အပြောင်းအရွှေ့ ရှိ၊ မရှိ တွက်ကြည့်နိုင်သော မြန်မာ့ဗေဒင်ကိန်း
lotaya.mpt.com.mm
|
2023-11-01

ဒီနှစ်ထဲမှာ ခရီးတွေ ခဏခဏ ထွက်ရမလား၊ အိုးအိမ်နေရာ (သို့) အလုပ်၊ ဌာန အပြောင်းအရွှေ့များ ရှိမလား ဆိုတာ ကိုယ်တိုင် တွက်ကြည့်နိုင်တဲ့ မြန်မာ့ရိုးရာဗေဒင်ကိန်းတစ်ခုကို ဖော်ပြပေးချင်ပါတယ်။

အရင်ဆုံးအနေနဲ့ တနင်္ဂနွေသားသမီး ဆိုရင် (၁) ၊ တနင်္လာသားသမီးဆို (၂) စသဖြင့် နေ့နံသင်္ချာကို သိထားရပါမယ်။ ပြီးရင် ပါပ၊ သောမ ဆိုတဲ့ ဂြိုဟ်တွေကို သိထားရပါမယ်။

ရိုးရာဗေဒင်အရ ပါပဂြိုဟ်တွေက တနင်္ဂနွေ (၁) ၊ အင်္ဂါ (၃) ၊ စနေ (ဝ) ၊ ရာဟု (၈) ဂဏန်းတွေ ဖြစ်ပြီး သောမဂြိုဟ်တွေက တနင်္လာ (၂) ၊ ဗုဒ္ဓဟူး (၄) ၊ ကြာသပတေး (၅) ၊ သောကြာ (၆) ဖြစ်ပါတယ်။

ဒါလောက်ဆို အခြေခံအဆင့်ကို နားလည်လောက်ပြီ ဖြစ်လို့ တွက်ပုံတွက်နည်းလေး ပြောပါမယ်။

ပထမဆုံး ကိုယ့်ရဲ့ မြန်မာမွေးသက္ကရာဇ်ထဲက လက်ရှိ ရောက်ဆဲအသက်ကို နူတ်ပါ။ ပြီးရင် မွေးနံနဲ့ မြှောက်ပါ။ မြှောက်ရကိန်းကို ၇ နဲ့စားပါ။ ရလာတဲ့အကြွင်းက ပါပဂြိုဟ်တွေ ဖြစ်နေရင် ဒီနှစ်အတွင်း ခရီး ယာယီတွေ များမယ်၊ အပြောင်းအရွှေ့ ရှိနိုင်တယ်လို့ အဖြေ ရပါမယ်။

တကယ်လို့ သောမဂြိုဟ်တွေ ဖြစ်နေရင်တော့ ခရီး (မထွက်ဖြစ်သလောက်) နည်းမယ်။ ပြောင်းရွှေ့ကံ မပါသေးဘူးလို့ အဖြေ ထွက်ပါမယ်။ ဥပမာလေးတစ်ခု တွက်ပြပါမယ်။

မြန်မာနှစ် ၁၃၃၅ ခုနှစ် မှာ မွေးတဲ့ ကြာသပတေးသား ဆိုပါစို့။ ဒီနှစ်ဟာ ၁၃၈၅ ဖြစ်လို့ အသက် ၅၀ ပြည့်ပြီး ၅၁ ထဲ ရောက်နေပြီ ဆိုပါစို့။ (အသက်မှန် တွက်ရင် ပြည့်တဲ့အသက်ကို တစ်ထည့်ပေါင်းပါ)

မွေးသက္ကရာဇ် ၁၃၃၅ ထဲက အသက် ၅၁ ကို နူတ်ရင် ၁၂၈၄ ရပါမယ်။ အဲဒီ ၁၂၈၄ ကို ကြာသပတေး မွေးနံ ဖြစ်လို့ (၅) နဲ့ မြှောက်ပါ။ ၆၄၂၀ ရပါမယ်။ အဲဒီ ၆၄၂၀ ကိုမှ (၇) နဲ့ ထပ်စားပါ။ အကြွင်း (၁) ရပါတယ်။

မွေးသက္ကရာဇ်   - ၁၃၃၅

အသက်မှန်       - ၅၁

နူတ်လိုက်ပါက - ၁၂၈၄

မွေးနံနှင့် မြှောက်          - ၁၂၈၄ × ၅ = ၆၄၂၀

၇ နှင့် စားသော်             - (၁) ကြွင်း

အကြွင်း (၁) ဟာ ပါပဂြိုဟ်အုပ်ထဲမှာ ပါတဲ့ တနင်္ဂနွေ (၁) ဂဏန်း ဖြစ်လို့ ဇာတာရှင်ဟာ လက်ရှိ အသက် ၅၁ နှစ်ထဲမှာ ခရီးတွေ များလာမယ်၊ အပြောင်းအရွှေ့ ရှိမယ်လို့ အဟော ထွက်ပါတယ်။

(တကယ်လို့ အကြွင်းက သောမဂြိုဟ်အုပ်စု ဖြစ်တဲ့ ၂ ၊ ၄ ၊ ၅ ၊ ၆ ဆိုရင်တော့ အပြောင်းအရွှေ့ မရှိ လို့ ဟောဆိုရမှာပါ)

ဒီဗေဒင်ကိန်းလေးဟာ ရှေးရိုးရာ မြန်မာ့ဗေဒင်နည်းတစ်လက် ဖြစ်ပြီး လက်ရှိရောက်ဆဲအသက်မှာ ခရီး သွားဖြစ်မလား၊ အပြောင်းအရွှေ့ ပါမလား ဆိုတာတွေကို ပေါင်းနူတ်မြှောက်စား လုပ်ရုံနဲ့ အလွယ်လေး သိနိုင်တဲ့အတွက် ဗေဒင်ဝါသနာရှင်တွေ တွက်ကြည့်နိုင်အောင် ဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်။

မြန်မာ့ရိုးရာဗေဒင်ပညာ အစဉ် တည်တံ့စေလိုသော ဆန္ဒဖြင့်…

ဧက (ဗေဒင်သုတ)

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope




Some text some message..