေးစီးပွား၊ လုပ်ငန်းကဏ္ဍမှာ နည်းနည်း လုပ်ရုံနဲ့ များများ အကျိုးခံစားခွင့်တွေ ရလာမယ်။ လာဘ်လာဘတွေ ဝင်လာပြီး ငွေကြေးအမြတ်အစွန်းလည်း ရလွယ်တတ်တယ်။ ဒါပေမယ့် ကိုယ်က အလုပ်မှာ စိတ်မဝင်စားတာ၊ အာရုံ များတာတွေကြောင့် အခွင့်ကောင်းနဲ့ လွဲရတတ်တယ်။ အလုပ်ကို အာရုံစိုက်ရမယ်။

ကျန်းမာရေး - သာမန်ထက် ကျန်းမာရေး နိမ့်ပါးတတ်တယ်။ ရောဂါအခံရှိသူဆို ဂရုစိုက်ရလိမ့်မယ်။

လူမှုအိမ်ထောင် - ဒီအပတ်ထဲ အချစ်ရေး၊ အိမ်ထောင်ရေးပိုင်းမှာ ဘုနဲ့ဘောက်လို ဖြစ်နေမယ်။ အချင်းချင်းကြား နားလည်မှု လွဲပြီး တကျက်ကျက်နဲ့ မကြာခဏ ရန်ဖြစ်နေတတ်တယ်။ ဒါပေမယ့် ပြီးတော့လည်း ခဏနဲ့ ပြန်ပြီး အဆင်ပြေသွားလိမ့်မယ်။ လူမှုဆက်ဆံရေးမှာ ကိုယ့်ကို ကူညီဖေးမသူတွေ ရှိမယ်။ မိတ်ဆွေကောင်း ရမယ်။

ကံကောင်းစေတဲ့ အရောင် - အနက် ၊ အနီရင့် ၊ အစိမ်းဖျော့

ကံစမ်းနိုင်တဲ့ ဂဏန်း - ၂ ၊ ၃

ကံကောင်းစေတဲ့ အရပ် - အနောက်တောင်

ကံကောင်းစေတဲ့ နေ့ရက် - တနင်္လာ ၊ သောကြာ

ယတြာ - တနင်္လာနေ့ မနက်စောစော ဘုရားမှာ ဆီထမင်းနဲ့ လက်ဖက်ရည် ကပ်လှူပေးရမယ်။

စနေနေ့ဖွား

အလုပ်အကိုင် - တစ်ပတ်တာ လုပ်ငန်းစီးပွားအခြေအနေက လုပ်ရကိုင်ရ ကျပ်တဲ့သဘောမှာ ရှိမယ်။ အလုပ် ဒဏ်ပိတာ၊ ပင်ပန်းရတာတွေ များမယ်။ ကြိုးစားသလောက် အရာမထင်ဘဲ ဖြစ်နေမယ်။ လုပ်ငန်းလည်ပတ်မှု ကြန့်ကြာတတ်တယ်။ အလုပ်ပြောင်းချင်စိတ် ဖြစ်ပေါ်တတ်တယ်။ ငွေဝင်ခါနီးမှာ အမျိုးမျိုး စောင့်ဆိုင်းရမယ်။

ကျန်းမာရေး - အသေးအဖွဲ ထိမိခိုက်မိတာလေးတွေ ဖြစ်တတ်တယ်။ ဘေးဥပဒ်တော့ မရှိပါ။

လူမှုအိမ်ထောင် - ဒီအပတ် မေတ္တာရေးပိုင်းမှာ စိတ်နှလုံး ပူပန်ကြောင့်ကျရတာတွေ များမယ်။ အချင်းချင်းကြား မသင့်မမြတ် ဖြစ်လွယ်နေပြီး ကြားလူတွေကြောင့်လည်း စကားများရတတ်တယ်။ မိသားစုဝင်တွေကြောင့်ပါ အိမ်ထောင်ရေးပြဿနာ ပေါ်တတ်တယ်။ လူမှုရေးမှာတော့ ကံကောင်းမယ်။ လူကောင်းသူကောင်းနဲ့ ကြုံမယ်။

ကံကောင်းစေတဲ့ အရောင် - နက်ပြာ ၊ ဖက်ဖူးစိမ်းရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၄ ၊ ၇ ၊ ဝ

ကံကောင်းစေတဲ့ အရပ် - အနောက်တောင် ၊ တောင်

ကံကောင်းစေတဲ့ နေ့ရက် - စနေ ၊ အင်္ဂါ

ယတြာ - စေတီတစ်ဆူရဲ့ မွေးနံ (စနေ) ထောင့်မှာ ရွှေထီး (အသေး) တစ်လက် ကပ်လှူပေးပါ။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope




Some text some message..