
ရှေးနှစ်ပေါင်းများစွာတည်းက ဆရာအဆူဆူက ကျမ်းအဆူဆူ ပြုစုပြီး သုတေသနတွေ ဆင့်ပွားတီထွင်လာတဲ့ ဂဏန်းဗေဒင်ပညာမှာ လူတစ်ယောက်ရဲ့ဘဝက ဘယ်နှစ်ကာလမှာ အပြောင်းအလဲကြီးတွေနဲ့ ကြုံတွေ့မလဲ ဆိုတာ မှန်းဆနိုင်တဲ့ နည်းလမ်းတွေ ရရှိခဲ့ပါတယ်။
ဒီဂဏန်းဗေဒင်နည်းစနစ်တွေထဲက အများ နားလည်လွယ်ပြီး ကိုယ်တိုင် တွက်ကြည့်နိုင်မယ့်နည်းလမ်းတစ်ခုကို ကောက်နူတ်ဖော်ပြပေးလိုက်ပါတယ်။ ဒီနည်းနဲ့ တွက်မယ်ဆိုရင် မိမိရဲ့ အင်္ဂလိပ်လို မွေးရက်၊ မွေးလ၊ မွေးနေ့ကို မဖြစ်မနေ သိထားရပါမယ်။
တွက်နည်းက လွယ်ပါတယ်။ မိမိရဲ့အင်္ဂလိပ်လိုမွေးရက်၊ မွေးလ၊ မွေးနှစ်တွေကို အောက်ဖော်ပြပါ ဥပမာအတိုင်း ပေါင်းကြည့်ပါ။ ဥပမာ - ၂၅ ရက် ၊ ၁၁ လပိုင်း ၊ ၁၉၉၃ ခုနှစ်မှာ မွေးဖွားတယ် ဆိုပါစို့။
၂၅ + ၁၁ + ၁၉၉၃ မှာ မွေးရက်နဲ့ မွေးလတွေကို တစ်လုံးချင်း ကျန်အောင်ပေါင်းပါ။
မွေးရက် ၂၅ (၂+၅ = ၇) မွေးလ ၁၁ (၁+၁ = ၂) မွေးနှစ် ၁၉၉၃
၇ + ၂ + ၁၉၉၃ = ၂၀၀၂
အဲဒီ ၂၀၀၂ ခုနှစ်ဟာ ပထမဆုံး ဘဝအခြေအနေ (သို့) ဘဝလမ်းကြောင်း စတင် ပြောင်းလဲမယ့်နှစ် ဖြစ်ပါတယ်။ ပြီးရင် ၂၀၀၂ ရဲ့ နောက်ဆုံးဂဏန်းနှစ်လုံး ဖြစ်တဲ့ ၀၂ (၀ + ၂ = ၂) ကို ၂၀၀၂ နဲ့ ထပ်ပေါင်းပါ။
၂၀၀၂ + ၂ = ၂၀၀၄ ရပါမယ်။ ဒါက ဒုတိယမြောက် ဘဝအပြောင်းအလဲ ဖြစ်တတ်တဲ့နှစ်ပါ။ ၂၀၀၄ ရဲ့ အဆုံး ဂဏန်းနှစ်လုံး ဖြစ်တဲ့ ၀၄ (၀ + ၄ = ၄) ကို ၂၀၀၄ နဲ့ ထပ်ပေါင်းပါ။
၂၀၀၄ + ၄ = ၂၀၀၈ ဟာ တတိယမြောက် ဘဝအချိုးအကွေ့ ဖြစ်လာမယ့်နှစ်ပါ။ ပြီးရင် ၂၀၀၈ ရဲ့နောက်ဆုံး ဂဏန်းနှစ်လုံး ဖြစ်တဲ့ ၀၈ (၀ + ၈ = ၈) ကို ၂၀၀၈ နဲ့ ဆက်ပေါင်းပါ။
၂၀၀၈ + ၈ = ၂၀၁၆ ရပါမယ်။ ဒါဟာ စတုထ္ထမြောက် ဘဝအခြေအနေ ပြောင်းလဲသွားတတ်တဲ့နှစ် ဖြစ်ပါတယ်။ အဲဒါကိုပဲ ဆက်ပေါင်းပါမယ်။ ၂၀၁၆ ရဲ့နောက်ဆုံးဂဏန်းနှစ်လုံး ဖြစ်တဲ့ ၁၆ (၁+၆ = ၇) ကို ၂၀၁၆ နဲ့ ပေါင်းပါ။
၂၀၁၆ + ၇ = ၂၀၂၃ ရပါတယ်။ ဒါတော့ ပဉ္စမမြောက် ဘဝလမ်းကြောင်း အပြောင်းအလဲကို ဆောင်ယူလာတဲ့ နှစ် ဖြစ်ပါတယ်။ ဒီနည်းအတိုင်း ဆက်ပေါင်းသွားမယ်ဆိုရင် ဇာတာရှင်ရဲ့ ဘဝတစ်လျှောက် အလှည့်အပြောင်း ဖြစ်လာနိုင်တဲ့နှစ်တွေကို ကြိုတင် မှန်းဆနိုင်မှာ ဖြစ်ပါတယ်။
ဒီနည်းစနစ်မှာ မှတ်သားစရာ နှစ်ချက် ရှိပါတယ်။
ပထမအချက်က မိမိ မွေးရက်၊ မွေးလ၊ မွေးနှစ် သုံးမျိုး ရှိရာမှာ မွေးရက်နဲ့ မွေးလကို ဦးစွာ ဂဏန်းတစ်လုံးတည်း ရအောင် ပေါင်းရမှာ ဖြစ်ပြီး ရလာတဲ့ ဂဏန်းတွေကိုမှ မွေးနှစ်နဲ့ ဆက်ပေါင်းခြင်းဖြင့် ပထမမြောက်ဘဝကံဇာတာ အပြောင်းအလဲကို သိရမှာ ဖြစ်ပါတယ်။
ဒုတိယအချက်က နောက်ပိုင်း ဆက်ပေါင်းသွားတဲ့အခါမှာ ဘဝအပြောင်းအလဲနှစ်ရဲ့ နောက်ဆုံးဂဏန်းနှစ်လုံးကို တစ်လုံးတည်း ရအောင် ပေါင်းယူပြီး နောက်ထပ် အပြောင်းအလဲဖြစ်မယ့်နှစ်တွေကို တွက်ယူရတာ ဖြစ်ပါတယ်။
ဖော်ပြပါ ဥပမာအတိုင်း ကိုယ့်မွေးနှစ် Date of Birth အချက်အလက်တွေနဲ့ ဘယ်နှစ်ကာလတွေမှာ ကံဇာတာ အချိုးအကွေ့၊ အပြောင်းအလဲတွေ ဖြစ်လာနိုင်သလဲဆိုတာ ကြိုတင် သိရှိထားမယ်ဆိုရင် ကိုယ့်ဘက်ကလည်း ပြင်ဆင်စရာ ရှိတာတွေကို ကြိုပြင်ထားနိုင်မှာ အသေချာပါပဲ။
ဂဏန်းဗေဒင်သုတ ရရှိကြပါစေ
ဧက (ဗေဒင်သုတ)
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_horoscope